အူးမာဃ ရဲ့ တောင်းဆိုမှုကြောင့် Sexy Pose နောက်တစ်ခု ရေးဖြစ်ရပါကြောင်း ဝန်ခံပါသည်။ :-D

 

ကျွန်တော် အခုရေးမှာက အရိုး နဲ့ပတ်သက်လို့ ကြုံဖူးတဲ့ Sexy Pose အကြောင်းပါ။ အရိုးဆိုတာ ခင်ဗျားတို့သိတဲ့ တိရိစ္ဆာန်အရိုးကို ပြောတာမဟုတ်ပါဘူး။ လူအရိုးပါ။ နာမည်နဲ့လိုက်အောင် အရိုး နဲ့ အမွှေးအမျှင်ပဲရှိတာပါ။ သူက သီချင်းလည်း ရေးတဲ့ အပြင် စာရေးဆရာ ဗာဟီရ အစုံလုပ်တဲ့သူပေါ့ဗျာ။ သူနဲ့ ကျွန်တော် ခင်တာ အခုမှ မဟုတ်ပါဘူး။ သူလည်း သီချင်းတွေ မရေးသေးတဲ့ အချိန် ကျွန်တော်လည်း စာမရေးသေးတဲ့ အချိန် အရိုးက လမ်း၊တံတား ဆောက်လုပ်ရေးမှာလုပ်ဖူးပါတယ်။ သူနဲ့ ဘယ်လိုခင်ခဲ့တာလည်းဆိုတော့ ကျွန်တော်တို့ အိမ်ရှေ့မှာ လမ်းလာခင်းရင်း နဲ့ခင်ခဲ့တာပါ။ ပြီးတော့ အရိုး ပထမဆုံးထွက်ခဲ့တဲ့ စီးရီး “လူလည်အာရှသား”ဆိုရင် ကျွန်တော်ပဲ ထုတ်ပေးခဲ့တာပါ။ အဲဒီ အခွေထဲက အပေါက်ဆုံးသီချင်း “ဥ”(ရုပ်ရှင်မှာလည်း အကယ်ဒမီ ၂ဆုရခဲ့ပါတယ်)။ အဲဒီသီချင်းမှာ ကြက်ဖအသံ အစစ်ထည့်ဖို့ ဘေးအိမ်က ကြက်ဖကို ခဏငှားပြီး တစ်နေကုန်အောင် အသံဖမ်းခဲ့ရပါတယ်။ ကျွန်တော့် ညီ ဓီရာမိုရ်၊ အရိုး နဲ့ ကျွန်တော်ရယ်ပေါ့။

 

အဲဒီနေ့က စီးရီးခေါင်းစဉ်ပေးဖို့ တော်တော်ခေါင်းစားကြတယ်။ အဲဒီမှာ စဉ်းစားမိကြတာက “ဥ” သီချင်းကိုပဲ စဉ်းစားမိကြတယ်။ ပြန်စဉ်းစားကြည့်တော့ ဒီနာမည်ကြီးကို ပရိတ်သတ်က ဒီလိုထင်သွားနိုင်တယ်။ အရိုးရဲ့ဥ ဒါမှမဟုတ် ဥတစ်လုံးနဲ့ အရိုး နောက်ပြီး မာဆယ်ထွက်လာအောင် ဥမျိုးစုံများ စားနေသလားဘာညာပေါ့။ မဖြစ်သေးပါဘူးဆိုတာနဲ့ နောက်ဆုံးမှာ “လူလည် အာရှသား” ဆိုတဲ့ သီချင်းကိုသွားတွေ့တယ်။ ဒီလိုနဲ့ပဲ အရိုးလည်း အဲဒီစီးရီးနဲ့ ဂီတလောကမှာနေရာ တစ်နေရာရလာခဲ့တယ်ဆိုပါတော့ဗျာ။

 

အရိုး နဲ့ ကျွန်တော် စာပေဟောပွဲတစ်လျှောက် ထွက်ဖူးတဲ့ ခရီးတိုင်းမှာ သူ့ဇနီးကတော့ အမြဲတမ်းပါတယ်ဗျ။ ယုတ်အစွဆုံး ကျွန်တော်တို့ အရက်ဆိုင်ထိုင်ရင်တောင် လိုက်ထိုင်သေးတယ်။ ကျွန်တော်ကြားဖူးတာက လင်မယားနှစ်ယောက်ဟာ သစ္စာတရား နဲ့အတူ နေထိုင်လာတာ နှစ်အတန်ကြာလာရင် ရုပ်ပါတူလာတယ်လို့ ကြားဖူးတယ်ဗျ။ ကိုယ်တိုင်လည်း မြင်ဖူးတွေ့ဖူးပါတယ်။ ခက်တာက အရိုးက တစ်ကိုယ်လုံး အရိုးနဲ့ အမွှေးအမျှင်ပဲရှိတာ။ သူ့မိန်းမက ဝဝကစ်ကစ် ပုပုလုံးလုံး နဲ့ ဖြူဖြူဖွေးဖွေးဗျ။ သူတို့ကို ကြည့်ရတာ အချင်းဆက်ပြီး မွေးလာတဲ့ အမွှာလား အောက်မေ့ရတယ် ။ သူ့မိန်းမက အရိုးသွားတဲ့ နေရတိုင်း ပါနေလို့လေ။ ရန်ဖြစ်လားဆိုတော့လည်း မဖြစ်ကြဘူးခင်ဗျ။

 

တစ်ခါကပေါ့ဗျာ။ ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ အရိုးနဲ့ အရက်ဆိုင်ထိုင်တုန်းက ဆိုင်က ပြန်အထွက်မှာ အိမ်ကို ချက်ချင်းမပြန်သေးဘဲ မာဆတ်ဝင်ခဲ့တယ်။ အဲဒီရောက်တော့ စည်းစိမ်ခံရင်း ကောင်မလေးကို လောကွတ်ချော်လိုက်တယ်။ “ညီမလေးက ဘယ်ကလာတာလဲ” “မြောင်းမြကပါရှင့်” “အော် ညီမလေး မိသားစုတွေလည်း ရန်ကုန်မှာ လာနေကြတယ်ပေါ့” “မဟုတ်ရပါဘူးရှင်………(ဝမ်းနည်းသံဖြင့်) ကျွန်မ မိဘနဲ့ မောင်လေးလည်း နာဂစ်ထဲမှာပါသွားလို့ ကျွန်မနဲ့ ကျွန်မ အဘွားပဲကျန်ခဲ့လို့ ကျန်တဲ့ အဘွားကို ကျွန်မပဲ စောင့်ရှောက်ရပါတယ်ရှင်” “စိတ်မကောင်းစရာပါလား” “ခြေဖဝါးကို နှိပ်ပေးမယ်နော် ပက်လက်လှန်ပေးပါဦး” “ရပါတယ် ညလေးရယ်” ပြန်အလှည့်တွင် “ဟင်!!!!!!!!!!!!!!!!!!!!!!!!!!!” “ဟားးးးးးးးးးးဟားးးးးးးးးးးးးးးးဒို့ ကိုကြည်တော့ အညာမိသွားပြီ ဒီလိုပုန်းလို့လွတ်မှာလား(ဒွေးစတိုင်လ်ဖြင့်)” “ပြေးပြီးဟေ့!!!!!!!!!!!!!!!!!!!!!!!” ဟုဆိုရင်း ကျွန်တော်လည်း ခြေကုန်သုတ်ရပါတော့တယ်။ နောက်တစ်ခါမှာတော့ သူတို့လင်မယားရန်ကလွတ်ဖို့အရေး ဟိုလမ်းဝင် ဒီလမ်းထွက်လုပ်ပြီးမှ ကိုယ်သွားလိုရာကိုပြန်သွားရတယ်ဗျ။

 

အရိုးတို့လင်မယားက အဲ့လောက်ထိကို အတိုင်အဖောက်ညီတာ။ ပြီးတော့ သူ့မှာ မူးလာရင်း ဖောက်ဖောက်လာတတ်တဲ့ အကျင့်ဆိုးတစ်ခုရှိတယ်ဗျ။ အဲဒါက ဘာလဲဆိုတော့ မူးလာရင် အနီးဆုံးလူကို ဖက်နမ်းတတ်တာပဲဗျ။ ဒါကြောင့် အရက်ဆိုင်တို့ ဘီယာဆိုင်တို့ထိုင်ရင် သူ့နားကို ဘယ်သူမှကပ်မထိုင်ရဲဘူး(သူ့မိန်းမကလွဲလို့)  :-D  ။ တစ်ညတော့ ကျွန်တော်တို့ စာရေးဆရာတစ်သိုက် တာမွေမှာ ဘီယာဆိုင်ထိုင်ရင်း နဲ့ နှုတ်ဆက်အပြန်မှာပေါ့ဗျာ။ ကျွန်တော်က လမ်းလယ်ပလက်ဖောင်းကနေ Taxi တားမလို့စောင့်နေတုန်း နောက်ကနေ ရောက်လာတာ ဘယ်သူများလဲမှတ်တယ် အရိုးဖြစ်နေတာကိုးဗျ။ အဲဒီမှာ “ကိုကြည်က ချစ်စရာကြီးဗျာ လာစမ်းပါဦး ရွှတ်….ရွှတ်…..” အဲဒါမှ ဒုက္ခ။ ကျွန်တော်ရပ်နေတာကလည်း ဓာတ်မီးတိုင်အောက်မှာ ဘယ်နားကကြည့်ကြည့် မြင်ရမယ့် မြင်ကွင်းမျိုး။ တွန်းထုတ်ဖို့ ကြိုးစားပေမယ့် သူ့မိန်းမပါနေလို့ လက်လျော့ထားရတယ်။

 

အဲဒီအချိန်မှာပဲ ကလေးတစ်ယောက်က “အစ်ကိုရေ။ အစ်ကိုတို့ကို ကြည့်ရတာ သိပ်အားမရသလိုပဲ။ ဒါလေးတွေ ဝယ်သွားပါလားဗျာ။” ဆိုပြီး ကြည့်လိုက်တော့ ဘာတွေများလဲမှတ်တယ်။ အဖော်နဲ့ ယောက်ျား အားတိုးဆေးတွေ ဖြစ်နေတယ်။ သေစမ်းးးးးးးးးးးးးးးးးးး။ အဲဒါနဲ့ အဲဒီကလေးကို ဟောက်လွတ်လိုက်မှပဲ အရိုးလည်း သတိပြန်ဝင်လာတယ်။ ပြီးမှ အရိုးက စပ်ဖြီးဖြီးနဲ့ “ချစ်လို့စတာနော် ကိုကြည်”တဲ့ ။ ဒင်းကြောင့်ငါအရှက်ကွဲတော့မလို့။

 

ဒါကြောင့်ပြောပါတယ်။ နိုင်ငံခြားဇာတ်လမ်းအချို့ထဲက Romantic Movie ထဲက လို ချစ်ဗျူဟာခင်းတာလောက်တော့ ပျင်းသနားတယ်လို့။ ကျွန်တော်တို့က အလိုလိုနေရင်းကို Sexy Pose ဖြစ်နေတာ။

 

အားလုံးကိုလေးစားတဲ့

Paing Lay

About Paing Lay

Paing Lay has written 20 post in this Website..

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် စီပွားရှာနေရသော်လည်း ရင်ထဲက အနုပညာ ပိုးမသေသောသူ။ တစ်နည်းပြောရလျှင် အနုပညာ လောကတွင် ကျင်လည် လိုသူ။