စံတော်ဝင် သမီးငယ်များသို့ …
မိထွေးတော် ဂေါတမီ  သားတော် ဘုရားအားလျှောက်ထားခဲ့၏။ သားတော်ဘုရား .. သားတော်ဘုရား၏ ချိုမြိန် ကောင်းမြတ်လှ၊ စိတ်နှလုံးကို ချမ်းမြေ့စေတတ်သော ကိလေသာ အညစ်အကြေး ကင်းဝေး၍ လောကုတ် လောကီ နှစ်လီပွားတိုး၊ အကျိုးများစေမည့် သားတော်ဟောပြ မြတ်ဓမ္မများကို နာကြားခွင့် ရသူတို့သည် အလွန်ဘုန်းကံကြီးမားလှ၏။ ….
အစချီတဲ့ အမှာစကားနဲ့  ပညာပါရမီအဖွဲ့  ဓမ္မစကြာ ၀တ်ရွတ်စဉ် စာအုပ်လေးဟာ ပထမတန်းတက်နေတဲ့ သမီးလေးအတွက် အင်္ဂါနေ့တိုင်း  ကျောင်းကိုယူသွားစရာ၊ ကျောင်းမှာ ရွတ်ဖတ်ရတဲ့ စာအုပ်ဖြစ်လာပါတယ်။

တနင်္ဂနွေနေ့တိုင်း မနက် ခုနစ်နာရီခွဲကနေ ဆယ်နာရီအထိ ဓမ္မစကူးလ် ဆိုတာကို တစ်မြို့လုံးရှိ မူလတန်းကလေးငယ်အားလုံး တက်ရပါတယ်။ ကျောင်းမှာ မဟုတ်၊ သက်ဆိုင်ရာကျောင်းနဲ့ အနီးဆုံး ဘုန်းကြီးကျောင်းမှာ တက်ရတာဖြစ်ပြီး ဆရာမများက ဗုဒ္ဓ၀င်ပုံပြင်တွေ ပြောပြ၊  ပြီးတာနဲ့  ခေါင်းပေါ်ကျော်ပေး ကစားနည်း၊ အမိပင်လယ်ကစားနည်း စတဲ့ အုပ်စုလိုက်ကစားနည်းတွေသင်၊ တစ်ခါတလေတော့လည်း အရောင်ခြယ်ကြတယ်။ ဆော့လို့ဝပြီဆိုရင် ကလေးတွေအတွက် အာဟာရအဖြစ် မြန်မာမုန့်တစ်မျိုးမျိုး၊ ကြာဇံကြော် စသဖြင့် အပတ်စဉ် ကျွေးကြပါတယ်။ တကယ့်ကို အားရစရာကြီးပါ။ အမျိုး၊ ဘာသာ၊ သာသနာဟာ အခြိမ်းခြောက် ခံနေရပြီဆိုတဲ့အသိနဲ့ အားလုံး တစ်တပ်တအားကြီး ပါဝင်လှုပ်ရှားကြတာပါ။ အပေါ်အင်္ကျီ အဖြူ၊ စကတ် ဘောင်းဘီ ကြက်သွေးရောင်  ၀တ်စုံတူညီ ၀တ်ထားတဲ့ မူလတန်းကလေးတွေအားလုံး  ဓမ္မစကူးလ် ဆိုရင် အင်မတန်ပျော်တယ်။  မိဘက မအားလို့ လိုက်မပို့ပေးနိုင်ရင် အိမ်မှာ ဂျီတိုက်ကြတဲ့အထိ။ ”  လာပါ သူငယ်ချင်းရယ်   ဓမ္မစကူးလ် သွားကြမယ်  ”  ဆိုတဲ့သီချင်းလေးကိုလည်း ကလေးတွေ ပါးစပ်ဖျားက မချကြ။

သို့သော် …. သို့သော် ….ဒို့မြန်မာများရဲ့ ထုံးစံအတိုင်း လုပ်လိုက်ရင် လွန်လွန်နဲ့ ကျွံကျွံ။ အစက တစ်ပတ်မှာ တစ်ရက်ထဲ (တနင်္ဂနွေနေ့)  ဘုရားစာ သင်တာပါ။ အခုတော့ အင်္ဂါနေ့မှာ  ဓမ္မစကြာ စာအုပ်လေး ကျောင်းကို.ယူသွားပြီး ဓမ္မစကြာ ရွတ်တာ သင်ရပါတယ်။ ဥပုသ်နေ့ ကျောင်းပိတ်လို့ အစားတက်ရတဲ့  စနေနေ့မှာ  ညနေ ၂နာရီခန့်ဆိုရင်  ကျောင်းမှာ ထော်လာဂျီခေါ်ပါတယ်။ ကလေးတွေ အားလုံး ထော်လာဂျီပေါ်တက်ပြီး  မိုးကုတ်ဝိပဿ     နာ ကျောင်းကို မြန်းကြပါတယ်။ ဟိုမှာ တရားထိုင်နည်း သင်ပေးပြီး  ခဏတဖြုတ် တရားထိုင်ကြရပါတယ်။

ထိုလုပ်ရပ်ကို စာရှုသူများ ဘယ်လိုထင်ကြပါသလဲ။  ကလေးငယ်တွေကို ဒီအရွယ်ကတည်းက တရားထိုင်နည်း သင်ပေးတာ  အထုံပါရမီ ပါသွားအောင် အတွက်လား။  ၀ိပဿ     နာလို အဆင့်မြင့်တရားနဲ့ ကလေးပေါက်စန။ ဆင်ခေါင်းခွေးချီသလို ဖြစ်နေပြီလို့ပြောရင် ရင့်သီးသွားမှာလား။ ပေါင်မုန့်ကို ငပိရည်နဲ့တို့စားခိုင်းသလို၊  လက်ဖက်ရည်ကို ငရုတ်ကောင်းမှုန့်ခပ်သောက်ခိုင်းသလို  အဆင်မပြေလှပါဘူး ဘဘုန်းတို့ရယ်။  တရားထိုင်တာ ဘယ်လိုထိုင်ရလဲ လို့ သမီးကိုမေးကြည့်တော့  သမီးက  ငြိမ်ငြိမ်လေးထိုင်ပြီး မစ်ကီအကြောင်း စဉ်းစားတာပါတဲ့။ 

ဝိပဿ      နာကိုအသာထား၊ စောစောက ပြောခဲ့တဲ့ ဓမ္မစကြာ ၀တ်ရွတ်စဉ်စာအုပ်ကို အစပြန်ကောက်ပါမယ်။ စာအုပ်ထဲမှာ  ရတနာသုံးပါး ဘုရားရှိခိုး၊ စိန်ရောင်ခြည် ဘုရားပင့်၊ သြကာသကန်တော့ခန်းနှင့် ဆုတောင်း၊ ပြီးမှ ငါးပါးသီလဆောက်တည်ခြင်း၊  နတ်ဗြဟ္မာများ ပင့်ဆောင်ခြင်း၊ ဓမ္မစကြာ အမွှမ်း၊ ဓမ္မစကြာ ပါဠိတော်၊ မေတ္တာပို့၊ အမျှဝေ  … စသည်တို့ ပါဝင်ပါတယ်။ စာအင်မတန်လေးပြီး  ကလေးသူငယ်များ  နားလည်လောက်တဲ့ အဆင့်မဟုတ်ပါ။

အမှန်တကယ် ဗုဒ္ဓဘာသာကို သက်ဝင်သွားစေတဲ့  ဗုဒ္ဓဘာသာရဲ့ ပကတိတန်ဖိုးဖြစ်တဲ့  ဓမ္မစကြာ မြန်မာပြန် အဓိပ္ပါယ်  မပါ။ အမှန်တော့ ဒီမူလတန်းကလေးတွေကို ဓမ္မစကြာ ရွတ်ခိုင်းစရာလည်း မလို၊ ဓမ္မစကြာကို ရှင်းပြစရာလည်းမလို၊ ဆရာမက ဗုဒ္ဓ၀င်ပုံပြင်လေးတွေ ပြောပြရုံနဲ့  ကလေးမှာ ကြည်ညို သဒ္ဓါ စိတ် အလုံအလောက် ၀င်ပါတယ်။ ” သုံး လူ့ရှင်ပင် ကျွန့်ထိပ်တင် … သောင်းခွင်စကြာဝဠာ  ”  အစချီတဲ့ အင်မတန် ကြည်ညိုစရာကောင်းတဲ့  ခုနစ်နေ့ ဘုရားရှိခိုး တစ်ပုဒ်နဲ့တင် သဒ္ဓါ စိတ် အပြည့်အ၀ ၀င်စေပါတယ်။

 စာအုပ်ဟာ  ဘာသာတရားကိုးကွယ်မှု တော်တည့်မှန်ကန်အောင်၊ ဥာဏ်ရည်ဖွင့်ပေးတဲ့ ရှင်းလင်းချက် တစ်လုံးမှ မပါ။ (ဥပမာ နတ်ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာအစစ်မဟုတ်ကြောင်း။)  ဘာသာရေးနဲ့ပတ်သက်ပြီး အမွှမ်းထုတ်နေတာ များပြီး တကယ့်အနှစ်သာရ  မပါဝင်ပါ။ အလွတ်ကျက်၊ အလွတ်ရွတ်စနစ်နဲ့သွားတဲ့ ဘုန်းတော်ကြီးကျောင်း စာသင်ပုံဖြစ်နေပါတယ်။

တိုင်းပြည်မှာ နဂိုကတည်းက ဘုန်းတော်ကြီးစာသင်ကျောင်း အရေအတွက် မသေးလှ။ လူမှုရေးတက်ကြွတဲ့ သံဃာတော်များကိုလည်း ကျေးဇူးတင်စရာ အလွန်ကောင်းပါတယ်။ သို့ပေမယ့် ဒါဟာ ဖြေရှင်းနည်း အစစ်အမှန် မဟုတ်။ ဘုန်းတော်ကြီးစာသင်ကျောင်းမှသည်  အစိုးရအတန်းကျောင်း စာသင်ခန်းဆီ တဖြည်းဖြည်းရွှေ့ယူကာ ပညာရေးမြှင့်တင်ရမည်ဟု  နားလည်ထားပါတယ်။ ယခုတော့ ဘုန်းတော်ကြီးကျောင်းက  အတန်းကျောင်းဘက် ရွှေ့မလာဘဲ  အတန်းကျောင်းက  ဘုန်းတော်ကြီးကျောင်းဘက် ရွှေ့နေသယောင်ရှိပါတယ်။ တိုင်းပြည်ရဲ့ မူလပညာရေးစနစ်ကိုက  ကဇော်သမား  ဒယီးဒယိုင်နဲ့ သိုင်းကွက်နင်းသလို ဖြစ်ရတဲ့အထဲ  ယခုအခါ  ဦးတည်ရာပါပြောင်းပြီဆိုတော့ သိုင်းပြောင်းပြန်လို့ပဲ  အမည်တပ်ရတော့မလားမသိ။

ပညာရေးရဲ့ အသက်သွေးကြောဖြစ်တဲ့  အင်္ဂလိပ်စာသင်ရိုးမြှင့်တင်ရေးကတော့ နှေးတုန်းပါ။ တကယ်လို့သာ အင်္ဂလိပ်စာကိုလည်း ယခုလို ဓမ္မစကူးလ်နဲ့ တန်းတူထားပြီး  ကလေးတွေ ပျော်ရွှင်လာအောင် အာဟာရပါကျွေးပြီး သင်ရင် ဘယ်လောက်ကောင်းမလဲ။ ကျောင်းသားမိဘတွေပါ စိတ်ပါဝင်စားပြီး တစ်တပ်တအားလုပ်မယ်ဆိုရင် ဓမ္မစကူးလ် လိုပဲ အောင်မြင်နိုင်ပါတယ်။ ဘာသာရေးကို ထိန်းထိန်းသိမ်းသိမ်းလေးလုပ်ပြီး  တကယ့် ခေတ်ပညာကို ပိုမိုအာရုံစိုက်မိစေချင်ပါတယ်။

ခေတ်ပညာတွေတတ်ပြီး ဘာသာတရား အထိန်းအကွပ်မရှိရင် ဘယ်လိုလုပ်မလဲ  ….
တော်ဖို့ တတ်ဖို့ထက် ယဉ်ကျေးလိမ္မာဖို့က ပိုအရေးမကြီးဘူးလား  ….
ပညာမတတ်သော ပညာရှိနဲ့  ပညာတတ်သော  ပညာမဲ့  ဘယ်သူပိုမြတ်သလဲ ….
စိတ်ကောင်းရှိဖို့က ပထမ၊  စာတတ်ဖို့က  ဒုတိယ မဟုတ်ဘူးလား …. စတဲ့  
အပြောတွေနဲ့  ဦးနှောက်ခြောက်အောင် မလုပ်ကြပါနဲ့လားရှင်။ ” ပညာပြည့်ဝ  နှလုံးလှ ”  ဆိုတဲ့ မြန်မာစကား အခိုင်အမာ ရှိကြောင်းရယ်ပါ။

လေးစားလျက်
ဝင့်ပြုံးမြင့်
(စက်တင်ဘာ ၉၊ ၂၀၁၃)

 

 

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.