17-Mar-2014

ဒီနေ့ တီချယ်နု မွေးနေ့ပါ။
မွေးနေ့ ပို့(စ) လေး ရေးချင်တော့ လွန်ခဲ့တဲ့ ၁၅/၁၆ နှစ် က တီချယ်နဲ့တွေ့ခဲ့တဲ့ အမှတ်တရလေးတွေ ကိုယ့်မှတ်ဉာဏ်ထဲက ပြန်ဖော်ရတယ်ရယ်။
သေချာစဉ်းစားကြည့်ပြီးမှ အချိန် ၁၆ နှစ်ဆိုတာကို သတိထားမိပြီး လန့်သွားတယ်။ ဟုတ်တယ်။ အဲဒီလောက်ကြာသွားပြီကွယ်။
ဒါပေမဲ့ ပြန်တွေးတော့လည်း မနေ့တနေ့ကလိုပဲ။

၁၉၉၈ ကိုယ် ၁၀ တန်း အောင်စာရင်းထွက်ပြီးခါစမှာ တီချယ်ဆီ စရောက်တာ။ မလာခင်ကတော့ တီချယ် တော်တာ၊ ထက်တာတွေ ကြားဖူးနေခဲ့တယ်။
ကိုယ့်ဖိုးဖိုးက သူ့ ကျောင်းက တော်တဲ့ ထက်တဲ့ သူတွေအကြောင်းကို အမြဲပြောပြလေ့ရှိတယ်။
နောက်ပြီး ကိုယ့် မေမေဆို တီချယ် သား ကိုဖိုးချမ်းကို ထိန်းဖူးတာကိုးးး
အဒေါ် ကျောင်းဆရာမတွေကလည်း တီချယ် တပည့်ဖြစ်ဖူးတဲ့ သူချည်းပဲ။
သူတို့ချစ်ကြောက်ရိုသေရတဲ့ မှတ်မှတ်ရရ ဆရာမမို့ ကိုယ်က မမြင်ဖူးခင်ကတည်းက သိနေခဲ့တာတော့ မဆန်းးး။
ဖောင်ကြီးမှာ ငွေဓားရတာတွေ။ လူရည်ချွန် ၃ ထပ်ကွမ်း တာတွေ၊ အင်္ဂလန်ထိ ပညာတော်သင်သွားရတာတွေကို သားရေ တမြားမြား နားထောင်ခဲ့ရတာ။

မျိုးချစ်စိတ်ကြီးပြီး လည်း စွာသတဲ့။ ဟိဟိ။  :mrgreenn:
စည်းကမ်းလည်း ကြီးတယ်လို့ နာမည်ကြီးပါတယ်။

သင်တန်းစတက်တဲ့နေ့ကို မှတ်မိသေးတယ်။ တီချယ်ရဲ့ စည်းကမ်းကို မသိသေးခင်လေ။
အချိန်စောလာမိတယ်။
ခြံရှေ့ကနေ ဆိုင်ကယ်ဟွန်းတီးမိတယ်လေ။
အဲဒါမျိုး တီချယ်စည်းကမ်းထားတယ် ဆိုတာ နောက်မှ ပြန်သိရတာ။
ဒါပေမဲ့ အဲဒီ စည်းကမ်းမိခဲ့တော့ အချိန်နဲ့ ပတ်သက်ရင် ဘယ်နေရာမှ နောက်ကျတာ၊ စောတာ ပြသနာမရှိတော့ဘူး။
အချိန်မှန် ဆိုတဲ့ အဓိပ္ပာယ်ကို သိသွားရတယ်။

နောက် စာသင်ခန်းထဲ မှာ စကား ဟောင်ဖွာဖောင်ဖွဲ့တာ၊ ဟီလာတိုက်တာတွေမကြိုက်တာ စတာတွေသိသွားရပြန်တော့ ဆင်ခြင်မိပြန်တယ်။
စာကို တကယ် အာရုံစိုက်မှ တီချယ်ပြောတဲ့ လုံးပေါက်စေ့ နားဝင်နားဝင်နိုင်တာမို့ ကိုယ့်မှာ စစချင်း အတော် ကြိုးစားရတယ်။
ဒါတွေကိုတော့ “ချမ်းမြေ့ရိပ်ငြိမ် သင်တန်းများ” ပို့(စ) မှာ အသေးစိတ်ရေးဘူးပါရဲ့။

နောက် အာရုံစိုက်မိတဲ့ အချိန်တွေအရောက်မှာတော့ ကိုယ်ဖြင့် လောဘတက်လာပါတယ်။
တီချယ်သင်သမျှ အချိန်တွေ လိုက်တက်ဖို့။
တီချယ် ကလဲ လိုလိုလားလား ကြိုဆိုခဲ့တယ်။
တီချယ်ဆီမှာ ၂ နှစ်၊ ကိုယ်အချိန်ပြည့် အတန်းပြည့် ပညာယူခဲ့ရတာ။ ညနေ ၄ နာရီ ကနေ ည ၈ နာရီထိ တီချယ် နား နေခဲ့ရတာလေ။
ကြုံရင် ကြုံသလို တီချယ် အိမ်က မုန့်တွေ ယူယူစားတာပေါ့။  :mrgreenn:

ကိုယ်ထိုင်တာက တီချယ် ညာဘက်က ခုံမှာ။
တီချယ်အကြောင်းတွေးမိလိုက်ရင် တီချယ်ကို ဘေးတိုက် ညာဘက်က မြင်ရတဲ့ မျက်နှာလေးက ပေါ်ပေါ်လာတယ်။
ကိုယ့် အင်မတန်ချစ်တဲ့ ဆရာ/ဆရာမထဲမှာ တီချယ်ကြီးရယ် ဆရာ နန်းညွန့် ရယ် ပါပါတယ်။

ဘယ်လောက်ချစ်တုန်း သိလားးး
ကိုယ်က ယောက်ခမကိုချစ်မှ သူ့သားကို ယူချင်တဲ့ ဆိုက်ကိုနဲ့မို့ တီချယ် ကို ချစ်ပြီး တီချယ် နားနေချင်စိတ်နဲ့ ယူရင်တောင် တီချယ် သား ကိုဖိုးချမ်းကို ယူမယ်လို့ စိတ်ကူးမိပါသေးးး
(ဟီးဟီးးး ခုမှ ပြောဖူးလို့ စိတ်မဆိုးပါနဲ့ တီချယ်။ အရင်က စ ကြတုန်း က ရှက်လို့ပါ)   :mrgreenn:

နောက်ပိုင်း ဒီ ၁၃ နှစ်အတွင်း အင်္ဂလိပ်စာဆိုတာ ဟုတ်တိပတ်တိမလေ့လာဖြစ်တော့။ တီချယ် ဆီက ရသလောက် ယူခဲ့တဲ့ အသိလေးနဲ့ ခရီးဆက်နေရတယ်။
ပညာတင်လား ဆိုတော့ မဟုတ်။

နေနည်းထိုင်နည်းပါ သင်ကြားပေးတဲ့ ဆရာတစ်ယောက်ပါ။ အဲဒီနေထိုင်နည်း၊ သတ္တိတွေနဲ့ မြန်မာပြည်မဟုတ်တဲ့ နေရာမှာ ရင်ဆိုင်ကျော်လွှားနေတာကိုး။
ပျော့ညံ့တဲ့ မိန်းမ တစ်ယောက်မဖြစ်အောင်၊ နောက်တန်းရောက်မနေအောင် နေတတ်တဲ့ အသိပါရခဲ့တာမို့ပါ။
လူတစ်ယောက်နဲ့ စကားပြောရင် မျက်လုံး ချင်း ရင်ဆိုင်ကြည့်ပြီး မှ ပြောတတ်အောင် သင်ပေးခဲ့တာပါ။
စကားလိုလည်း အိညက် အိညက် မသဲမကွဲပြောတာ မကြိုက်လို့ စကားဘယ်လောက်များများ ပြတ်ပြတ်သားသားပြောဖြစ်အောင် ဂရုစိုက်ဖြစ်ခဲ့တာပါ၊။

တွေ့ဖူးသမျှ ဆရာ/မ တွေထဲ စေတနာအရ၊ ပညာအရ၊ စိတ်ဓာတ်အရပါ အလေးစားဆုံး ဆရာမဖြစ်ပါ၏။

လောကဓံကို အကောင်းဆုံးရင်ဆိုင်နိုင်တဲ့ သူအဖြစ်လည်း လေးစားရပါတယ်။
ကိုယ့် ကို စေတနာ၊ ဂရုဏာ အပြည့်ထားခဲ့တဲ့သူ အနေနဲ့ လည်း ချစ်ရပါတယ်၊
နောက်ပိုင်းကိုယ်ကို ဘာသာရေးအရပါ လမ်းညွှန်နိုင်သူ အနေနဲ့ပါ ရိုသေရပါတယ်။
တီချယ် ကိုယ့်ကို ညွှန်ထားတဲ့ ဘာသာရေးအကြောင်းတွေရှိပါတယ်။

တီချယ်ရေ။
ဒီ အမိုက်မ တော့ ဘာသာရေးဆိုတာ ခုထိ ဝေးနေတုန်းပါပဲ။
စက်ရုပ်ဆန်တဲ့ တိုင်းပြည်မှာ နေမိပြီး ရုပ်ဝတ္ထုတွေနောက်လိုက်နေမိလို့ပါ။

ဒီစာကိုရေးနေရင်းကို အဲဒီ အချိန်တွေကို သတိရမိပါရဲ့။
ခင်ပွန်းကြီး ၁၀ ပါးလို့ ကြားလိုက်မိတိုင်း သတိရတဲ့ အထဲမှာ ကိုယ့် တီချယ်လည်း ရှေ့ဆုံးကပါပါရဲ့။

တီချယ် မွေးနေ့ကို သတိတရ ဒီ စာနဲ့ ကန်တော့ လိုက်ပါတယ် တီချယ်။
ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမိတာ ရှိခဲ့ရင် ခွင့်လွှတ်ပါ တီချယ်ရယ်။
_/\_ _/\_ _/\_

တီချယ်တစ်ယောက် ကျက်သရေရှိတဲ့ မွေးနေ့မှသည် အသက်ရှည်ရှည်၊ အနာကင်းကင်းနဲ့ ကောင်းမွန်သော၊ တော်သော တပည့်လေးများ ဆက်လက် မွေးထုတ်နိုင်ပါစေ တီချယ်။
ပျော်ရွှင်ပါစေ ဆုတောင်းရင်း။

ချစ်တပည့်၊
KZ
~~~~~~~~~~~~~~~~~~~~~~~~~~~

 

ချမ်းမြေ့ရိပ်ငြိမ် သင်တန်းများ(၂၀၁၂ က ဒီ ရွာမှာ တင်ဖူးပါတယ်.. တီချယ် ပေ့(ချ) မှာ တင်ဖူးတာကို နည်းနည်း တည်းဖြတ်ထားတာပါ)

တီချယ်ရဲ့ အားပေးမှုတွေနဲ့ စာတွေရေးတင်ဖို့ စိတ်အားတွေထက်သန်လာပေမဲ့ ရေးစရာ အကြောင်းအရာကလည်း စဉ်းစားရပြီလေ။
အစားအသောက်ပို့(စ) တွေချည်းပဲလည်း ရေးလို့မဖြစ်သေးဘူး။ (ဝါသနာ ခဏ နားထားမှ)။

ခံစားချက်လေးတွေ ရှယ်လို့ရအောင် ဒီ ချမ်းမြေ့ရိပ်ငြိမ် က သင်တန်းလေးတွေကို အဓိက ထားရေးမလားလို့။

ကဲပါ … အချီတွေ နိဒါန်းတွေကြာနေပြီ။ ရေးပါတော့မယ်။

ကိုယ့် တီချယ်ကို စတွေ့ဘူးတော့ အသက်က ၁၆ နှစ် စွန်းစွန်းပဲရှိသေးတယ်။

အဲဒီမတိုင်ခင်က ကိုယ့် အဖေပြောင်းတဲ့ နယ်တွေကို လိုက်နေရတာ။

အင်္ဂလိပ်စာ ဆိုတာ မိခင်ဘာသာမဟုတ်ဘူးဆိုပြီး နည်းနည်းအားစိုက်လေ့လာတာလောက်ရှိတာ။
အဒေါ်တွေက အကုန် ဆရာမတွေ …ကိုယ်က တူမ အဦး၊ ကိုယ့်မြင်ရင် စာပဲ မေးချင်၊ သင်ချင်တာလေ…..
မြင်လိုက်တာနဲ့ Verb to be နောက်က ဘာလိုက်တုန်းဆိုတာလောက်အနည်းဆုံးမေးလိုက်ရမှ။ အဲဒီလိုနဲ့ သီဝရီမှန်သမျှတော့ ဘိုင်ဟာတ် ပဲ။  :mrgreenn:

အဲ! အင်္ဂလိပ်လို ပြောဖို့ကတော့ အိမ်မက်မမက် စဉ်းကို မစဉ်းစားတာ။ ဒီ သမီးလေးကို လဲ နိုင်ငံခြားဆိုတဲ့ဟာကြီးကို လွှတ်ဖို့စိတ်ကူးမရှိ၊ ကိုယ်တိုင်ကလည်း သက်သာရာသက်သာကြောင်းပေါ့။ ဒါပေမဲ့ ၁၀ တန်းအောင်ပြီး နယ်မှာလိုက်နေနေတုန်း အဖိုးက သူနဲ့လာနေစေချင်တာရော၊ တိုးတက်ရာတိုးတက်ကြောင်းလုပ်စေချင်တာရောနဲ့ မန္တလေးခေါ်ပြီး ဘာသင်တန်းတက်မတုန်းပေါ့။
အဲဒီအချိန်က ဖေ့ဘွတ်လည်းဝေး၊ ဂျီမေးလည်းမမြင်ဘူး၊ ချတ်တင်ဆိုတာ မကြားဘူး ဆိုတော့ ကိုယ့်အတွက် ကွန်ပြူတာဆိုတာ ချို နဲ့လားပဲ။ (ခါးခါးသီးသီးကို ငြင်းတာဗျ)။  :mrgreenn:

ကိုယ်ကလည်း ကိုယ့်အကြံနဲ့ ကိုယ်ပေါ့။ ကိုယ်က ဆရာဝန်ဖြစ်မဲ့သူပေါ့လေ။ အင်္ဂလိပ်လို မွှတ်မွှတ်ပြောတတ်မှ မန်း ဆေးကျောင်းက သူတွေကို အထင်မသေးနိုင်မှာပေါ့၊ ဘာပေါ့ ညာပေါ့နဲ့ ထင်တလုံးနဲ့ အင်္ဂလိပ် စပိကင် ပဲ တက်မယ် ပေါ့လေ……
နောက်တော့လည်း ဆရာဝန်ဖြစ်ဖို့မဆိုထားနဲ့၊ ဆရာဝန်ကတော်ကို မဖြစ်လိုက်ဘူး။
(ဟယ်!!! ကိုယ်ရေးကိုယ်တာတွေပေါ်ကုန်ပြီ၊ ရပ်မှ)။ :mrgreenn:

ဒီလိုနဲ့ တီချယ်နုဆီ ရောက်လာပါလေရော။ (ရေးချင်တာက ခုမှလာတာ။ မွေးရာပါ လေကြောရှည်သူမို့ သည်းခံကြပါ။)

:mrgreen:

၁) ပထမဆုံး တက်ရတာက Survival တန်း 
တကယ်ကို အသုံးဝင်တဲ့ ထမင်းစားရေသောက် ပြောစကားများဆိုပါတော့။
အဲဒီမှာ အသံထွက်အမှားတွေစတွေ့တော့တာပါပဲ။ :p:
တသက်လုံး အရိုးစွဲလာတဲ့ အသံထွက်တွေ ကွဲတာပဲ။
အဲဒီ အတန်းရဲ့ အကျိုးကတော့ ခုဆို သူများပြောရင်ကြောင်မနေပဲ တုံ့ပြန်စကားထောက်နိုင်တာမျိုးပေါ့လေ။
(Yes/No/Ok) က မတက်တဲ့ သူတွေထက်ပို ဖောနိုင်ပါတယ်။

၂) နောက်တော့ ပရိုဂရမ် တစ် လို့ပေးထားတဲ့ အပြန်အလှန်စကားပြောခန်းတွေပါတဲ့ သင်ခန်းစာတွေ စတယ်ခင်ဗျ။
အဲဒီ သင်ခန်းစာကတော့ယူတတ်ရင် အင်္ဂလိပ်စကားပြောသာမက ရုပ်ရှင်မင်းသမီးပါဖြစ်နိုင်ပါတယ်။
ဇာတ်ကွက်လေးတွေကို ဇာတ်ကောင်လေးတွေခွဲပြီး တစ်စုချင်း သရုပ်ဆောင်ရတာပါ။
ဟမ်မလေး! စာလည်းမမေ့ရ၊ အမူ အယာလည်းမကြောင်ရ ဂရုစိုက်ရတဲ့အပြင် လူကြားထဲသရုပ်ဆောင်ရတာ အတော်ရင်ခုန်ပါတယ်။

:-D

၃) မရှေးမနှောင်းမှာ ပရိုဂရမ် နှစ်ကြီး ကို ကိုယ်တို့ တီချယ်က ဆက်တက်ခိုင်းပါတယ်ဗျာ။
ပြောရတဲ့ ဒိုင် တွေက ကြီး/မြင့်/ရှည် တွေပါ။
စကားလုံး တွေ ကြီးမြင့်ရတဲ့ အထဲ စာကြောင်းတွေက အရှည်ကြီးပါ။
တီချယ်က လေသံတစ်ဆက်တည်း ပြောတာလည်းမကြိုက်တော့၊ လေယူလေသိမ်းက အစ အတော်ဂရုစိုက်ရပါတယ်။
တက်ရတဲ့ အထဲမှာ အရီရဆုံး၊ ပျော်စရာ အကောင်းဆုံးပါ။
(ခုလို ဗီဒီယို ရိုက်လို့ရတဲ့ ဖုန်းတွေ မဖောသီတဲ့ခေတ်မို့ပေါ့။ အိမ်ရောက်ရင်ပြန်ပြန်ပြောပြပြီး ရီရတယ်)။ :mrgreenn:
ဒီ နှစ်ခုရဲ့ ကောင်းမှုကတော့ ဒိုင်ယာလော့ တွေရဲ့ လေယူလေသိမ်း ကို အကျင့်ရခြင်း၊ စကားပြော ဝါကျ တည်ဆောက်မှုကို လေ့လာနိုင်ခြင်း၊ ရဲရင့် သွက်လက်လာခြင်း၊ အမူအယာပိုကောင်းလာခြင်းတို့ပါပဲ။
ကိုယ်ဆို အဲဒီတုန်းက အင်္ဂလိပ်စကားပြော ရုပ်ရှင်တို့ ဆာတိုရီတို့ ရဲတိုက်တို့မရှိလို့မင်းသမီးမဖြစ်တာ။

(ဟမ်!!! ပေါရဲလိုက်တာနော်)။   :s:

၎) နောက်တစ်ခုက Phonetics ပေါ့။
စတက်ခါစက ဘာပါလိမ့်ပေါ့။
ကိုယ်တွေ ဝေးချက်ကလည်း အသံထွက်ဆိုတာ ဆရာ/မ ပါးစပ်ထဲပဲ ရှိတယ်မှတ်တာ။

Dictionary ကြည့်နည်းတွေပါသင်တော့မှ ဪ ဂလိုကိုးပေါ့။  :mrgreenn:

(ဟင် ပေါ့။ ကိုယ့်အဒေါ်တွေ အပါအဝင်ပေါ့ အင်္ဂလိပ်စာ ဆရာ/မ တွေ Dictionary ကိုင်တာ မမြင်ဘူးဘူးပေါ့ စသည်ဖြင့် တိုးတိုးတိတ်တိတ် တွေးရသေး။)  :roll:

တီချယ်သင်တန်းက ပြန်လာပြီး အဘိဓာန်လို့လည်း ပြောရော ကိုယ့်ကို ဝမ်းသာအားရ စာအုပ်စင်က ယူပေးကြတာဗျား……။
(ဪ တော်ပါသေးရဲ့။ စာအုပ်စင်မှာ ရှိပါသေးပေါ့)။  :mrgreenn:


အကျိုးကတော့….

အသံထွက်ကို ပြီးပြီးရောမထွက်ရဲတော့ခြင်း၊

မစစ်နိုင်ရင်တောင် စာလုံးပေါင်းတွေကို ကြည့်ပြီး အနီးစပ်ဆုံး အသံထွက်ခန့်မှန်းနိုင်ခြင်း၊

အသံထွက်တွေ ကို ဗမာလို ရေးစရာ မလိုတော့ခြင်း၊
(အိမ်တွင် လူကြီးများ၏အသံထွက်အမှားများကို လိုက်ပြင်မိ၍ အခေါက်ခံရခြင်း) စသည်ဖြင့်ပေါ့လေ။   

:b:

 ၅) အီဒီယမ် အဘိဓာန် –
ကိုယ့်အတွက် အတော်အားစိုက်ရတဲ့ အတန်းပါ။
ပေးထားတဲ့ စကားစုရဲ့ တိုက်ရိုက်အဓိပ္ပယ်ကို မဟုတ်ပဲ သူသက်ရောက်တဲ့ သွယ်ဝိုက်အဓိပ္ပယ်ကို မှတ်ရတာပါ။
ဝတ္ထုဖတ်တဲ့သူတွေ အတွက် အလွန်အသုံးဝင်ပါတယ်။

(အဲ့ဒီ စကားလုံးတွေ သုံးပြီး ရေးထားတဲ့ ရည်းစားစာ ခုထက်ထိရှိသေးဗျ။)     :s:

 ၆) Discussion တန်းပါ။ အပြောဦးစားပေးတန်းပေါ့လေ။
တီချယ်မြှောက်စားလို့ မမှီတဲ့ပန်းကို တုံးခုပြီးလှမ်းပါတယ်။
ဆရာ့ ဆရာကြီးများထဲ ကိုယ် အသက်အငယ်ဆုံးပါ။
စိတ် အလှုပ်ရှားရဆုံး အတန်းပေါ့။
လူရှေ့ ဗမာ လိုပြောဖို့မဖြစ်မြောက်သောသူအတွက် ရှေ့ထွက် အင်္ဂလိပ်လိုပြောရမယ်ဆိုတော့ စဉ်းစားကြည့်ပါ။
ကိုယ့် Presentation အတွက် လာမဲ့မေးခွန်းတွေလည်း ကိုယ်ပဲတာဝန်ယူဖြေရပါတယ်။
တော်တော် ချောင်ပိတ်ရင် တီချယ်ကူဖြေပါတယ်။
အချိန်နည်းနည်းကြာလာတော့ ကြောက် ကျောပြတ်သွားပါတယ်။
ကိုယ်ပြောမဲ့စကားတွေ အထားအသိုမှန်၊ အသံထွက်မှန်အောင်၊ လာမဲ့ မေးခွန်းတွေကို ဘယ်လိုဖြေမယ်ပဲ ဂရုစိုက်ရပါတော့တယ်။
Presentation ပြီး လို့ ရလာမဲ့ တီချယ်စာရွက်ထဲက မှတ်ချက်လေးတွေကို တော့ အတော်မက်မောတယ်။
အမျိုးမျိုးပါပဲ။ တီချယ် မှတ်ချက်တွေကမထပ်ဘူး။
အဲဒီ စာရွက်လေးတွေ ခုထိရှိသေးပါရဲ့။
အဲဒီရလာဒ်တွေက အခု လုပ်ငန်းခွင်က Presentation တွေမှာ သူတို့မေးနိုင်မဲ့မေးခွန်းတွေပါ ကြိုစဉ်းစားပြင်ဆင်နိုင်သွားပါတယ်။
ကြောက်လည်းမကြောက်တတ်တော့ပါဘူး။

 ၇) Reading တန်း 
အကြိုက်ဆုံး၊ မပျက်ကွက်ချင်ဆုံးအတန်းပါ။
တီချယ် ရွေးပေးတဲ့ အကြောင်းအရာ၊ စာပိုဒ်၊ သီတင်း စတာတွေကို ဖတ်ပြီးဘာသာပြန်ရပါတယ်။
စစချင်းတော့ ရှာလိုက်ရတဲ့ စကားလုံးတွေ၊ အဘိဓာန် လက်ကမချရပါဘူး။
တော်တော်ကြိုးစားပြီးနောက်မှာ ကျင့်သားရသွားတာက သုံးခေါက်လောက် ကြည့်ပြီးသား စာလုံးကို အလွတ်ရသွားပြီး၊ စာတစ်ကြောင်းကို အကြမ်းဖျင်း ဘာသာပြန်နိုင်သွားပါတယ်။
လူရှေ့မှာ ပြန်ရမဲ့ မြန်မာဘာသာအတွက် ဗမာလို အဆင်ချောအောင်လည်း စိတ်ထဲက စဉ် ရပါသေးတယ်။

၈) Business English
ခုထိ အဲဒီ စာအုပ်လေးကို ယူလာပြီး ပြန်ပြန်ကြည့်ရပါတယ်။ အင်တာဗျူး က အစ၊ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး အဆုံး မှတ်သားစရာတွေချည်းပါပဲ။
အဲဒီ အတန်းမရှိတော့ရင်တော့ တီချယ်ကို ပဲ မေးကြည့်ကြပါ။

ခု ကလေးတွေတော့ အရင်က သင်တန်းတွေနဲ့ တူ မတူမသိတော့ပါဘူး။ ဉာဏ်တွေကတော့ ကိုယ့်ထက်ကောင်းကြမှာပါ။
ကိုယ်တွေ တက္ကသိုလ်ရောက်တဲ့ အချိန်ကနေ ခုထိ အင်္ဂလိပ်စာကို ဟုတ်တိပတ်တိ မကိုင်ဖြစ်တော့ပါ။
တီချယ်နားမှာနေခဲ့တဲ့ ၂ နှစ်ကာလက သိမှတ်ခဲ့တာလေးနဲ့ ဒီ အချိန်ထိ အသက်ဆက်နေခဲ့ရတာပါ။
ကျေးဇူးအများကြီး တင်ပါတယ်တီချယ်။ ဒီတစ်ခုတော့ ဒီမှာပဲ အဆုံးသတ်ပါရစေ။
တီချယ်ကို လည်း အပြီးသတ် ချောက်ချ (အဲလေ) အကြံပေးချင်တာက Listening အတွက် ရုပ်ရှင်ပြတဲ့ အတန်းတို့၊ အင်္ဂလိပ်သီချင်း အဆိုပြိုင်ပွဲတို့ လုပ်ပေးပါလို့။

:-D

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 353 post in this Website..

CJ # 129120