” ဘယ်သူကို ရွေးမှာလဲ”

 

တခါတုန်းက မြို့ကလေးတစ်မြို့မှာ လူကုံထန်လူချမ်းသာ မိသားစုရဲ့ သားတစ်ယောက်နဲ့ သတင်းစာပို့ ဖိနပ်ချုပ်အလုပ်လုပ်တဲ့ ဆင်းရဲသားမိသားစုရဲ့ သားတစ်ယောက်တို့ရှိတယ်တဲ့။

သူဌေးသားက မနက်မုန့်ကို မှန်လုံခန်းလေးနဲ့ သပ်ယပ်စွာလှပချယ်သဆောက် ထား တဲ့ ကော်ဖီ ဆိုင်မှာ ဟန်ဘာကာစား ကော်ဖီသောက်တဲ့အခါ ဆင်းရဲသားသားကတော့ လမ်းဘေးပလက်ဖောင်း မှာဖွင့်တဲ့ လဘက်ရည်ဆိုင်မှာ အီကြာကွေးနဲ့ လဘက်ရည်ပေါ့ဗျာ။

သူဌေးသားက သူအလုပ်သွားတဲ့အခါ မှန်လုံကားကို အဲကွန်းဖွင့်ပြီး ချွေးမစို့ဘဲ သွားပေမယ့် ဆင်းရဲသား ကတော့ စက်ဘီးလေး လမ်းကြမ်းလေးကနေ ဖိနပ်ပါးလွှာ ရာဘာဖိနပ်အစုတ် နဲ့ ချွေးပေါက်ပေါက်ကျအောင် နင်းကာသွားကြတယ်။

လူဆိုတာ စိတ်ညစ်မှု အဆင်မပြေမှုဆိုတာကတော့ ချမ်းသာဆင်းရဲမရွေးရှိတတ်ကြတာမို့ သူဌေးသားက အဲလို စိတ်ညစ်တာကြုံတော့ အပေါင်းအသင်းဘော်ဒါတွေနဲ့ ဘီယာဆိုင်မှာ သောက်စားကာရင်ဖွင့်ပြောနေတဲ့အခါ ဆင်းရဲသားကတော့ မီးမှိန်မှိန်ဘုံဆိုင်လေးရဲ့ အတွင်းထောင့်ကျကျစားပွဲမှာ နှစ်ပက်တစ်ခွက်နဲ့မြေပဲဆာလှော် အဖော်ပြုကာ ကြိတ်ကာဆွေးပေါ့ဗျာ။

သူဌေးသားက ညစာကို မြို့ရဲ့နံမည်ကြီးဆိုင်က ဖုန်းနဲ့မှာပြီး အိမ်ကထိုင်စောင့် စားနေပေမယ့် ဆင်းရဲသားကတော့ ညဈေးတမ်းက ထမင်းကျော်ဆိုင်လေးမှာ ၀က်အူချောင်းတစ်ချောင်းကို အမြန်ကုန်မသွားအောင်ကိုက်ရင်း ဗိုက်ဝဖို့အရေး ငွေချိန်တွက်ပေးပြီး စားနေရပေါ့ဗျာ။

အဲလိုနဲ့ ရက် လတွေငြောင်း နှစ်တွေအလီလီပြောင်းလို့ အရွယ်တွေလည်း အတော်အတင့်လူကြီးဖြစ်တဲ့အခါ သူဌေးသားက ပါတီတစ်ခုရဲ့ကိုယ်စားပြုအမတ်အဖြစ် သမ္မတရာထူးနေရာကို ၀င်အရွေးခံဖို့ သူတို့ဇာတိမြို့နဲ့ ၀န်းကျင်မှ အမတ်လောင်းဝင်အရွေးခံပြီး မဲဆွယ်တရားဟောတယ်။

သူက သူကျင်လည်ခဲ့တဲ့ သူနေ့စဉ်ဖြတ်သန်းခဲ့တဲ့ ဘ၀အခြေအနေပေါ်မူတည်ပြီး မဲဆွယ်တရားပွဲမှာ အခုလို ပြောတယ် ကျုပ်သာဒီမြို့ရဲ့ အမတ်အဖြစ်အရွေးခံရပြီး သမ္မတဖြစ်ရင် တိုင်းပြည်ရဲ့မြို့တွေမှာ ဟန်ဘာကာလို အထပ်ထပ်ဖြစ်မည့် ကွန်ဒိုတိုက်အမြင့်တွေ၊ မှန်လုံစားသောက်ဆိုင်တွေ ပါတဲ့ ရှော့ပင်းမောတွေ အခွန်နည်းနည်းနဲ့ မော်တော် ကားတင်သွင်းခွင့်တွေပေးမယ် ……. စသည်ဖြင့် မဲဆွယ်ဟောတယ်။

ဒီလိုဘဲ ခုနဆင်းရဲသားကလည်း အဲဒီမြို့ရဲ့ အလုပ်သမားလူထုပါတီကနေ ကိုယ်စားပြုအမတ်အဖြစ် သမ္မတ ရာထူးနေရာကို ၀င်အရွေးခံဖို့ သူလည်းမဲဆွယ်တရားဟောတဲ့အခါ ကျုပ်သာဒီ့မြို့ရဲ့အမတ်အဖြစ်အရွေးခံရပြီး သမ္မတဖြစ်ခဲ့ရင် အလုပ်အကိုင်အခွင့်အလန်းတွေတိုးမြှင့်စေပြီး လုပ်ခလစာတွေ ထိုက်တန်အောင်ရဖို့စီမံချက် တွေနဲ့လုပ်မယ် လမ်းဘေးပလက်ဖောင်းတွေ လမ်းတွေကို စက်ဘီး ဆိုင်ကယ်လမ်းကအစပြုပြင်ပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းအောင်လုပ်ပေးမယ် ……..စသည်ဖြင့် မဲဆွယ်ဟောတယ်။

အကယ်လို့သာ စာဖတ်သူ သင်ဟာ အဲဒီမဲဆွယ်တရားဟောတဲ့ လူအုပ်စုထဲက တစ်ယောက်ဖြစ်ပြီး မဲပေးပိုင်ခွင့် ရှိသူတစ်ယောက်သာဖြစ်ခဲ့ရင် သင်မြို့ရဲ့အမတ်ကို ဘယ်သူကိုများရွေးမယ်လို့ စိတ်ကူးပါသလဲ ကိုယ်ဖာကိုယ် တွေးပြီး ဖြေကြည့်ပါလားဗျာ။

သြော် ကျွန်တော်ဖတ်ခဲ့ရတဲ့စာအုပ်တစ်ခုမှာ လက်ရှိတိုးတက်ခေတ်မှီနေတဲ့ တရုတ်နိုင်ငံရဲ့ခေါင်းဆောင်ကြီး မော်စီတုန်းက ငယ်စဉ်က လယ်သမားမိသားစုက ပေါက်ဖွားတဲ့ လယ်သမားတစ်ဦးပါတဲ့။

 

 

ခင်ခ။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..