” မကောင်းကျောင်းပို့ ဆိုစကားမို့”

 

” အဘ အဘကုတင်က ခုနှစ်ဆွေးရှစ်ဆွေးကကုတင်ကြီး ဟောင်းလည်းဟောင်းနေပြီ ခေတ်ပေါ်သံကုတင်နဲ့ လဲလိုက်ပါလား မြေးဒီလကုန် လစာရရင်ဝယ်ပေးမယ်လေ တစ်ခုတော့ရှိတယ် အဘ အခုကုတင်ကြီးသာ ဘယ်သွားပစ်ရမလဲ အဘစဉ်းစားထား”

” ဒါများငါ့ မြေးရယ် ပူတတ်ရန်ကော် ဒို့ကိုးကွယ်နေတဲ့ဘုန်းတော်ကြီးကျောင်း ပို့လိုက်တာပေါ့”

……………………………………………………………………..

” ဘုရားကျောင်းဆောင်တစ်ခု ဝယ်လာတယ် မိန်းမရေ”

” ဟင် မောင်ကလည်း အခုဘုရားကျောင်းဆောင်အဟောင်း က ဘယ်မှာသွားထားမှာလဲ တစ်အိမ်ထဲ ဘုရားကျောင်းဆောင်နှစ်ခုထားတော့လည်း ဘယ်လှပါ့မလဲ”

” ဒီအတွက်တော့ မပူပါနဲ့ ဘုရားကျောင်းဆောင်အဟောင်းကို ဘုန်းကြီးကျောင်းပို့ပြီး လှုလိုက်မယ်လေ”

…………………………………………………………………………..

” ငါ့ ရွာဦးဘုန်းတော်ကြီးဆီ သွားလိုက်အုံးမယ်ကွ မယ်ဖော့ရေ”

“ရှင်ကလည်း နေ့လည်စာထမင်းလေးဘာလေး စားပြီးမှသွားရောပေါ့”

” နေ့လည်စာထမင်းစားပြီးမှဆို ဘုန်းတော်ကြီးကျိန်းနေတာဆို အားနာနေရမှာမို့ပါ မကြာလှပါဘူး”

“ဒါနဲ့နေပါအုံး ဘာအကြောင်းရှိလိုလဲ တော်ရေ”

” ဟ ဘာအကြောင်းရှိရမလဲ မင်းသားဟိုငမျောက်လောင်းတွေလေ ကျောင်းလဲပိတ်ရော ဆော့လိုက်တာ မျောက်တောင်မူးလဲမလားဘဲ တစ်နေ့လုံးမျက်စိကိုနောက်နေတာဘဲ ဝါးဖျာယက်တာကောင်းကောင်းကို မယက်ရဘူး ဒါနဲ့ စဉ်းစားမိတာ ကလေးတွေလည်းရှင်ပြုကိုယ်ရင်စီးကုသိုလ်လဲရ မျက်စိနောက်လည်းသက်သာ အဲဒါဒီကောင်သုံး ကောင်ကို ဒီတစ်နွေကိုရင်ဝတ်နဲ့ ကျောင်းပို့ထားလိုက်မလားလို့ အဲဒါ ဘုန်းတော်ကြီးဆီ သွားလျှောက်မလို့”

“ကိုရင်စီးပေးတာတော့ ကောင်းပါတယ် ဒါပေမယ့်ရှင်ဟာက မကောင်းကျောင်းပို့ဖြစ်နေမလားဘဲ”

……………………………………………………………………………………..

” အမေ အမေ့ကြောင်က သမီးတန်းမှာလှမ်းထားတဲ့ထမီတွေကို သေးပန်းသွားတယ်နော်”

“အေးဟယ် ငါလဲစိတ်ညစ်ပါတယ် ဟိုတစ်နေ့ကဘဲ အိပ်ယာခင်းလျှော်ပြီးလှမ်းထားတာ သေးပန်းသွားလို့ ထပ်လျှော်ရတာမောပါကွယ်”

” ဒီလိုလုပ်ပါလားအမေ ဒီတစ်ပတ်ဆွမ်းဂျိုင့်ပို့ရင်း အဲဒီကြောင်ကိုခေါ်သွားပြီး ဘုန်းကြီးကျောင်းပို့ခဲ့ရင် မကောင်းဘူးလား”

…………………………………………………………………………………………….

” ဒီတစ်ခေါက်တွေ့ဆုံပွဲမှာ ငါ ဆုလက်ဆောင်အဖြစ် နာရီလေးတစ်လုံးရတယ်ကွ “

” ဟေ ဟုတ်လား ဒါဆို မင်းဆုလက်ဆောင်နာရီလေးကို မင်းအိမ်လာလည်ဖြစ်တဲ့အခါ ကြည့်အုံးမယ်ကွာ”

” ငါအိမ်မှာချိတ်မထားဘူးကွ “

” ဒါဆိုဘယ်ရောက်သွားလို့လဲ “

” ဘုန်တော်ကြီးကျောင်းပို့ပြီး လှုလိုက်ပြီ”

” ဟင် ဒါဆို မင်းဟာက မကောင်းကျောင်းပို့လားကွ “

” ……………………………………….”

………………………………………………………………………………………………….

 

မှတ်မှတ်ရရ အမှတ်တရအဖြစ်

ရခဲ့လက်ဆောင်

တန်ဖိုးနည်းများ ပဓာဏမထား

ထိုအချိန် ထိုအခါက

ပြုခဲ့မှုသည် ပြန်လည်ဖန်တီး

ရနိုင်ခွင့်များ မရှိနည်းပါးလို့

တန်ဖိုးသည်က နှိုင်းဆမရ။

 

 

 

ခင်ခ။

 

About ခင္ခ

ခင္ ခ has written 458 post in this Website..