“သိတော့ သိနေတယ် ဒါပေမယ့်…..”

 

 

မဟာသကျသီဟ(အများ အခေါ် စက်ကြာသီဟ) ဘုရားပါတ်ဝန်းကျင် အထူးသဖြင့် လမ်း၃ဝနဲ့၃၂လမ်းကြားက အရှုပ်ဆုံးပါဘဲ။

ဒီပါတ်ဝန်းကျင်မှာက လက်ကားဖြန့်တဲ့ဆိုင်ကြီးတွေရှိကြပါတယ်။

ဆီပွဲရုံ ဆန်ပွဲရုံ ထန်းလျက်ပွဲရုံ ဆားပွဲရုံ တွေရှိတော့ အတော်လေးစည်ကားသပေါ့။

ဟိုအရင်က ဒီနားပါတ်ဝန်းကျင်က ပန်းဒိုင်လဲရှိ မြစ်သားကျောက်ဆည်ကားဂိတ်တွေလဲရှိ

ဆိုတော့ပိုပြီးစည်ကားခဲ့ပါတယ်။

အခုချိန်မှာတော့ ပန်းသည်တွေကိုလဲ ဧရာဝတီကမ်းနံဘေး မရမ်းခြံဆိပ်ကိုရွှေ့လိုက်ပါတယ်။

ကားဂိတ်တွေကိုလဲကားကြီးဝင်းဘက်ကို ရွှေ့လိုက်ပြန်ပါတယ်။

ဒါပေမယ့်ပန်းလက်လီရောင်းတဲ့ ဈေးတန်းလေးက၃၁လမ်းနဲ့၈၅လမ်းဒေါင့်မှာတန်းစီပြီးဖွင့်ထားတဲ့အပြင်ကားဂိတ်တွေကလဲ

ဒီပါတ်ဝန်းကျင်မှာဘဲလာလာပြီး ခရီးသည်စောင့်ကြ

ကုန်တင်ကြနဲ့ဆိုတော့ လမ်းက အမြဲကျပ်ပိတ်လို့နေပါတယ်။

ကားဂိတ်ထိုးထားတယ်ဆိုတော့ ကုန်လာပို့တဲ့ ဆိုက်ကားတွေ တွန်းလှည်းတွေ

ခေါက်တိုကားတွေနဲ့ ဆိုပြန်တော့ရှုပ်သထက်ရှုပ်ပါဘဲ။

ဒီ၈၅လမ်းက အရင်ကလမ်းကျဉ်းကျဉ်းလေးမို့ကားကျပ်တယ်လို့ ဆိုကြပါတယ်။

အခုလမ်းချဲ့ပြီးပြင်လိုက်တော့ အရင်ထက် နှစ်ဆလောက်ကျယ်လာပါတယ်။

ဒါပေမယ့် လမ်းက ကျပ်မြဲပိတ်မြဲ။

 

အခုရက်ပိုင်းမှာ စည်ပင်ရယ် ရဲတပ်ဖွဲ့ရယ် ပေါင်းပြီး စည်းမဲ့ကမ်းမဲ့ရပ်ထားတဲ့ကားတွေကိုဖမ်းပါတယ်။

လမ်းပြောင်းပြန်ရပ်တာတို့ ယာဉ်နှစ်ထပ်ရပ်တာတို့ကိုဖမ်းတာပေါ့။

တစ်ရက် ကျနော်ကလဲ မဒမ်ဘုရားပန်းသွားဝယ်တာကို လမ်းဘေးကရပ်စောင့်နေတဲ့အချိန်နဲ့

အဲဒီဖမ်းကားလာတဲ့အချိန်နဲ့ဆုံပါတယ်။

ကျနော်ရောက်လို့ မှ ဆိုင်ကယ်လေးရပ်ခါရှိသေးတယ် ကားတွေဝုန်းဝုန်းနဲ့ဒရောသောပါး

ထွက်ပြေးကြတာကို တွေ့တော့ ကျနော်တောင်လန့်သွားပါတယ်။

မီးလောင်တာလား ဘာလားပေါ့၊

ဘာများပြဿနာတက်လဲပေ့။

နောက်မှ တောင်ဘက်က မောင်းဝင်လာတဲ့စည်ပင်ကားရယ် ဆိုင်ကယ်နဲ့လာတဲ့ ရဲတွေရယ်

တွေ့မှ ကားဖမ်းပွဲ ဆိုတာကို သဘောပေါက်သွားပါတယ်။

 

အဲဒီအဖမ်းကားက ကျနော်ရပ်နေတဲ့ နေရာမှာလာရပ်ပါတယ်။

ဆိုင်ကယ်နဲ့လိုက်လာတဲ့ သူတွေကတော့ ထွက်မပြေးဘဲ (ထွက်ပြေးခွင့်မသာလို့)

ကျန်နေတဲ့ကားတွေက ယာဉ်မောင်းတွေကိုခေါ်လာပါတယ်။

စည်ပင်ကားပေါ်က ရှေ့ခန်းမှာက အရာရှိနဲ့ယာဉ်မောင်းတစ်ယောက်ထိုင်နေပါတယ်။

နောက်ခန်းမှာတော့ ဝန်ထမ်းနှစ်ယောက်။

တစ်ယောက်က ငွေသိမ်း တစ်ယောက်က ဘောက်ချာဖြတ်။.

လမ်းဘေးမှာစည်းမဲ့ကမ်းမဲ့ရပ်တဲ့ကား တစ်စီးငါးထောင် ဒဏ်ရိုက်ပါတယ်။

ကားလေးငါးဆယ်စီးထက်မနည်းအ ဖမ်းခံရတာပါ။

အဲလို ဒဏ်ဆောင်နေကြတဲ့နေရာကို ခပ်ဝဝ မျက်နှာထားတင်းတင်းနဲ့ လူတစ်ယောက်ရောက်လာပါတယ်။

 

“ ခင်ဗျားတို့ အဖွဲ့ခေါင်းဆောင် က ဘယ်သူလဲ  “

အဲလိုမေးတော့ ကားရှေ့ခန်းထဲက ခေါင်းလေးတစ်ခေါင်းပြူထွက်လာပြီး

 

“ ကျနော်ပါခင်ဗျ  “

“ ကျုပ်ကလဲ မနေနိုင်လို့ဝင်ပါလိုက်အုံးမယ် ခင်ဗျားတို့ ကားဖမ်းတဲ့နည်းကမှားနေတယ်ဗျ  “

“ ဘယ်လိုများ မှားနေသလဲဗျ ပြောစမ်းပါအုံး “

“ ခင်ဗျားတို့ဖမ်းတဲ့အချိန်လေးဘဲ ခဏရပ်တဲ့ကားတွေဘဲ အဖမ်းခံနေရတာ တစ်နေကုန်ကျောက်ချ ရပ်နေတာတွေကြတော့ လွတ်နေတယ်“

“ ဆရာကြီးရာ ကျနော်တို့လဲ ရှိတဲ့ လူနည်းနည်းလေးနဲ့ နိုင်သလောက်လုပ်နေရတာပါ  “

“ ကျုပ်လဲ အဲဒါဘဲ ပြောချင်တာ ခင်ဗျားတို့က မစို့ မပို့လေး အဖမ်းပြနေတော့ လူတွေကို ရှောင်တတ် တိမ်းတတ်ရင် အဖမ်းမခံရဘူး ဆိုတာကို သင်ပေးနေသလိုဘဲ  “

“ ဟုတ်တော့ဟုတ်ပါတယ်  “

“ ဆိုင်ကယ်တွေဖမ်းလိုက်ရင် လည်း အတူတူဘဲ လမ်းပေါ်မှာတစ်ချိန်လုံး ဗြူးဗြဲ နဲ့ လုပ်နေတဲ့ကောင် ဘယ်တော့မှ အဖမ်းမခံရဘူး   “

“ ဆက်ပြောပါအုံးဆရာကြီး  “

“ ဆပ်ပရိုက်ချက်မှာအဖမ်းခံရလိုက်တဲ့သူတွေလိုက်ကြည့် မရှောင်နိုင်မတိမ်းနိုင်တဲ့လူတွေဘဲအဖမ်းခံရတာဗျာ ကျုပ်ပြောချင်တာက စည်းကမ်းဖောက်တာခြင်းအတူတူ ပြေးနိုင်တဲ့ကောင် ခင်ဗျားတို့ဖမ်းတဲ့ကားနဲ့ ထိပ်တိုက်မတိုး တဲ့ ကောင်က လွတ်နေတာ သဘာဝမကျဘူးဗျ  “

အဲဒီအခါ ကားထဲကလူက တံခါးဖွင့်ပြီး ဆင်းလာပါတယ်ပြီး လူဝကြီးရဲ့

လက်ကို ဆွဲကိုင်ပြီး

“ ဟုတ်တာပေါ့ ဆရာကြီးရာ ကျနော်တို့လည်း ကွက်ပြီးလုပ်တာတော့ မဟုတ်ပါဘူး

အထက်က ချမှတ်ပေးရတဲ့ အတိုင်းပါဘဲ  “

“ ဒါဆို အထက်ကို ပြန်ပြီး တင်ပြပေါ့ဗျ  “

“ အခုဖမ်းထားတဲ့ ကားတွေ ယာဉ်နှစ်ထပ်ရပ်လို့ ဖမ်းသာဖမ်းရတယ် သူတို့မှာ ရပ်စရာ မရှိတာလဲ သိပါတယ်။ အချို့ဖမ်းခံရတဲ့ ကားတွေဆို  ကုန်ခဏလေးရပ်တင်တာ မှန်းသိပါတယ်။

ဆရာကြီးအမြင်ဘဲဗျာ သွားဘို့ခင်းပေးထားတဲ့လမ်းပေါ်မှာ ကွမ်းယာဆုိုင်ရှိတယ်

ထမင်းဆိုင်ရှိတယ် ။

သူတို့ကိုဖယ်ခိုင်းရင်လဲ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားနေတာ

မရှိတဲ့သူကို ဒုက္ခပေးတယ်ဆိုတဲ့အမြင်တွေနဲ့ဝိုင်းပြောကြမှာလေ။

ဒီနားက ဆိုင်တွေက လဲ လမ်းပေါ်တက်ပြီး ကုန်တွေထားကြ ပစ္စည်းတွေပုံ အိမ်က ပါလာတဲ့ကားတွေရပ်ကြတဲ့ လမ်းသုံးပုံ တစ်ပုံလောက်သူတို့က ယူထားကြတာလေ ဗျာ။

ဒီမှာကြည့်လိုက်ဗျာ ကျနော်တို့လဲ မှတ်တမ်းယူထားပါတယ်  “လို့ပြောရင်း

သူ့ကင်မရာနဲ့ရို်က်ထားတဲ့ ဒီလမ်းတစ်လျောက်က ဆိုင်တွေက လမ်းပေါ်မှာပစ္စည်းထား

ကားရပ်ထားတဲ့ ပုံတွေထုတ်ပြပါတယ်။

နောက်ဆက်ပြီး တော့ ရုံးတစ်ရုံးရှေ့မှာ ကားတွေဆိုင်ကယ်တွေလမ်းမပေါ်ရပ်ထားတာကို ပြရင်းဆက်ပြောပါတယ်။

“ ဒီဆိုင်ကယ်တွေက ဆရာကြီးတို့ရုံးက ဝန်ထမ်းတွေရဲ့ဆိုင်ကယ်တွေလေ တစ်နေကုန်နီးပါးလောက် ရပ်ထားတာပါ။

ဆရာကြီး တို့ရုံးထဲမှာမှ ထားစရာမရှိလို့အပြင်ရပ်တာကိုးဗျ။

အဲလို့ဆိုင်ကယ်တွေက လမ်းမရပ်ထားတော့ ဒီကိုလာတဲ့ ကားက လဲ လမ်းမပေါ်ဘဲ ရပ်ရတော့တာပေါ့ အဲတော့ကျနော်တို့ကလဲ ဝတ္တရားအရ

ဖမ်းရတော့တာပေါ့ ဆရာကြီးရယ်။

တစ်ခါ တစ်ခါ လူမူ့ရေးအမြင်နဲ့ကြည့်ပြီး မဖမ်းဘဲလွှတ်လိုက်ရင် ကျုပ်တို့က နဲ့ အဖွဲ့ကျရင်လွတ်တယ် ဒါမှမဟုတ် လာဘ်စားပြီးလွှတ်တယ်ဆိုပြီး အတိုင်ခံရပြန်ရော “

“ ခက်တာက ကျုပ်တို့ဘက်မှာလဲ မှန်မှန်ကန်ကန်လုပ်ချင်တဲ့သူရှိသလို

မထူးလဲအပြောခံနေရတာဘဲ လုပ်ချင်သလိုလုပ် ပြဿနာမတက်ပြီးရောလို့ သဘောထားတဲ့

သူတွေလဲရှိတုန်းပါဘဲ။

တစ်ခုတော့ ပြောစရာရှိတာပေါ့  ဟိုတုန်းက လုပ်ချင်သလိုလုပ်ခဲ့ကြတာကိုးဗျ“

လို့ ပြောတော့ ဟိုဆရာကြီးလဲ ဘာမှ ဆက်မပြောနိုင်တော့ပါဘူး။

“ တကယ်တော့ အခုလို ကားတွေလိုက်ဖမ်းဒဏ်ရိုက်ရတာက ကျနော်တို့အလုပ်မဟုတ်ဘူးဗျ

ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လုပ်ရမှာလေ“

 

“ အေးပါဗျာ အဖက်ဖက်မှာ အခက်အခဲတွေတော့ရှိနေပါတယ် ကျုပ်ကလဲ ကျုပ်တို့ဘက်က အမြင်လေးကိုပြောပြတာပါ“

လို့ လူဝကြီးကပြောပြီး ပြန်သွားပါတယ်။

“ နောက်လဲ မြင်တာလေးတွေရှိရင်ပြောပါဗျ ။

စာနဲ့ပေနဲ့ တရားဝင်ရေးကြရင်ပိုကောင်းမယ်

ကျနော်တို့မလဲ အထက်ကို ပြန်ပြန်ပြောရတာမောနေပါပြီ။

ခက်တာက အဖေအရင်းက ဘယ်သူမှန်းမသိဖြစ်နေတာက ခက်တာဗျ။

ကျုပ်တို့လဲအောက်ခြေဝန်ထမ်းဆိုတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ်ဘဲလုပ်ရတာဗျို့”

လို့ပြောရင်း ကားလဲနောက်တစ်နေရာဆက်ဖမ်းဘို့ ထွက်သွားပါတယ်။

 

ကျနော်တွေးမိတာတော့ပြင်တာ မပြင်တာ ကောင်းတာ မကောင်းတာအပထား

အရင်ခေတ်ကလိုသာဆိုရင် ကားနားလာပြောတဲ့ လူဝကြီး “မချောင်လောက်ဘူး”

ဆိုတာပါဘဲ။

ဝတ္တရားနှောင့်ယှက်တာပါ လို့ နာမယ်တတ်လိုက်ရင် သေပြီဆရာ ဘဲနော်။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

6-8-2013

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။