ပြန်မလာနိုင်သူ

 

တစ်စစီပြန့်ကြဲနေသော ကျောင်းစာအုပ်တွေကို ကျွန်တော်သိ်မ်းဆည်းလိုက်ကာ အမေ့ငိုသံကိုနားစွင့်နေမိသည်။ အမေနေ့လည်တည်းကထိုင်ငိုနေတာ ခုဆိုညနေတောင်ရောက်နေပြီ အမေ ငိုလို့မပြီးသေး ။ အခန်းပြင်ကိုထွက်လာပြီး ငိုနေသောအမေ့ကို
“အဖေဘယ်မှာလဲ” လို့ မေးတော့ အမေပြန်မဖြေနိုင်ဘဲ ရှိုက်ကြီးတငင်ထပ်ငိုပြန်တော့ ကျွန်တော်စိတ်မကောင်းစွာနဲ့ ထပ်မမေးဖြစ်တော့ပေ ။ ပြန်လာမလားလို့မျှော်နေပေမယ့် ရက်ပေါင်းများစွာကြာအောင် အဖေပြန်မလာသောအခါ အိမ်ကကြောင်မလေးလိုများဖြစ်နေမလားဆိုပြီးစဉ်းစားမိပါတယ်။
ကျွန်တော် မူကြိုတက်တုန်းက အိမ်က ကြောင်မလေးဟာ အိမ်ပြန်မလာဘဲ အချိန်တော်တော်ကြာအောင်ပျောက်နေခဲ့ဖူးသည် ။ ကျွန်တော်တို့မေ့မေ့ပျောက်ပျောက်ရှိသွားတဲ့အခါကျမှ  ကြောင်မလေးဟာ ပိန်လှီချိနဲ့စွာနဲ့ အိမ်ပြန်ရောက်လာခဲ့တာမို့ အဖေဟာလည်း တစ်နေ့နေ့တော့ အိမ်ကကြောင်မလေးလို ကျွန်တော်တို့မေ့မေ့ပျောက်ပျောက်ရှိတဲ့အချိန်ပြန်လာမှာပါလို့ တွေးနေမိပါတယ်။

အိမ်ကိုဆွေမျိူးသားချင်းတွေလာလည်တိုင်း “ယုံကြည်ချက်တွေလေ…ယုံကြည်ချက်တွေ…ကျွန်ဝယ်ရာမှအဆစ်ပါသွားတာ” ဆိုတဲ့စကားကို အမေ့ဆီမှ မကြာမကြာကြားရလေ့ရှိသည် ။ အဖေဟာတကယ်ပဲ ကျွန်ဝယ်ရာမှာ အဆစ်ပါသွားသလား ကျွန်တော်စဉ်းစားမိပါသည် ။ ဒါပေမယ့် ကျွန်ဆိုသောစကားလုံးဟာ ဒီခေတ်မှာမရှိမှန်းကို ကျွန်တော်ကောင်းကောင်းသိနေခဲ့သည်။ ကျွန်တော့်အဖေဟာ လူကောင်ထွားထွားနဲ့ ကျွန်တော့မျက်စိထဲမှာတော့ခန့်ညားချောမောလွန်းတဲ့သူရဲကောင်းကြီးတစ်ယောက်ပါပဲ ။ ဒါပေမယ့် အမေ့အပြောအရ ကျွန်တော့်ဖေဖေ ဟာ သိပ်လည်လည်ဝယ်ဝယ်မရှိမှန်း ကျွန်တော်ကောင်းကောင်းသိနေခဲ့ပါသည် ။ အဖေတစ်ယောက် ယုံကြည်ချက်ကြောင့် ကျွန်ဝယ်ရာမှာ အဆစ်ပါသွားရတဲ့အထဲမှာ အမေပြောသလို လည်လည်ဝယ်ဝယ်ကလည်းမရှိသေးတော့ အဆင်ပြေပါ့မလားဆိုပြီး ကျွန်တော်တွေးနေမိပြန်ပါတယ်။

တစ်နေ့တော့အဖေ့ဆီကနေ မမျှော်လင့်တဲ့အဆက်အသွယ်တစ်ခုရလာခဲ့ပါတယ်။ ကျွန်တော့်တို့အိမ်မှာ တယ်လီဖုန်းမရှိတဲ့အတွက် အိမ်နားက ဖုန်းကိုအဖေဆက်ခြင်းပင် ။ အဖေ့ဆီကဖုန်းဆိုတော့ အမေ တော်တော်လေးဝမ်းသာသွားတာမို့ အပြေးအလွှားနဲ့ဖုန်းသွားကိုင်ပါတယ် ။ အဖေ အမေ့ကိုဘာပြောလိုက်လဲကျွန်တော်မသိပေမယ့် အမေမျက်နှာကတော့ တော်တော်ဝမ်းသာနေတဲ့ပုံပါပဲ ။ ကျွန်တော်ကို သူ့အနားလာခိုင်းပြီး မနက်ဖြန်အဖေ့ဆီကိုသွားကြမယ်လို့ပြောပါတယ်။ အဖေနဲ့မတွေ့ရတာတော်တော်ကြာပြီဖြစ်တဲ့အပြင် ကျွန်တော်က အခု တတိယတန်းကျောင်းသားကြီးဖြစ်နေပြီမို့ ကျွန်တော့် ကျောင်းကအကြောင်းတွေ ၊ ကျွန်တော့်စက်ရုပ်အကြောင်းတွေ ၊ အမေ တစ်ခါတစ်ခါဖွင့်ပြတဲ့ ပါဝါရိန်းဂျားကားအကြောင်းတွေ ၊ Ben Ten အကြောင်းတွေ အဖေ့ကိုပြောပြချင်ပါတယ် ။ အမေကတော့ ကျွန်တော်ဘာပြောပြောစိတ်မဝင်စားဘဲ သူလုပ်စရာရှိတာကိုပဲလုပ်နေတတ်တာမို့ ကျွန်တော်က အဖေ့ကိုပိုပြောပြချင်တာပါ ။

အမေနဲ့ကျွန်တော် ကားစီးပြီး အဖေရှိရာကိုသွားကြပါတယ် ။ ကားဂိတ်သို့အသွား အမေ့သူငယ်ချင်းတွေနဲ့လမ်းမှာတွေ့တော့ “သူ့အဖေဆီကိုသွားလည်တာလေ” ဆိုပြီးအမေပြောခဲ့ပါတယ် ။ အဖေဆီကိုသွားလည်တာမှန်ပေမယ့် အပျော်သွားလည်တာမဟုတ်မှန်း အမေရော ကျွန်တော်ပါသိကြပါတယ် ။  “ဟန်ကိုယ့်ဖို့ဆိုတာရှိတယ်လေသားရယ်” ဆိုပြီး အမေပြောပေမယ့် ကျွန်တော်ကတော့ လူကြီးတွေကိစ္စသိပ်နားလည်တဲ့သူမဟုတ်တော့ ဘာမှမပြောဘဲငြိမ်နေမိပါတယ်။ အဖေရှိတဲ့အရပ်က ဘယ်လောက်တောင်ဝေးလဲမသိဘူး ကျွန်တော်တို့ ကားနဲ့နှစ်ညသွားရပါတယ် ။တောင်အမြင့်ကြီးတွေကျော်ပြီးသွားရသလို ကားလမ်းတွေက ဆိုးလွန်းတော့ အမေခဏခဏ မူးပြီး အန်ပါတယ် ။ ကျွန်တော်ကတော့ ကားလှုပ်တိုင်းလှုပ်တိုင်း ငယ်ငယ်တုန်းက အိပ်ခဲ့တဲ့အဘွားအိမ်က ပုခက်လို ကျွန်တော့်ကိုချော့သိပ်နေလေတော့ ခဏခဏအိပ်ပျော်သွားတတ်ပါတယ် ။ “ခရီးပန်းတယ်သားရယ်” လို့အမေပြောပေမယ့် ကျွန်တော်ကတော့ အဖေနဲ့တွေ့ရမှာမို့ ပျော်နေမိပါတယ် ။

ခါတိုင်းနဲ့မတူဘဲနေခြစ်ခြစ်တောက်ပူတဲ့မနက်ခင်းတစ်ခုမှာ ကျွန်တော်တို့ရဲ့ပထမခရီးစဉ်အဆုံးသတ်ပြီး အဖေရှိတဲ့နေရာကိုသွားဖို့ ခရီးစဉ်ထပ်ပြောင်းရပါသည် ။ ကျွန်တော်က ဒီခရီးဆုံးရင် အဖေနဲ့တွေ့ရမယ်ထင်ထားပေမယ့် တကယ်တမ်းကျတော့ ထိုနေရာကနေ ကားတစ်ဆင့်စီးပြီးမှ အဖေ့ဆီကိုရောက်မှာပါ ။ အဖေ့အသိဆိုတဲ့အိမ်တစ်အိမ်မှာခဏနားပြီး အဖေ့အသိက အဖေ့ဆီကိုလိုက်ပို့မယ်လို့ပြောပါတယ် ။ ဆင်းရဲခြင်း ၊ ချမ်းသာခြင်းကို ကျွန်တော်သိပ်နားမလည်ပေမယ့် နုံချာညံ့ဖျင်းခြင်းကို ကျွန်တော်အထိုက်အလျောက်နားလည်မိပါတယ် ။ ကျွန်တော်တို့အိမ်မှာ တယ်လီဖုန်းမရှိ ၊ စလောင်းမရှိ ၊ ကွန်ပျူတာမရှိပေမယ့် အမေက အရာရာတိုင်းကိုသပ်သပ်ယပ်ယပ်နဲ့စနစ်တကျရှိတဲ့အပြင် စည်းကမ်းသေဝပ်သူမို့ ကျွန်တော်တို့အိမ်လေးက မချမ်းသာပေမယ့် မနုံချာပါဘူး ။ အခုကျွန်တော်ရောက်နေတဲ့အိမ်ကတော့ ဘယ်လိုပြောရမယ်မှန်းကျွန်တော်မသိပေမယ့် အမေနဲ့ကျွန်တော်ထိုင်စရာနေရာပင်မနည်းရှာယူရပါတယ် ။ အိမ်ဝမှာ စလောင်းခွက်ကြီးတွေ့ခဲ့တော့ ကာတွန်းကားတွေ အများကြီးကြည့်လို့ရမှာပဲလို့ ကျွန်တော်တွေးနေမိပါတယ် ။ ဒါပေမယ့် သူတို့အိမ်က ကလေးနှစ်ယောက်က ရမုတ် (remote control)လုနေကြတာမို့ ကာတွန်းကားလည်းကောင်းကောင်းမကြည့်ရပါဘူး ။

“ဦးဇော် ကျေးဇူးတွေအများကြီးရှိတယ်” အိမ်ရှင်က ကျွန်တော့်အဖေအကြောင်းတွေပြောပါတယ်။ အဖေဟာ သူတို့အပေါ်ဘယ်လိုကောင်းခဲ့မှန်းကျွန်တော်မသိခဲ့ပါဘူး ။ ဒါပေမယ့် အဖေဟာ သူများအပေါ်မှာ စိတ်ထားကောင်းတဲ့သူတစ်ယောက်မှန်း ကျွန်တော်ကောင်းကောင်းသိနေခဲ့ပါတယ်။ ကျွန်တော်တို့ထိုအိမ်မှာတစ်ညအိပ်ပြီး အဖေရှိရာကိုကားစီးပြီးထပ်သွားကြပါတယ် ။ ညနေ မှောင်ရီပျိူးစအချိန်မှာ အဖေရှိရာကို ကျွန်တော်တို့ရောက်လာခဲ့ပါတယ် ။ အဖေ့ကိုချက်ချင်းတွေ့ရမယ်လို့ ကျွန်တော်ထင်ပေမယ့် တကယ်တမ်းတော့ မတွေ့ခဲ့ရပါဘူး ။ နောက်နေ့မနက်ကျမှ ကျွန်တော့်ဖေဖေဟာ အဖြူရောင်ဝတ်စုံကြီးဝတ်ပြီး သံခြေချင်းတွေဝတ်ထားတာ သနတ်ကိုင်ထားတဲ့လူတစ်ယောက်နဲ့အတူ ကျွန်တော်တို့ဆီကိုလာတွေ့ပါတယ် ။ အမေကတော့ ထုံးစံအတိုင်းတရှုံ့ရှုံ့ထပ်ငိုပြန်ပါတယ် ။ မတွေ့တာကြာပြီဖြစ်သော အဖေ့မျက်နှာသည် ဘာတွေပြောင်းလဲသွားမှန်းကျွန်တော်မသိပေမယ့် ခါတိုင်းနဲ့မတူတော့တာအမှန်ပါပဲ ။  “လှေမဆွဲနိုင်လို့ အရိုက်ခံရတာ ရှေ့သွားသုံးချောင်းကျိူးသွားတယ်” လို့အဖေပြောတော့ အမေထပ်ငိုပြန်ပါတယ်။

အမေနဲ့ကျွန်တော်တို့ အဖေရှိတဲ့အရပ်မှာ နွေရာသီသုံးလလုံးလုံးနေခဲ့ကြတယ် ။  ကျွန်တော့်တို့အဖေကိုလာတွေ့သလို တခြားလာတွေ့ကြတဲ့မိသားစုတွေရှိကြတာမို့ ကျွန်တော့်အတွက်စကားဖော်တွေလည်းရှိပါတယ်။ ပူပြင်းခြောက်သွေ့လွန်းတဲ့နေရာမှာ အိပ်လိုက် ၊ စားလိုက် ၊ ကစားလိုက် ၊ အဖေလာမယ့်အချိန်ကိုမျှော်လိုက် ၊ အမေဆီမှာစာသင်လိုက်နဲ့ ကျွန်တော်တို့ တစ်နွေရာသီလုံး ဘယ်လိုကုန်သွားလို့ ကုန်သွားမှန်းတောင်မသိတော့ပါဘူး။ ထပ်နေချင်သေးပေမယ့် ပြန်ချိန်တန်တော့ ကျွန်တော်တို့ပြန်လာခဲ့ကြပါတယ် ။ အမေကတော့ တရှုံ့ရှုှုံ့ငိုရင်း အိမ်ပြန်လက်ဆောင်တွေဝယ်ပြီး အပူရုပ်ကိုဟန်လုပ်ပြီးသွားပါတယ်။ ကျွန်တော့်ကိုလည်း ကားစက်ရုပ်တစ်ရုပ် အပြင် အကျီင်္အသစ်ကလေးတွေဝယ်ပေးပြီး လူတွေမေးရင် အဖေဝယ်ပေးတယ်ပြောဆိုပြီးမှာပါတယ် ။ အိမ်ပြန်ရောက်တော့ ကျွန်တော့်ကိုလူတွေကမေးကြတယ် အဖေနဲ့အတူတူပျော်ခဲ့ရဲ့လားတဲ့ ။ အဖေအကျီအဖြူ ၊ ပုဆိုးအဖြူဝတ်ရမှန်း ၊ သံခြေချင်းဝတ်ရမှန်း ၊ အစောင့်နဲ့သွားရမှန်း သူတို့သိအောင် ကျွန်တော်မပြောပြချင်တော့ပါဘူး ။ ကျွန်တော့်အဖေမှာ ရှေ့သွားသုံးချောင်းမရှိတော့မှန်းလည်းသူတို့သိမှာမဟုတ်ပါဘူး ။ ဘာပဲပြောပြော အဖေဟာ ယုံကြည်ချက်ကြောင့်ဖြစ်ဖြစ် ၊ ကျွန်ဝယ်ရာမှာအဆစ်ပါသည်ပဲဖြစ်ဖြစ် ကျွန်တော့်အတွက်ကတော့ထာဝရသူရဲကောင်းပါပဲ ။ တစ်နေ့နေ့မှာတော့ အဖေဟာ ပျောက်သွားတဲ့ကြောင်မလေးလို ကျွန်တော်တို့ရှိရာကိုပြန်ရောက်လာမယ်လို့ ယုံကြည်နေဆဲပါ။

blog မှာလည်းဖော်ပြပြီး ဂျာနယ်တစ်စောင်မှာလည်းဖော်ပြပြီးတဲ့စာမူလေးတစ်ခုပါ ။ ရွာမှာပိုစ့်မတင်တာကြာလို့ အမှတ်တရတင်လိုက်တာပါ ။
သတိရလျက်
ဆုမြတ်

7 comments

  • kyeemite

    March 4, 2014 at 2:34 pm

    ပြီးခဲ့တဲ့ ကာလတစ်လျှောက်….
    အဲဒီလို “ပြန်မလာနိုင်သူ”တွေ မနည်းမနောရှိခဲ့ကြတာပဲနော…
    စာရေးကောင်ပြီးသားမို့ ဘာအကြောင်းရေးရေးဖတ်လို့ကောင်နေတာပဲ…အားပေးနေပါတယ်နော 🙂

  • Paing Lay

    March 4, 2014 at 4:07 pm

    အမဆုမြတ်မိုး ပို့စ်ကိုမြင်မှ ကယန်းပဒေါင်အလှ ရုပ်ရှင်တောင် ထပ်ကြည့်ချင်စိတ်ပေါက်သွားပြီ 😥

  • Crystalline

    March 5, 2014 at 2:41 pm

    အင်း….စိတ်မကောင်းစရာ :((

  • မမချွိ

    March 5, 2014 at 2:47 pm

    ရေးတတ်လိုက်တာ။
    စိတ်မချမ်းသာဖြစ်ရတယ်။

    :hint:

  • Ma Ma

    March 5, 2014 at 7:14 pm

    စိတ်မကောင်းစရာ အဖြစ်အပျက်လေးပါပဲ။
    ပြန်မလာနိုင်သူ ဆိုတဲ့ပိုစ့်နဲ့ ပြန်လာတဲ့ ဆုမြတ်မိုးကို လှိုက်လှဲဝမ်းသာ ကြိုဆိုပါတယ်။ 🙂

Leave a Reply