ခုတလော ဦးမာဃ အကျင့်ဖြစ်နေတာလေး တချို့ကို ပြန်တွေးမိ သတိထားမိနေသဗျာ။
ပထမဆုံး သတိထားမိတာကတော့ ထုံးစံအတိုင်း စီးတော်ယာဉ် မော်တော်ဆိုင်ကယ်အကြောင်းပေါ့
ဦးမာဃ ဆိုင်ကယ်စီးရင် ပုံမှန်မရှိဘူးရယ် တစ်ခါတစ်ခါကျ အေးအေးဆေးဆေးလေး၊ တစ်ခါတစ်ခါကျ စိတ်ပါလက်ပါ လီဗာကုန်ဆွဲရင်ဆွဲ တစ်ခါတစ်ခါကျပြန်တော့ စိတ်ပါတာ မဟုတ်ပါဘဲနဲ့ နောက်ကျနေလို့ တက်သုတ်ရိုက် နှင်လိုနှင် ပေါ့။

တစ်လ ကိုးသီတင်း အလုပ်သွား အလုပ်ပြန် လမ်းတစ်ခုတည်း သုံးတာကြောင့်မို့လားတော့ မသိဘူး ဘယ်လိုသွားသွား ဘယ်နားမှာ ဘာရှိသဟဲ့ ဆိုတာလေးကိုတော့ သိ သိ နေတတ်တယ်။ အဲ့လို သိနေတတ်တော့ ကိုယ်က သတိမထားမိတောင် ယာဉ်ကြောရှုပ်တတ်ရင် အရှိန်လျှော့မိတာမျိုး တို့ ကွေ့ခါနီးမှာ အချက်ပြမိတာမျိုး တို့ သူ့အလိုလို လုပ်ဖြစ်နေရော။
လုပ်နေကျ ဆိုတော့ အကျင့်ဖြစ်သွားတာပေါ့ဗျာ။

အဲ.. ပြဿနာက အဲ့လိုဖြစ်နေတော့ တစ်ခါတစ်ခါ တခြားကိစ္စနဲ့ သွားရင်း အတွေးလွန်ပြီး အလုပ်သွားတဲ့လမ်းပဲ ဆက်သွားမိနေပြန်ပါရောဗျာ။
မန္တလေးမို့သာပေါ့ ရန်ကုန်လိုသာဆို ကွေ့မရ ပြုမရနဲ့ ပြီးပါလေရော။
အဲဒါက ဆိုင်ကယ်စီးရင်း လုပ်တတ်တဲ့ အကျင့်တွေပေါ့ဗျာ။
ကြားဖူးတဲ့ စကားပုံတစ်ခု ရှိသေးတယ် မျက်စိ အကျင့် ဝမ်း အချင့် တဲ့
နေ့စဉ်နေ့တိုင်း မနက်စောစော ထတတ်တဲ့သူက ဘယ်လောက် နောက်ကျပြီး အိပ်ပါစေ ထ နေကျ အချိန်ဆို မျက်စိက အလိုလိုပွင့်လာသတဲ့။
(ဦးမာဃတို့ကျ ဘယ်တော့ မှ စောစောထလို့မရတဲ့အကျင့် စွဲနေတယ်။ ခုနောက်ပိုင်း ခုနှစ်နာရီဆိုတာ အစောဆုံး ထချိန်ပဲ အဲ့လောက် ဝိရိယရှိတာ)
အကျင့် ဆိုတာကို ပြန်ဆက်မယ်ဗျာ ပြောချင်တာကို ဝေ့ ဝိုက်နေတာနဲ့တင် စာက ဘယ်ရောက်ရောက်သွားမှန်းမသိဘူး။
ဆိုတော့ကာ အပြုအမူ တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်ဖြစ်တာ များလာရင် တဖြည်းဖြည်း အကျင့်ဖြစ်လာတတ်သဗျ။
အကျင့် တွေက အရိုးစွဲလာရင် ပြန်ပြင်ဖို့ဆိုတာ အတော်ခက်ပါရော။

ဒါကြောင့်မို့ ထင်ပါရဲ့ နယ်လှည့် ပါးရိုက်လာတာ ပြောတဲ့သူက ပြော ဘုရားရင်ပြင်ပေါ် ကားနဲ့တက်တဲ့သူကတက် နဲ့
အဲဒါတွေလည်း အရိုးစွဲနေတဲ့ အကျင့်တွေများ ဖြစ်နေမလား လို့
ဦးမာဃ တွေးနေမိတာလေးပါ။

 

နောက်ထပ် တွေးနေမိတာက မုဒိမ်းမှုတွေဗျ
ဒီမိုကရေစီ ဆိုတာကြီးပဲ ရ လာလို့လား ဒါမှမဟုတ် အရင်က ပိတ်ထားတာတွေပဲ ပွင့် သွားလို့လားမသိ
မှုခင်းဂျာနယ် ကောက် လှန်လိုက်တာနဲ့ မုဒိမ်းမှုက တစ်ဝက်လောက်နီးပါး တွေ့နေရတယ်
ဟိုတုန်းက တိုးတိုးတိတ်တိတ် ဖြစ်နေပြီး ခုမှ ပို ပွင့်လင်းလာလို့ ပို တွေ့လာရတာလားတော့ မသိဘူးပေါ့ဗျာ။
ဒါမင့် ဘာလို့ ဒီလောက်တောင် ဖြစ်လာလဲ လို့ တွေးကြည့်တော့ အဖြေလို့ ထင်ရတာလေးက ရေးရေးလေး ထွက်လာတယ်။
ဂလိုဘယ်လိုက်ဇေးရှင်း လို့ ပြောရမလား ခေတ်မီလာကြတာလို့ ပြောရမလား အင်တာနက် ဆိုတာကြီးနဲ့ တွဲပါလာတဲ့ မကောင်းကျိုးတွေပေါ့ဗျာ။
ခုခေတ်မှာ လူတိုင်းနီးပါး လက်ထဲမှာ ဖုန်းတွေရှိလာတယ် တရုတ်ကြီး ကျေးဇူးနဲ့ အင်တာနက် ဆိုတာကို လွယ်လွယ်ကူကူ သိလာကြတယ်။ (သူ့ ဟန်းဆက်တွေကြောင့် အင်တာနက်ကို လွယ်လွယ်သုံးနေနိုင်တာကိုးဗျ)

ဆိုတော့ ရွှေမြန်မာများ အင်တာနက်မှာ ဘာတွေရှာသလဲတော့ သိပါဘူး ဗျာ
google မှာ မြန်မာစာလုံး တစ်လုံး ရိုက်ကြည့်လိုက်ရင် ကျ ကျ လာတဲ့ auto suggestion တွေက ဟိုအကြောင်းနဲ့ နွှယ်တာတွေ ကိုးဆယ်ရာနှုန်းလောက် ပါနေတယ်။
ပြီးတော့ ဟိုတစ်ရက်က play store ကို မွှေကြည့်တာ top downloads ထဲမှာ ပြာတာတာ application လေးက ထိပ်ကပြေးနေသဗျာ။
ပေါ်လာလိုက်တဲ့ website တွေ၊ facebook page တွေကလဲ one go two come လား မသိ မှိုလိုပေါက်နေရော။
ဟို အရင်ကတော့ ဒီကိစ္စတွေ သိချင်ရင်တောင်၊ စိတ်ဝင်စားရင်တောင် ဒီလောက် လွယ်လွယ် မရဘူးဗျ။ အခုတော့ ကြီးသူငယ်သူ မည်သူမဆိုရဲ့ လက်တစ်ကမ်းမှာ အဆင်သင့်ပါဗျာ။ ဒါတွေကပဲ မတော်တရော်တွေလုပ်ဖို့ ပို တွန်းအား ပေးနေသလားလို့ တွေးမိပါတယ်။

လူ့ စိတ်သဘာဝ အရ ပိတ်ထားရင် ပိုလုပ်တတ်တဲ့သဘောကြောင့်လားတော့ မသိဘူးပေါ့ဗျာ။ ခိုးစားရတဲ့အသီးက ပို ချိုတယ်ဆိုလား ကြားဖူးတာပဲလေ။
ဒီကိစ္စတွေကို ပွင့်ပွင့်လင်းလင်း အသိပညာမပေးဘဲ ထားထားလို့များ ဒီလောက်ထိ ဖြစ်နေတာလားလို့လဲ တွေးမိပါတယ်။ ဖုံးလေလေ ဖိလေလေ ပို ကြွလေလေ ဆိုတဲ့ သဘောလို့ပဲ ပြောရမလားပေါ့
တွေး ကြောက်မိတာကတော့ လူငယ်တွေ အရာရာကို စူးစမ်းချင်နေတဲ့အရွယ်မှာ ဒါတွေကြောင့် လမ်းမှားရောက်သွားမှာ၊ အမှားတွေ လုပ်မိမှာကိုပါပဲ။
ကြားဖူးနေတဲ့ စကားတစ်ခွန်းရှိတယ်။ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် ပြောခဲ့တာပါ။

တံခါးကိုဖွင့်ပါ။ လေညင်းရနံ့ကို ခံစားပါ။ တစ်ချိန်တည်းမှာ ဝင်လာမယ့် ပိုးကောင်မွှားကောင်တွေကို ဖယ်ထုတ်ပါ တဲ့။

ဒါပေမယ့် လေကောင်းလေသန့်ထက် ပိုးမွှားက ပိုအဝင်များနေလာလို့။

နိုင်ငံတကာမှာ ဒီကိစ္စကို ဘယ်လိုထိန်းတယ် ဆိုတာကိုသိချင်မိပေမယ့် အခုထိတော့ မရှာဖြစ်သေးဘူးရယ်။ သိရင်လည်း ပြောပြကြပါဦး။
အဲဒါကလည်း လတ်တလော တွေးနေမိတဲ့ အတွေးပါဗျာ။

ကြံဖန် ဂုဏ်ယူရမယ် ဆိုရင်တော့ ဦးမာဃတို့နိုင်ငံလည်း ခေတ်ရေစီးကို အမီတော့ လိုက်နေတယ်ပြောရမှာပေါ့။ ကောင်းတာကို ပယ်ပြီး မကောင်းတာကို ယူဖြစ်နေတာလေး တစ်ခုပဲ ဆိုးကွက် ရှိတာပါ။

 

နွေနေ့လည်ခင်းတွေမှာ တွေးမိနေတဲ့ အတွေးစလေး နှစ်စ ပေါ့ဗျာ။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010