ပြောပြချင်လွန်းလို့ပါ ဒညင်းဝက် အဲလေ အလင်းဆက်ရေ လို့ပဲအစချီတော့မအေ။ အစချီဆိုညီးက အစဆွဲထုပ်တာကိုး။ ထွက်နေတဲ့ဒေါသညီးဆီရောက်သပေါ့အေ။

ကျုပ်တို့နိုင်ငံမယ် မီးခိုးမထွက်တဲ့စက်ရုံဆိုပြီး ခရီးသွားလုပ်ငန်းကိုတင်စားခဲ့တယ်အေ့။ အခုလိုပြောင်းလဲ လာတဲ့နိုင်ငံရေးခြေအနေ၊ ဖြေလျှော့လာတဲ့စည်းကမ်းတွေကြောင့်နိုင်ငံတကာခရီးသွားတွေအ၀င်များလာ တာဝမ်းသာစရာပေါ့ အလင်းဆက်ရယ်။

ဒါပေမဲ့လဲအေ လူ့စည်းဘီလူးစည်းဆိုတာတော့ရှိရမယ်မဟုတ်လား။ ဖြူဖြူမြင်တိုင်းကိုးကွယ်နေရတာ တော့ဟုတ်သေးဘူးနဲ့တူတယ်အေ။

ပြောပြချင်လွန်းလို့ပါ ဒညင်းဝက်ရယ်။ ရင်နဲ့မဆံ့လို့ပါ။

နိုင်ငံတကာခရီးသည်တွေအပေါ်ကို အိမ်ရှင်က ဧည့်ဝတ်မကျေရဘူးမပြောဘာဘူးအေ။ ဧည့်ဝတ်ကျေရ မပေါ့။ ကိုယ့်ပိုက်ဆံလာပေးတဲ့သူပဲဟာ။ မြန်မာဆိုတာကလဲ အစကတဲက ဧည့်ဝတ်ကျေပွန်မှု့ကို ဂုဏ်တရပ် အနေနဲ့ထိမ်းသိမ်းခဲ့တာပါအေ။ ဒါပေမဲ့ အလင်းဆက်ရေ ပြောချင်တာကတော့

ဧည့်ဝတ်ကျေတာနဲ့ ဘုရင်ခံလိုကြိုဆိုရတာတူသလားအေ။ Tour Company တွေနဲ့ Tour Guide တွေကတော့ သူ့တို့ Customer တွေကို ဧည့်ဝတ်အစွမ်းကုန်ကျေတာတော့မဆန်းပေမဲ့ သူတို့ ဧည့်ဝတ် ကျေဖို့ကို ငါတို့လို သာမာန်ပြည်သူတွေကပါ လိုက်ဧည့်ဝတ်ကျေနေရတာတော့ အင်းတကယ်တမ်းပြော ရရင် သူတို့ဧည့်ဝတ်ကျေဖို့ ငါတို့ပြည်သူတွေ ဒုက္ခလိုက်ခံနေရတာတော့ ဟုတ်သေးဘူးနဲ့တူတယ်နော် အလင်းဆက်ရေ။

ငါတစ်ယောက်ထဲပဲအမြင်စောင်းနေသလားတော့မသိဘူးအေ အလင်းဆက်ရေ။

မြင်နေရတာတွေတော်တော်ကိုမျက်စိစပင်မွှေးဆူးနေတာတွေများလာတော့ ပြောစရာတွေဖြစ်ကုန် တာပေါ့အေ။

နိုင်ငံခြားသားဧည့်သည်တွေလာတာကို ဗိုလ်ချုပ်ဆိုတဲ့သူကိုယ်တိုင် အိုးစည်ဗုံမောင်းနဲ့ဆင်းကြိုတာ တဆိတ်လွန်သလားလို့ပါ။ ထားပါ ဒါကကြုံလို့ပြောဒါဘာအေ။ သူတို့ကိစ္စပါ။

ငါတို့ ကိစ္စပြောမယ်အလင်းဆက်ရေ။

ဒီလိုဟ

ငါတို့နိုင်ငံဟာ စည်းကမ်းမရှိဆုံးနိုင်ငံတနိုင်ငံဆိုတာလူတိုင်းသိနေသမို့ထူးမပြောတော့ပါဘူးအေ။ အထူးသဖြင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းပေါ့အေ။ ဒီလိုစည်းကမ်းမရှိတဲ့တိုင်းပြည်မှာ ဒီ Tour Company တွေစည်းကမ်းမရှိတာတော့ မပြောလိုတော့ပါဘူးအေ။ ဒါပေမဲ့ ငါတို့က နိုင်ငံခြားသားတွေ နဲ့အလုပ်လုပ်နေတာ ဘယ်သူ့မှ သောက်ဂရုမစိုက်ဘူးဆိုပြီးမျက်နှာပြောင်တိုက်တာတော့ တဆိတ်လွန် သလားလို့ပါ အလင်းဆက်ရယ်။

ပထမ ဗိုလ်တထောင်ဘုရားကိုပြောမယ်အေ။ Tour ကားတွေလာရင် သူတို့ ဧည့်သည်တွေလမ်းလျှောက် ရမှာစိုးလို့ ခြေထောက်ပေမှာစိုးလို့ဆိုပြီး ကားကို ဘုရားလှေကားရင်းထိရအောင်ကပ်တယ်အေ။ ကားကရှည်ပြီးကြီးတော့ အမြဲ ဖင်ကြီးထွက်ပြီး ငါတို့မှာ ခြေဗလာနဲ့ အဲကားကြီးကိုရှောင်ကွင်းသွားရ တယ်အေ။ ကြိုရင်လဲထိုနည်းလည်းကောင်းပဲအေ့။ ဧည့်သည်တွေကို ငါတို့ပြည်သူတွေနည်းတူ လမ်းလျှောက်ခိုင်းလို့မရဘူးလားလို့ ငါစဉ်းစားမိတယ် အလင်းဆက်ရယ်။

ကားကိုငါတို့ထိုးသလိုကျကျနနပါကင်ထိုး၊ ဧည့်သည်တွေကို ဖိနပ်စီးလမ်းလျှောက်ခိုင်း၊ ဘုရားခြေရင်း ရောက်မှ သူတို့ ဧည့်သည်တွေဖိနပ်တာဝန်ယူလို့မရဘူးလားအေ အလင်းဆက်ရယ်။ လမ်းလျှောက်ခိုင်းရင် အဲဒီ ဧည့်သည်တွေစိတ်ဆိုးမှာလား နောက်ကိုမလားတော့မှာလား ငါသိချင်လို့ပါအလင်းဆက်ရေ။

ငါတို့နိုင်ငံတကာကို အဲလိုသွားရင်ကော အဲလိုပဲဖူးဖူးမှုတ်ခံရသလား စည်းကမ်းဖောက်ချင်တိုင်းဖောက် လို့ရလား သိချင်လို့ပါ အလင်းဆက်ရယ်။

အဆိုးဆုံးတခုပြောမယ်အေ။ အဲဒါကတော့ ဗိုလ်ချုပ်ဈေးရှေ့မှာပေါ့အေ။ လူတကာသိလောက်ပါတယ်။ သူတို့ဘယ်လောက်လူပါးဝသလဲဆိုတာ။ ကားကို ဗိုလ်ချုပ်ဈေးရှေ့တည့်တည့် အများပြည်သူကားမောင်း နေတဲ့လမ်းပေါ်မှာရပ်ပြီး သူတို့ ကားတစ်စီးလုံးပေါ်မှာပါသမျှ လူအားလုံးကို စိမ်ပြေနပြေချတယ်အေ။ ငါတို့ကသူတို့ဆင်းမပြီးမချင်းရပ်စောင့်ရတယ်အေ။ အားလုံးဆင်းပြီးတော့ အဲဒီကားကထွက်သွားပြီး တနေရာမှာပါကင်ထိုး ဂိုက်ကပြန်လာဆိုပြီးခေါ်မှလာကြို မဟုတ်ဘူး အလင်းဆက်ရေ။ ဗိုလ်ချုပ်ဈေးရှေ့ လမ်းတခြမ်းကိုခပ်တည်တည်ပဲ ပါကင်ထိုးသတော့။ သူပါကင်ထိုးမပြီးမချင်း ငါတို့ကရပ်စောင့်ရပြန်ရော။ တကယ်ဆို အဲတိုးကားတွေကို ကားပါကင်ဝင်းမှာထိုးပြီး ဒီဧည့်သည်တွေကိုလမ်းလျှောက်ခိုင်းရင် တော်တော်ရက်စက်ရာများကျမှာစိုးလို့လား အလင်းဆက်ရယ်။ ဖြေကြည့်ပါအုံးအေ။

မနေ့ကဆိုရင် အဲလိုတိုးကား သုံးစီးတိတိအဲလိုလုပ်တဲ့အတွက် ငါ့မှာ လသာ ၁ ကျောင်းရှေ့ကနေ ဇော်ဂျီ ကဖီးရှေ့ရောက်ဖို့ နာရီဝက်ကြာခဲ့တယ်အေ။ အဲဒီလုပ်ရပ်ကို ငါစိတ်တိုသင့်သလား ဒါမှမဟုတ် ငါတို့ရဲ့ မီးခိုးမထွက်တဲ့ စက်ရုံကြီးမို့ အလံလေးတွေဝှေ့ပြီးထောက်ခံသင့်သလား၊ ငါတို့ပါလိုက်ပြီး ဒုက္ခလိုက်ခံရမှာလား စဉ်းစားကြည့်ပါအုံးအလင်း ဆက်ရယ်။

ဒီနိုင်ငံကိုလာလည်ရင် ဒီနိုင်ငံကလူတွေလိုလုပ်သင့်တယ်မဟုတ်လား။ ဘုရင်ခံလို အခွင့်ထူးခံလူတန်း စားဖြစ်နေတာကို ငါတို့ကဘယ်လောက်ထိများ နားလည်ပေးရမလဲ အလင်းဆက်ရယ်။

 

တော်သေးဘီအေ

ရွာလမ်းဆုံကဒေါ်ဂျမ်းဘုံ

 

 

 

About မွသဲ ( 17082011 )

has written 110 post in this Website..

THAKHIN CJ #8172011