ရွှေတြိဂံသို့ အလည်တစ်ခေါက် (၅)
ညဘက် ဟိုတယ်မှာ အေးအေးဆေးဆေးအိပ်လို့ရပါပြီ။ ထိုင်းစံတော်ချိန်နဲ့ မြန်မာအချိန်က ၃၅ မိနစ်ကွာပါတယ်။ နောက်တစ်နေ့မနက် ထိုင်းစံတော်ချိန် မနက် ၈ နာရီမှာမှ ခရီးစထွက်မှာမို့လို့ အစောကြီးထစရာ မလိုတော့ဘူး။
မယ်ဆိုင်က ဟိုတယ်တွေအကြောင်း သိသလောက်ပြောပြချင်ပါတယ်။ ကျွန်မတို့တည်းတဲ့ဟိုတယ်က သာမန်အဆင့်ပါပဲ။ 3 stars အဆင့်လောက်တော့ ရှိတယ်။ အခန်းတစ်ခန်းမှာ အိပ်ယာအကြီးတစ်ခု၊ အသေးတစ်ခုပါတယ်။ ၃ ယောက်အိပ်လို့ရပါတယ်။ ရေပူရေအေး၊ အဲယားကွန်း၊ တီဗီ၊ ရေခဲသေတ္တာ၊ မနက်စာပါပါတဲ့ အခန်းတစ်ခန်းကို ဘတ်ငွေ ၅၀ဝ (မြန်မာငွေ ၁၅၀၀၀)ပဲ ပေးရပါတယ်။ အဲဒီဟိုတယ်ကပ်ရက်မှာ တော်တော်ကြီးခမ်းနားတဲ့ဟိုတယ်တစ်ခုရှိတယ်။ အဲဒီမှာဆိုရင် တစ်ခန်း ဘတ် ၁၀၀ဝ ပါတဲ့။


မနက် (၈) နာရီမှာ ချင်းရိုင်မြို့ကို သွားကြပါမယ်။ ရွှေတြိဂံနေရာကို အရင်သွားပါမယ်။ ပြချင်တဲ့ပုံတွေများလို့ ဒီပို့စ်မှာတော့ ရွှေတြိဂံဧရိယာတစ်ဝိုက်ပုံတွေပဲ ဖော်ပြနိုင်တော့မယ်။
မယ်ဆိုင်ကနေ တစ်နာရီကျော်လောက် ကားစီးပြီးမှ ရွှေတြိဂံနေရာဘက်ကို ရောက်ပါတယ်။ လမ်းကကောင်း၊ ကားကလဲကောင်းလို့ သွားလို့သွားနေမှန်းတောင်မသိသာဘူး။ လမ်းခရီးတစ်လျှောက် စိုက်ခင်းတွေအများကြီးရှိလို့ စိမ်းစိမ်းစိုစိုရှိပါတယ်။ ကားမောင်းတဲ့အရှိန်မြန်လွန်းလို့ လမ်းဘေးရှုခင်းပုံတွေ ရိုက်လို့မရခဲ့ဘူး။








စက်လှေတစ်စီးနဲ့ မဲခေါင်မြစ်ထဲကနေ ရွှေတြိဂံနေရာကို အရင်လိုက်ပြပါတယ်။ ဘယ်ဘက်က ယိုးဒယား၊ ညာဘက်က လောနိုင်ငံ၊ အရှေ့ဘက်က မြန်မာနိုင်ငံပါ။ ယိုးဒယားဘက်မှာ ထီးထီးမားမား ရွှေရောင်ဘုရားကြီးတစ်ဆူ၊ ညာဘက်ကို လှမ်းကြည့်လိုက်ရင် ရွှေရောင်တစင်းဝင်းနဲ့ ကောင်းမှုတော်စေတီနဲ့တူတဲ့ စေတီလုံးလုံးကြီးကြီးက ထင်ထင်ရှားရှား၊ အရှေ့ဘက်မှာတော့ ဂိုဒေါင်လိုလို ခပ်ဟောင်းဟောင်း အဆောက်အအုံတွေနဲ့ မျက်စိပသာဒမဖြစ်တဲ့ သစ်ပင်တစ်ချို့ ပဲ တွေ့ခဲ့ရပါတယ်။ ဓါတ်ပုံနဲ့ ဖော်ပြရခက်တဲ့ နေရာဖြစ်နေလို့ ဒီအတိုင်းပဲ မှန်းကြည့်ကြရအောင်။

စက်လှေက လောနိုင်ငံဘက်ကမ်းမှာ ခဏရပ်ပေးပြီး လောနယ်စပ်ဈေးမှာဈေးဝယ်ဖို့ အချိန်တစ်နာရီပေးပါတယ်။ လောနိုင်ငံအတွင်းပိုင်းအထိ ဝင်လည်ဖို့ အချိန်မရခဲ့သလို ဗီဇာလဲ မရပါဘူး။ နယ်ဝင်ခအနေနဲ့ တစ်ယောက် ဘတ် ၃ဝ ပေးရတယ်။



ဈေးဝယ်စရာအနေနဲ့ အမှတ်တရ လက်မှုပစ္စည်းတစ်ချို့နဲ့ အဝတ်အစား၊ လက်ကိုင်အိတ်တွေရှိပါတယ်။ ဝယ်ချင်ရင် ဝယ်လို့ရအောင် ကြည့်လိုက်ကြပါအုန်း။




အချိန်စေ့တဲ့အခါ အားလုံးပြန်စုပြီး စက်လှေပြန်စီးကြပြီး ယိုးဒယားဘက်ကို ပြန်ခဲ့ရပါတယ်။




ယိုးဒယားဘက်မှာ အားလုံး လူစုပြီးနောက် ချင်းရိုင်ကို ဆက်သွားမှာဖြစ်ပါတယ်။ ချင်းရိုင်မှာရှိတဲ့ ဘုရားဖြူကို ခရီးဆက်ကြမယ်။
ဒီပို့စ်မှာ ပုံတွေများနေပြီမို့လို့ နောက်အပိုင်းကျမှပဲ ဘုရားဖြူပုံတွေကို သီးသန့်တင်တော့မယ်…
နောက်ထပ်တစ်နာရီလောက် ကားစီးရမျာမို့လို့ တစ်ရေးအိပ်လို့ရသေးတယ် ..
10 comments
lu lu
May 13, 2014 at 10:23 pm
ကိုယ်တိုင် သွားရောက်ခဲ့ရသလို ခံစားရပါတယ်
အခန်း ၆ ကိုမျှော်နေပြီနော်
🙂
weiwei
May 13, 2014 at 10:44 pm
အမြန်ဆုံး အပြီးသတ်လိုက်ချင်ပေမယ့် အခြေအနေကမပေးဘူးဖြစ်နေတယ် ..
အပိုင်း ၆ အမြန်ဆုံးတင်နိုင်အောင် ကြိုးစားပါ့မယ် ..
alinsett (gazette)
May 14, 2014 at 10:21 am
ဒီတစ်ပိုင်းမှာ ပုံတွေကြည့်ပြီး
ကိုယ်တိုင်ကိုယ်ကျ သွားလိုက်ချင်စိတ်တွေ
ထိန်းမရတော့ဘူး
ဆက် လိုက်မယ်ဗျို့
kyeemite
May 14, 2014 at 4:24 pm
ကိုယ်တိုင် သွားရောက်ခဲ့ရသလို ခံစားရပါတယ်..CD to Lu Lu
TNA
May 14, 2014 at 6:19 pm
ဆက်လိုက်ဖို့ကားမထွက်သေးလို့ အတော်စောင့်လိုက်ရတယ်။ ဗိုက်တောင်ပြန်ဆာလာသလိုပဲ။ မဝေတို့ကံကောင်းသွားတာပေါ့နော်။ ငလျှင်နဲ့လွတ်သွားလို့။ နောက်တပိုင်းဆက်လက်စောင့်မျှော်နေပါတယ်။ ကိုယ်သွားဖြစ်ဖို့မသေချာလို့ မဝေသွားတာပဲလိုက်ပရစေ
Mr. MarGa
May 14, 2014 at 6:43 pm
ဟိုပုံက ရာမ လား ဟင်
မဟုတ်ရင်တော့ ဘုရင့်နောင် ဒါမှမဟုတ်ရင် အလောင်းဘုရားပဲ ဟီးး
တစ်နာရီလောက် ကြာဦးမှာဆိုလို့ အိပ်ပြီဗျာ
ကေဇီ
May 15, 2014 at 6:45 am
ဒီထိ လိုက်လာတယ် ချစ်သော ဝေ
:s:
nozomi
May 16, 2014 at 2:35 pm
အခုထိတော့ မကောင်းတဲ့ ကွန်နက်ရှင်ကို အံတုရင်း ဒေါ်ဝေကြီး ခရီးစဉ်ကို မှီအောင် လိုက်နေသေးတယ်
ဟို ပုံက ဘုရင့်နောင် ပုံ ဖြစ်မယ် ထင်တယ် သူတို့တွေ သမိုင်းမှာ ဘုရင့်နောင်က နာမည်ကောင်း နဲ့ ကျော်ကြားသူပါ ၊ မြို့ ရော တောပါ ကိုးကွယ် နေကြတဲ့ ယောကျာင်္ အင်္ဂါတွေကတော့ အလောင်းဘုရားလက်ချက် ဆိုတာ မှန် မမှန် ကိုအောင်ပု ကြီး မေးကြည့်ရမယ် ထင်တယ်
ယိုးဒယား မှာ ( ဘန်ကောက်မှာတောင် ) သရီးစတား အဆင့်လောက်ကို တရက် ဘတ် ၇၀ဝ ၊ သုံးရက်ကျော်ရင် ဘတ် ၅၀ဝ လောက်နဲ့ ရတဲ့ နေရာတွေ အများကြီး ရှိတာ ခရီးသွား လုပ်ငန်းအတွက် အားသာချက်ပဲ
မြန်မာ နဲ့ ထိုင်း အချိန် ကွာဟချက်က သူတို့က မိနစ် ၃ဝ စောတာပါ ခင်ဗျ
( အန်တီဝေ အာရုံများရင်း စာရိုက်လိုက်တယ် ထင်တယ်)
black chaw
July 24, 2014 at 8:34 pm
ရေနွေးအိုးကြီး နည်းတာကြီး ဟုတ်ဘူး။ ဟီး။
ခင် ခ
July 24, 2014 at 11:31 pm
ရေနွေးခရားအိုးက ဘာအဓိပ္ပါယ်နဲ့ အကြီးကြီးလုပ်ထားတာလဲ မသိဘူးနော်