==========================

လူ့ဘောင်လောကမှာတော့ “မုသားမပါ လင်္ကာမချော” ဆိုတဲ့ စကား ရှိပါတယ်။

လူ့ဘောင်လောကမှာ မုသား ဆိုတဲ့ လိမ်လည်တဲ့ စကားမပါရင် ပြောရဆိုရ ပေါင်းရသင်းရတာဟာ အဆင်ပြေ ချောမွေ့မှု မရှိတတ်ပါဘူးတဲ့။ သစ်ပင်ဖြောင့်ရင် တက်ရခက်သလို မုသားမပါတဲ့ စကားဟာလည်း ကြားရတာ ကိုးလို့ကန့်လန့် ဖြစ်နေတတ်ပါတယ်။ လူ့လောကမှာ မှန်သောစကားကို ဆိုသူ အများစုဟာ နာမည်ကောင်း မရတတ်ကြပါဘူး။ ဒီကောင်က အဖြောင့်သမားကြီး၊ လူ့ဂွစာကြီး ဆိုပြီး ပြောခံရတတ်ပါတယ်။ ဒီလို အဖြောင့်သမားတွေဆို ပေါင်းရသင်းရလည်း ခက်လှပါတယ်။

ဥပမာအားဖြင့် နိုင်ငံရပ်ခြား ဘောင်းဘီဂွရှည်၊ ဂွတိုတွေပဲ ဝတ်ဆင်လေ့ရှိတဲ့ နိုင်ငံများမှာ ပုဆိုးကြီး တကားကားနဲ့ လမ်းသလားနေတဲ့ လူတစ်ယောက်လို မုသားကို ခပ်ပါးပါးလေး နှုတ်ဖျားက လွယ်လင့်တကူ ထွက်တတ်သူတွေကြားမှာ အဖြောင့်သမား များကို မြင်ရတာဟာ ကို့လို့ကန့်လန့်ကြီး ဖြစ်နေတတ်ပါတယ်။

လိမ်နည်း အမျိုးမျိုး

လိမ်တယ် ဆိုတဲ့နေရာမှာလည်း အမျိုးမျိုးရှိကြပါသေးတယ်။ အချို့က ရယ်စရာ အနေနဲ့ လိမ်ပြောလိုက်တာ။ အချို့ကတော့ အတည်ကြံစည်ပြီး လိမ်ပြောတာ။ ရယ်စရာ လိမ်ပြောတဲ့ အကြောင်းအရာများဟာ စနောက်ခြင်း ဆိုတဲ့ ပေါ့ပေါ့ပါးပါး ကဏ္ဍအတွင်းမှာ အကျုံးဝင်သွားပါတယ်။ အတည်ကြံပြီး လိမ်တဲ့ အကြောင်းအရာများကတော့ လိမ်လည်မှုကြီး စာရင်းထဲ ဝင်သွားပါတယ်။ ဒါကြောင့်မို့ မုသားမပါ လင်္ကာမချော ဆိုတဲ့ စကားကတော့ အပေါ့စား လိမ်နည်းစာရင်းထဲက ပေါ်ထွက်လာတဲ့ စကားလုံး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ကိုယ်ကျိုး လိမ်၊ သူ့အကျိုး လိမ်၊ စုပေါင်း လိမ်

လိမ်တယ် ဆိုတဲ့ နေရာမှာလည်း ကိုယ်ကျိုးအတွက် လိမ်တာနဲ့ သူတစ်ပါး အကျိုးအတွက် လိမ်ပေးရတာ ဆိုပြီး နှစ်မျိုး ရှိပါသေးတယ်။ ဒီအကြောင်းကို ထင်သာမြင်သာ ရှိအောင် ဥပမာပေးရရင် …။ မြန်မာ အမျိုးသမီးလေးများဟာ အရွယ်ရောက်လို့ ရည်းစားသူငယ် ရှိလာတဲ့ အခါမျိုးမှာဆိုရင် များသောအားဖြင့် အိမ်က မိဘလုပ်သူများကို လိမ်လည်ပြီး ရည်စားသူငယ်နဲ့ ချိန်းတွေ့တတ်ကြပါတယ်။ တစ်ခါတစ်ခါ အခြားသော အကြောင်းပြစရာ ရှာမရတဲ့ အခါမျိုးမှာ မိမိရဲ့ သူငယ်ချင်း ဖြစ်သူကို အကူအညီတောင်းပြီး မိဘကို လိမ်လည် အပြင်ထွက်တတ်ကြပါတယ်။ ဒီအခါ သူငယ်ချင်း ကပါ ဝိုင်းကူပြီး လိမ်လည်ပေးရပါတယ်။ ဒါကတော့ ကိုယ်ကျိုးအတွက် လိမ်လည်ခြင်း၊ သူတစ်ပါး အကျိုးအတွက် လိမ်လည်ပေးခြင်း တွေနဲ့ ပတ်သက်တဲ့ အပေါ့စား မုသား၊ အပေါ့စား လိမ်လည်ခြင်း အကြောင်းပါပဲ။

အပြင်းစား စုပေါင်း လိမ်လည်မှုတွေကလည်း ရှိပါသေးတယ်။ ဒါကို မျက်မှောက် ဥပမာ ပေးရရင် Sumsung ကုမ္ပဏီနဲ့ Apple ကုမ္ပဏီများတို့ရဲ့ အဖြစ်အပျက်ကို ကြည့်ပါ။ ဆမ်ဆောင်း ကုမ္ပဏီ လက်အောက်မှာ အမှုထမ်းနေကြတဲ့ လူတွေ၊ သူ့ထုတ်ကုန်ကိုမှ အစွန်းရောက် အားပေးတတ်ကြသူတွေဟာ ဆိုရင် အဖြစ်မှန် မပေါ်ပေါက်ခင် အထိ လိမ်လည်ခဲ့ကြမှာပါ။ အမှုမှန် ပေါ်ပြီးနောက်တောင်မှ အချို့အချို့သော သူများဟာ ယုံကြည်မှု အစွန်းရောက်ပြီး လိမ်မိမှန်း လိမ်နေတုန်းပဲ ရှိကြဦးမှာပါပဲ။ (စာရေးသူ သည် Subway Surfers ဂိမ်းတောင်မှ ထည့်သွင်း ဆော့နိုင်ခြင်း မပြုနိုင်သည့် ဟာဝေးဖုန်း အစုတ်ကလေးကိုသာ ကိုင်ဆောင်နိုင်သူ ဖြစ်ပါသည်။)

ကလေးများ လိမ်နည်း

လိမ်တာနဲ့ ပတ်သက်လို့ ငယ်ငယ်တုန်းက အကြောင်းတစ်ခုကို သတိရမိသေးတယ်။ ဘာလဲဆိုတော့ … ငယ်ငယ်က သူငယ်ချင်း အချင်းချင်း စနောက်တဲ့ကြတဲ့ အခါမျိုးမှာပေါ့။ တစ်ယောက်သော သူငယ်ချင်းက မိုးပေါ်ကို မော့ကြည့် လက်ညှိုးထိုးပြပြီး “ဟာ .. ငှက်ကြီး အကြီးကြီးပဲ” လို့ ရုတ်တရက် ဆိုလိုက်ရော၊ ကျန်သူငယ်ချင်းက မိုးပေါ်ကို မော့ကြည့်လိုက်တယ်။ ဒါပေမယ့် မိုးပေါ်မှာ ဘာငှက်ကြီးမှ ရှိမနေပါဘူး။ ဒီအခါ လိမ်လိုက်တဲ့ သူငယ်ချင်းက အလိမ်ခံရတဲ့ သူငယ်ချင်းကို ကြည့်ပြီး “ငါ ပြောတာ ယုံယုံ၊ ခွေးချေးပုံ” ဆိုပြီး လှောင်ပြောင် ရယ်မောပါတော့တယ်။

လှည့်စားခြင်းနှင့် လိမ်လည်ခြင်း

လိမ်လည်ခြင်း ဟာ လှည့်စားခြင်း တစ်မျိုး ဖြစ်ပေမယ့်လို့လည်း မာယာပရိယာယ် ဆိုတဲ့ လှည့်စားခြင်း အစစ်အမှန် မဟုတ်ပါဘူး။ လှည့်စားခြင်းက လှည့်စားခြင်း၊ လိမ်လည်ခြင်း က လိမ်လည်ခြင်း ပါပဲ။ ဥပမာအားဖြင့် ပြောရရင် လယ်ကွင်းတွေထဲက စာခြောက်ရုပ် လိုပေါ့။ စာခြောက်ရုပ်ကို လူပုံသဏ္ဍာန် လုပ်ထားလေတော့ သီးနှံတွေကို ကိုက်ဖြတ် စားသောက်မယ့် အကောင်တွေ မလာရဲတော့ဘူး။ ဒီလို စာခြောက်ရုပ် လုပ်ထားခြင်းဟာ ငှက်တွေကို လှည့်စားခြင်း တစ်မျိုးပါပဲ။ ဒီစာခြောက်ရုပ် လုပ်တဲ့လူကို လူလိမ်တစ်ယောက်လို့တော့ ဘယ်သူကမှ ကင်ပွန်းတပ်ကြခြင်း မရှိပါဘူး။ လှည့်စားခြင်းမှာ ပါရှိတဲ့ ဥာဏ်ရည်ဥာဏ်သွေးဟာ လိမ်လည်ခြင်းမှာ ပါရှိတဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ နှိုင်းယှဉ်လိုက်ရင် မိုးနဲ့မြေလောက် ကွာဟနေလိမ့်မယ်လို့ ထင်ပါတယ်။

လိမ်ခြင်းနှင့် ဗုဒ္ဓဘာသာ

လောကီမှ လွတ်မြောက်ရာ လောကုတ္တရာ လမ်းကို လျှောက်လှမ်းနေသူများ အနေဖြင့်ကတော့ ဒီလိမ်လည်ခြင်း ဟူသော မုသား စကားကို ရယ်ရွှင်ဖွယ် အဖြစ်တောင်မှ မပြောရပါဘူးတဲ့။ ဗုဒ္ဓဘာသာဝင်များရဲ့ အခြေခံ စောင့်ထိန်းအပ်တဲ့ အကြောင်းအရာတွေထဲမှာလည်း လိမ်လည် ပြောဆိုခြင်းကို ရှောင်ကြဉ်ရမယ် ဆိုပြီး ပါရှိပါသေးတယ်။ လိမ်လည်ခြင်း ကြောင့် ပါးစပ်က အပုပ်နံ့ထွက်ခြင်း၊ သွားများ မညီညာခြင်း၊ (ဒီနောက်ပိုင်း ခေတ်စကားနဲ့ဆိုရရင် အာသီးကင်ဆာ ဖြစ်ခြင်းတွေပါ ပါဝင်လာလေမလားပဲ) စတဲ့ ပါးစပ်ပေါက်နဲ့ ဆိုင်တဲ့ မကောင်းကျိုးတွေ ဖြစ်လာမယ်လို့ အကျဉ်းချုံး ဆိုလို့ ရနိုင်ပါတယ်။

အပြင်းစား လိမ်နည်း တစ်ခု

ဒီထက် အပြင်းစား လိမ်လည်ခြင်း စာရင်းမှာဝင်တဲ့ မိမိကောင်းစားရေးအတွက် တစ်ပါးသူ မကောင်းကြောင်း ပြောခြင်း (ကုန်းချောခြင်း) ဟာဆိုရင် လွန်စွာမှ ကြီးမားသော အပြစ်ကြီးတစ်ခု ဖြစ်ကြောင်း ပါရှိပါသေးတယ်။ ကုန်းချောခြင်း ဆိုတဲ့ ကိစ္စအကြောင်း ပြောရရင် …

တစ်ခါက ရုံးတစ်ရုံးရဲ့ ဌာနတစ်ခုမှာ အတူလုပ်ရတဲ့ လူနှစ်ယောက် ရှိတယ်။ တစ်နေ့သောအခါမှာ မောင်နီဆိုသူက မိမိ လုပ်ရမယ့် တာဝန်တစ်ခုဖြစ်တဲ့ စာရင်းသွင်းခြင်း အလုပ်ကို လုပ်ကိုင်နေပါတယ်။ ကျန်တစ်ယောက်ဖြစ်သူ မောင်ဖြူကတော့ ဝတ္ထုစာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေပါတယ်။

ဒီအချိန်မှာပဲ ရုံးရဲ့ အကြီးအကဲဟာ ရုံးတံခါးပေါက်နားကို ရောက်ရှိလာပါတော့တယ်။ ရုံးအကြီးအကဲကို မြင်ရော စာထိုင်ဖတ်နေတဲ့ မောင်ဖြူဟာ ဝတ္ထုစာအုပ်ကို မောင်နီရဲ့ စာပွဲပေါ် တင်လိုက်ပြီး စာရင်းသွင်းနေတဲ့ မောင်နီဆီက စာအုပ်နဲ့ ဘောလ်ပင်ကို ဆွဲယူလိုက်ကာ စာရင်းသွင်းဟန် ပြုလိုက်ပါတော့တယ်။ ရုံးအကြီးအကဲ ကလည်း အခန်းတွင်း ရောက်ရှိလာပါပြီ။ မောင်ဖြူ အလုပ်လုပ်နေတာ မြင်သွားပြီ။ မောင်နီရဲ့ စားပွဲပေါ်မှာ ဝတ္ထုစာအုပ်ကို မြင်လိုက်ပြီ။ ဒီအခါ ရုံးအကြီးအကဲဟာ အော်တိုမိတစ် အကြီးအကဲ ဖြစ်လာသူ ဆိုခဲ့ရင် မောင်ဖြူကို အပြစ်တင် ကြိမ်းမောင်ပါတော့မယ်။

အထက်ပါ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် .. မောင်ဖြူ ဟာ မောင်နီ ကို ကုန်းချောလိုက်တာပါပဲ။ အမူအယာနဲ့ ကုန်းချောခြင်းပါပဲ။ ဤသို့သော အမူအယာဖြင့် ကုန်းချောတတ်သူများနှင့် အော်တိုမိတစ် အကြီးအကဲ ဖြစ်လာသူများ ပေါင်းမိပါလျှင် တကယ် အလုပ်လုပ်သူ၊ မှန်ကန်သူများမှာ မျက်နှာငယ်ဖြင့် ထုထောင်းခြင်း ခံရတတ်ပါလေသည်။ ထိုသို့သော နေရာများတွင် လူကောင်းများသည် တစ်စထက် တစ်စ ရှားပါးခြင်း ပြုလာတတ်ပါလေသည်။

======================

 

မုသား ဟူသော လိမ်လည်ခြင်းနှင့် ပတ်သက်၍ ထပ်ပြောရပါလျှင် လွန်စွာမှ ထူထဲသော စာအုပ်ကြီး တစ်အုပ်ပင် ဖြစ်လာနိုင်ပါသည်။ ယင်းအတွက်ကြောင့် ဤမျှနှင့်ပင် နိဂုံးချုပ်တော့ပါအံ့။

စာရှုသူများ အနေဖြင့်လည်း မိမိတို့၏ လိမ်လည်ခြင်းနှင့် ပတ်သက်သော အဖြစ်သနစ် များအား အောက်ပါ ကွန်မန့်များတွင် ဝင်ရောက် ဆွေးနွေး ပြောဆိုပေးခဲ့ကြပါရန်လည်း စာရေးသူ အနေဖြင့် ရိုကျိုးစွာ တိုက်တွန်းစကား ပြောလိုက်ရပါပေတော့သတည်း။

 

သာဒု … သာဒု … သာဒု …

နောင် … ဝေ … ဝေ …. (ကြေးစည်သံ)

ဒူ … အူ … ဟူ …. (မောင်းတီးသံ)

======================

ရေးသားသူ –

ပရော်ဖက်ဆာ ငါးထပ်ကွမ်း +1

ဒေါက်တာ ခြောက်ထပ်ကွမ်း ရရှိထားတဲ့

ထာဝရ ကမ္ဘာ့အတော်ဆုံး ဖီလိုဆိုဖာကြီး အံချာဒုံး

======================

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။