ရွာထဲကို မရောက်တာတော်တော်ကြာပါပြီ။ အခုတလောတော့ စာဝင်ဖတ်ဖြစ်ပေမယ့် မမန့်ဖြစ်ပါဘူး။

ဦးမိုက်ရဲ့ပို့စ်ကို မြင်လိုက်တော့ စိတ်မကောင်းလည်းဖြစ်၊ ကိုယ့်ကိုယ်ကို လူဆိုးလေးဖြစ်နေမှန်းပိုသိသွားတယ်။

( အလုပ်တွေ နည်းနည်း ရှုပ်နေလို့ ရွာထဲမရောက်တာပါ…. )

 

ပြောချင်နေတာတွေ အများကြီးရှိနေတာပါ။ အရင်ဆုံးတော့ ဟိုတလောက သွားဖြစ်ခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲလေးအကြောင်း ပြောချင်လို့ပါ။ (ဟိုတလောဆိုပေမယ့်လည်း နည်းနည်းလေးတော့ ကြာနေပါပြီ။ :P )

 

ဂျပန်သံရုံးကနေ စီစဉ်ပြီးလုပ်ပေးတဲ့ သီချင်းဆိုပြိုင်ပွဲလေးပါ။ ဂျပန်သံရုံးကနေ ပြိုင်ပွဲတွေ လုပ်ပေးလေ့ရှိပါတယ်။ ဂျပန်စာလေ့လာနေတဲ့သူတွေကို အားပေးတဲ့သဘောနဲ့ လုပ်ပေးတဲ့ပွဲတွေပါ။ တစ်ချို့ပြိုင်ပွဲတွေက ပထမဆုရရင် ဂျပန်ကိုသွားခွင့်ဆိုတာမျိုးအထိ ဆုကြေးကကြီးပါတယ်။ ဒါပေမယ့် ဒီသီချင်းဆိုပြိုင်ပွဲမှာတော့ ဆုတွေက အရမ်းကြီးကြီးမားမား မဟုတ်ပါဘူး။

ဒီသီချင်းဆိုပြိုင်ပွဲမှာ နောက်ဆုံးအဆင့်အတွက် ပြိုင်ပွဲဝင် (၁၅) ယောက် ပြိုင်သွားပါတယ်။ ဒိုင်လူကြီးတွေကတော့ ဂျပန်တွေပါသလို၊ မြန်မာတွေလည်းပါပါတယ်။ မြန်မာဒိုင်တွေက အဆိုတော် ဖိုးကာရယ်၊ နောက်ပြီး ဂီတာမိတ်သင်တန်းကျောင်းရဲ့ တစ်ယောက်(ဆရာလား၊ သင်တန်းဥက္ကဋ္ဌလား သေချာမသိပါဘူး)။ စုစုပေါင်း နှစ်ယောက်ပါ။ ဂျပန်ဒိုင်တွေကိုတော့ သေချာမသိပါဘူး။

 

ပြိုင်ပွဲလေးအကြောင်းကို အကျဉ်းချုံးပြောပြီးပြီဆိုတော့ကာ………. တကယ်ပြောချင်တာက အခုမှစမှာပါ။

 

အဲဒီ့ ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေထဲမှာ ဂျပန်စာလေ့လာနေတဲ့သူတွေ ပါသလို၊ သီချင်းဆိုပြိုင်ပွဲဖြစ်ပြီးရောဆိုပြီး လာပြိုင်တဲ့သူတွေလည်း ပါနေတယ်ထင်လို့ပါ။ ဒီပြိုင်ပွဲလေးက တကယ်ဆိုပွဲသေးသေးလေးပါ။ ဒီပြိုင်ပွဲမှာ နိုင်လို့လည်း နာမည်ကျော်နိုင်တာမျိုးမရှိနိုင်သလို(ထင်တာပဲ)၊ ဆုကြီးကြီးမားမားရနိုင်တာမျိုးလည်း မရှိပါဘူး။ အဲဒါကို မသိလို့ဘဲလား၊ သိသိနဲ့ပဲလားတော့ မပြောတတ်ဘူး နာမည်ကြီးပြိုင်ပွဲတစ်ခုမှာ ဒုတိယဆု ရထားပြီးသားလူက လာဝင်ပြိုင်သတဲ့လေ။ သီချင်းဆိုပြိုင်ပွဲမို့လို့ လာပြိုင်တာကိုလက်ခံချင်ပေမယ့် သူကိုယ်တိုင်ကလည်း ဂျပန်စာကို မသိသလို၊ ဂျပန်စာလေ့လာနေတာလည်း မဟုတ်ဘူးလို့ အခြားတစ်ယောက်ကို ပြောနေတာကို ကြားလိုက်ရတယ်။ ဂျပန်စာလေ့လာနေတဲ့သူတွေကို အားပေးတဲ့အနေနဲ့ လုပ်ပေးတဲ့ပွဲကို ဂျပန်စာမလေ့လာနေသလို၊ ပြိုင်ပွဲအကြီးကြီးတစ်ခုမှာ ဒုတိယရထားပြီးသားသူက လာပြိုင်တာဆိုတော့ နည်းနည်းတော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်။ ဆိုသွားတာတော့ တကယ်ကောင်းပါတယ်။

သူဆုရဖူးတဲ့ ပြိုင်ပွဲက နောက်ဆုံးမှာ ဆုရထားတဲ့လူတွေနဲ့ level မြင့်မြင့်ရောက်တဲ့လူတွေကို ပေါင်းပြီး အခွေထုတ်ပေးပါတယ်။ အခွေထုတ်ဖူးတဲ့သူဆိုရင် အဆိုတော်ဖြစ်သွားပြီလို့ သတ်မှတ်လို့ရတယ်လို့ ထင်တယ်။ အဲတော့ အဆိုတော်တစ်ယောက်က ပြိုင်ပွဲသေးသေးလေးမှာ လာဝင်ပြိုင်သလို ဖြစ်မနေဘူးလား။ တကယ်ဆို မပြိုင်သင့်ဘူးလို့လဲ တွေးမိတယ်။

 

ပြိုင်တဲ့သူကတော့ ပြိုင်ချင်စိတ်တစ်ခုထဲနဲ့ လာပြိုင်တာဆိုတော့ အများကြီး မစဉ်းစားမိဘူးဘဲ ထားပါတော့။ ရွေးတဲ့လူတွေကကော ပြိုင်ပွဲရဲ့ အဓိကအချက်ကို မစဉ်းစားဘဲနဲ့ ပြီးပြီးရော ရွေးလိုက်တာလားဆိုတဲ့ အတွေးက၀င်လာပါတယ်။ သြော်…… ပြောဖို့တစ်ခုကျန်ခဲ့သေးတယ်။ အဲဒီ့ပြိုင်ပွဲဝင်က ဂီတမိတ်သင်တန်းမှာ လက်ရှိ သင်တန်းတက်နေပါတယ်တဲ့လေ။ အဲတော့ကား…… ဒိုင်တွေထဲမှာ ဂီတမိတ်သင်တန်းက တစ်ယောက်ပါပါတယ်။ ကျန်တဲ့ဒိုင်တွေမသိရင်တောင် သူတော့ သိမယ်လို့ထင်တာပဲ။ သိသိရက်နဲ့ပဲ ပထမဆုပေးလိုက်တာလား? ဒါမှမဟုတ် သတိမရလိုက်လို့ဘဲ ပထမဆုပေးလိုက်တာလား? ဆိုတာကိုတော့ မတွေးတတ်တော့ဘူး ဖြစ်နေတယ်။ :roll: :roll:

 

ပြိုင်ပွဲဝင်တွေကော၊ တာဝန်ရှိသူတွေပါ လိုနေတယ်လို့ ထင်တာပဲ။ နောက်အခေါက်ပြိုင်ပွဲတွေမှာ စဉ်းစားလို့ရအောင် အကြံပြုစာမှာတော့ ပြောချင်တာတွေ ရေးပေးခဲ့တာပဲ။ လုပ်တာ၊ မလုပ်တာတော့ သူ့အပိုင်းပေါ့။ ပြောရမှာတော့ ကိုယ်အပိုင်းဆိုတော့ ပြောခဲ့တာပဲ။

 

ချစ်ခင်စွာဖြင့်

ရွာသူလေး ငြိမ်းငြိမ်း

(၁၄.၁၀.၂၀၁၃)

About Nyein Nyein

Nyein Nyein has written 5 post in this Website..