” ညီညွတ်ခြင်းသည် အင်အား “

 

သားအဖ မိသားစုတွေ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ ကားပြင်ဝပ်ရှော့တစ်ခုတွင်ဖြစ်ပါတယ်။

 

” အဖေ ကျွန်တော် လမ်းထိပ်ဘက်ခဏသွားလိုက်အုံးမယ်”

” ဘာသွားလုပ်မလို့လဲကွ ”

” ဇော်ကြီးတို့အနောက်ဖက်အိမ်မှာ ဂျင်ဝိုင်းလုပ်နေတာကို ရဲတွေဝင်ဖမ်းလို့တဲ့ ”

” မင်းကလည်းကွာ ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါ ”

” အဖေကလည်း ပြောလိုက်ရင်ဒီလိုကြည်ဘဲ ”

” ဒီလိုမပြောလို့ ဘယ်လိုပြောရမလဲ ကိုယ့်ရှိမှကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်လုပ်စမ်းပါကွာ”

 

” အဖေ ကျွန်တော် ကားပစ္စည်ဝယ်ရင်းနဲ့ မောင်လှအမေဆီ ခဏ၀င်ခဲ့မယ်နော် ”

” ဘာသွားလုပ်အုံးမလို့လဲကွ ”

” မောင်လှသတင်းဘာကြားသေးလဲလို့ မေးရုံပါဘဲ ဒီကောင်ကြီးကို အခုတလောသတိရနေတာဗျ ၈၈ အရေး အခင်းပြီး တောခိုကထဲက ခွဲသွားရတာလေ ”

” မင်းကလည်းကွာ ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါ ”

” အဖေကလည်း ပြောလိုက်ရင်ဒီလိုကြည်ဘဲ ”

” ဒီလိုမပြောလို့ ဘယ်လိုပြောရမလဲ ကိုယ့်ရှိမှကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်လုပ်စမ်းပါကွာ”

 

” အဖေ ဒီကားလက်စသတ်ပြီးရင် ကျွန်တော်ရေချိုးတော့မယ်နော် ”

” အစောကြီးရှိသေးတယ်မင်းက ဘယ်ခြေရှည်အုံးမလို့လဲ”

” အဖေကလည်း ဒီနေ့ညနေ ဂုံးတံတားနားမှာ ကိုမင်းကိုနိုင်တို့ဟောပြောပွဲရှိတယ်လေ သွားနား ထောင်မလို့ ”

” မင်းကလည်းကွာ ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါ ”

” အဖေကလည်း ပြောလိုက်ရင်ဒီလိုကြည်ဘဲ ”

” ဒီလိုမပြောလို့ ဘယ်လိုပြောရမလဲ ကိုယ့်ရှိမှကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်လုပ်စမ်းပါကွာ”

 

” အဖေ မနက်ကဈေးဝယ်သွားရင်း ဈေးထဲမှာပြောနေကြတယ် ဒေါ်အောင်ဆန်းစုကြည်အဖွဲ့က အခြေခံ ဥပဒေ ပြင်ဖို့ ၄၃၆ ပြင်ဆင်ရေး သဘောတူလက်မှတ်ထိုးကြဖို့လမ်းဆုံမှာစခန်းဖွင့်ထားတယ်တဲ့ သဘောတူလက်မှတ် ထိုးချင်တဲ့ ဘယ်သူမဆို လက်မှတ်ထိုးလို့ရတယ်တဲ့ ကျွန်တော်တို့တွေ လက်မှတ်သွားထိုးရအောင်လားဗျ”

” မင်းက အတော်စပ်စပ်ဆော့ဆော့နိုင်ပါလားကွာ မင်းအကိုကြီးက ဘာမှမပြောရဘူး မင်းဘဲထိန်း နေရတယ်”

” ဟာ အဖေကလည်း ဒါတိုင်းပြည်ပြောင်းလဲရေးအတွက် အရေးကြီးတယ်တဲ့ အဖေ မလိုက်လဲနေဗျာ ကျွန်တော်ဖာသာသွားမယ်”

” မင်းကလည်းကွာ ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါ ”

” အဖေကလည်း ပြောလိုက်ရင်ဒီလိုကြည်ဘဲ ”

” ဒီလိုမပြောလို့ ဘယ်လိုပြောရမလဲ ကိုယ့်ရှိမှကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်လုပ်စမ်းပါကွာ”

 

” အဖေ မနက်ဖြန် အာဇာနည်နေ့ အလုပ်ပိတ်မှာလား ”

” အေး ပိတ်မယ်လေ အဲဒါကြောင့် လက်စသတ်လို့ရတာတွေ ဒီနေ့အပြီးသတ်ပြီး ပိုင်ရှင်ဆီအပ်ရအောင်လို့ မနက်ကပြောတာပေါ့ ဘာလို့လဲ ”

” ဒါဆို ကျွန်တော် မနက်ဖြန် အာဇာနည်ကုန်းသွားပြီး အလေးပြုရင်ကောင်းမလားလို့လေ ”

” အလေးပြုချင်တာများ မနက် ၁၀ နာရီ ၃၇ မိနစ် သြဥဆွဲသံကြားရင် ဒီကနေလည်း အလေးပြုလို့ ရပါတယ် အဓိကက ကိုယ့်စိတ်ထဲ တကယ်နှစ်နှစ်ကာကာလေးစားဂုဏ်ယး အလေးပြုတဲ့စိတ်ရှိဖို့ပါဘဲကွာ မသွားပါနဲ့ သားရယ် လူတွေရှုပ်ကရှုပ်နဲ့ ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါ ”

” အဖေကလည်း ပြောလိုက်ရင်ဒီလိုကြည်ဘဲ ”

” ဒီလိုမပြောလို့ ဘယ်လိုပြောရမလဲ ကိုယ့်ရှိမှကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်လုပ်စမ်းပါကွာ”

ဒီလိုနဲ့ ဘယ်သွားမယ်ဆိုတိုင်း လူတွေစုစုဖြစ်မယ့်နေရာဆို ရှေးရိုးဆန်တာဘဲလား လူတောမတိုးစေချင်တာလား အဲဒီလို ဘာလားမသိတဲ့ အဖေ က ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါ ဆိုပြီး အမြဲတမ်း တားလေရဲ့မို့ အာဇာနည်နေ့ အလုပ်ပိတ်ရက် နေ့လည်စာ ထမင်းစားပြီး ၀ါးပက်လက်ကုလားထိုင်မှာ အနားယူထိုင်နေတဲ့ အဖေနားကပ်သွားထိုင်ပြီး

” အဖေကို ကျွန်တော် မေးစရာရှိလို့ အဖေဖြေပေးမှာလား ”

” ဟကောင်ရ ဘာမေးမှန်းမသိဘဲ ဖြေပေးမှာလားဆိုတော့ ငါကဘယ်လိုပြောရမလဲ မင်းမေးချင်တာ အရင်မေး လေကွာ ဖြေလို့ရတာဆို ဖြေမှာပေါ့ ”

” ကျွန်တော်က လူစုစုဆို အရမ်းစပ်စုချင်လို့ သွားကြည့်မယ်ဆိုတိုင်း အဖေက မင်းကလည်းကွာ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးနေစမ်းပါ ဆိုပြီးအမြဲတားတတ်တယ် အဲဒါဘာဖြစ်လို့လဲ သိချင်တာပါ ”

” သြော် ဒါလား ဒီလိုကွ မင်းက ငါ့ဗီဇပါတယ်နဲ့တူပါတယ် ဟိုဟာဒီဟာ စပ်စုချင်တယ် နိုင်ငံရေး အမျိုးသားရေး ဆို အားပေးချင်တယ် ပါချင်တယ်မို့ တကယ်စိတ်ပါပြီး ပါသွားမှာစိုးလို့ အဖေ ဟန့်နေတာ တားနေတာပါ၊ ဘာလို့ ပါသွားမှာစိုးတာလဲဆိုတော့ နှစ်တွေတော့ကြာခဲ့ပြီပေါ့ကွာ ဒါပေမယ့် အခုထိ စိတ်ထိခံပြင်းနေတဲ့ အဖြစ်လေးတစ်ခုကို ပြန်ပြောပြမယ် မင်း အမေနဲ့ အဖေက ၁၉ နှစ်အရွယ်လောက်ထဲက အိမ်ထောင်ကျ ခဲ့ကြတာလေ တက္ကသိုလ်ရောက်ခါစနှစ်ရဲ့ နွေကျောင်းပိတ်မှာပေါ့ကွာ အဲလိုနဲ့စက်မှုတက္ကသိုလ်တက်ကြရင်း ၁၉၇၄ ခုနှစ်မှာ တော့ ကမ္ဘာကျော်မြန်မာနိုင်ငံသား ဦးသန့် ဈာပနကို ဖိနှိပ်ချုပ်ချယ် အာဏာရှင်ဆန်ဆန် နာရေး အခမ်းအနားပြုခိုင်းမှုအပေါ်မကျေနပ်ကြလို့ အဖေတို့တက္ကသိုလ်ကျောင်းသားတွေ သပိတ်တိုက်ပွဲဆင်နွဲတဲ့ အထဲ စက်မှုကျောင်းသားဘ၀ဆိုတော့ အဖေရော မင်းအမေရော ပါဝင်လှုပ်ရှားခဲ့ကြတယ်၊ အဲဒီအချိန်က မင်းက ၂ နှစ်ကျော်အရွယ်အလောက်ဘဲရှိသေးပြီး မင်းအကိုကြီးက ကျောင်းနေစအရွယ်ပေါ့ မင်းတို့ကို အဖိုးအဖွား ထိန်းပေးရင် မင်းအမေနဲ့အတူ အဲဒီသပိတ် စခန်းမှာဘဲနေကာလှုပ်ရှားမှု့လုပ်ခဲ့ကြပေမယ့် စစ်အာဏာရှင်ဆိုတဲ့ အတိုင်း ငြိမ်းချမ်းစွာဘယ်တော့မှ မဖြေရှင်း ဘူး လက်နက်အားကိုးနဲ့ တစ်ရက်သောညမှာ အဖေတို့ သပိတ် စခန်းကို လက်နက်အားကိုးနဲ့ ရက်စက်စွာ ၀င်ရောက်နှိမ်နင်းခဲ့ကြတာမို့ ကျောင်းသားကျောင်းသူအများ အသက်စတေးပေးခဲ့ကြတဲ့အထဲ မင်းအမေလည်း ပါခဲ့တာပေါ့ကွာ။ အဖေကတော့ ဘာဟင်းလဲလို့အမည် တပ်မရတဲ့ အရွက်အနွယ်ပေါင်းစုံ အကိုင်းအမြစ်ပေါင်းစုံ ပါတဲ့ ဆေးပေါင်းခတဲ့ပဲကျဲဟင်းနဲ့ ဇကွဲများလှသော လုံးတီးဆန်ကို ရက်ရှည်အားပေးခဲ့ရသလို စစ်ကြောရေးမှာ ပေါင်ဒူးနှစ်ဖက်ကို ကားယားထိုင်သလိုလုပ် ပါးစပ်က တဘူဘူနဲ့ ဟိုက်ဝေးလမ်းပေါ်မှတ်ကာ ဆိုင်ကယ်လည်း မောင်းခဲ့ရတယ် ခေါင်းပေါ်တစ်စက်စက်ကျနေတဲ့ ရေစက်အောက်မှာ တရားမှတ်ရင်းထိုင်ခဲ့ဘူးတယ် ခဏ လောက် မှေးကနဲအိပ်ပျော်မယ်ကြံတုန်း ဆေးလိပ် သောက်ပါအုံး ဟေ့လူရေသောက်အုံးမလား ကွမ်းစားမလား အဲလို ဂရုစိုက်နှိပ်စက်မှုတွေလည်းခံခဲ့ပြီး အဖေ နှစ်တွေကြာညောင်းကာ အပြင်လောကကိုရောက်တော့ မင်းတောင် မူလတန်းပြီးတော့ မယ်ကွာ၊ အဲဒီအချိန် ကာလတုန်းက နိုင်ငံရေးကြောင့် အချုပ်ကျ ထောင်ကျခံရတယ်ဆိုရင် ပတ်ဝန်းကျင်လူတွေ က သိပ်ဟက်ဟက် ပက်ပက် မခေါ်ချင်ကြဘူး အဲဒီခေတ်အခါတုန်းက အခုလိုအလုပ်အကိုင်အခွင့်အလမ်းတွေ ကုမ္မဏီတွေဆိုတာ မရှိသလောက်ဘဲ မဆလ လက်ထပ်မှာ အစိုးရ၀န်ထမ်းခေတ်ဘဲရှိတာမို့ အဖေတို့လို နိုင်ငံရေးထောင်ထွက် တစ်ယောက်အတွက် ဘယ်အစိုးရအလုပ်မှ မခန့်ဘူးလေ၊ ဒါကြောင့် မင်းအဖိုးရဲ့ သူငယ်ချင်းကားပြင်ဝပ်ရှော့မှ မင်းအဖိုးကျေးဇူးကြောင့် အလုပ်လုပ်ခွင့်ရပြီး အခုမင်းတို့ကို လူတစ်လုံး သူတစ်လုံးနေနိုင်အောင် ဆောင်ရွက် နိုင်ခဲ့တာပါဘဲ အဲဒီအထဲက အာဏာရှင်စစ်အစိုးရ သက်တမ်းဆက် နေသရွေ့ ဘာဆိုဘာမှဖြစ်မလားနိုင်မယ့် အတူတူ ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေတဲ့ လမ်းကို အဖေ လျှောက်ခဲ့တာ နှစ်အတော်ကြာပြီပေါ့ကွာ ဒါကြောင့်လည်း အဖေ့လို စနစ်ဆိုးရဲ့အမွေရက်ဆက်မှုတွေကို ငါ့သားမှ ထပ်ပြီး မခံစားရအောင် မင်းတစ်ခုခု ရုတ်ရုတ်ဖြစ်တိုင်းသွားမယ်ဆိုတိုင်း ကိုယ့်ရှိမှကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်လုပ်စမ်းပါကွာလို့ အဖေဆိုခဲ့တာပါကွာ ခေတ်တစ်ခေတ်ကနေ တစ်ခေတ်ကို ပြောင်းဖို့ဆိုတဲ့နေရာမှာ အချိန်ကိုက် ဆိုတာ အရမ်းအရေးကြီးတယ်ကွ အချိန်မကျခင်လုပ်မိရင် ဆုံးရှုံးနစ်နာမှု ရလဒ်တွေဘဲရနိုင်သလို အဲ အချိန်ကိုက် လုပ်တတ်ရင်တော့ အောင်မြင်နိုင်တယ်လေ၊ ဒို့ ဗိုလ်ချုပ်အောင်ဆန်း က ဂျပန်ကိုပြန်တွန်းလှန်တိုက်ထုတ် နိုင်တာ အချိန်ကိုက် စစ်ချီခဲ့တာကြောင့်အောင်မြင်သလို ၈၈ အရေးခင်း ဟာလည်း အချိန်ကိုက်ပေါ်ခဲ့လို့ မဆလစနစ်ကြီးချုပ်ငြိမ်းခဲ့တာဘဲလေ အဲလိုအချိန်ကိုက် လုပ်နိုင်ဖို့ဆိုတာ လူထုတရပ်လုံးရဲ့ တူညီသော စိတ်ဓာတ်နဲ့ စုစည်းသောအင်အား လိုတယ်ငါ့သား၊ လူထုတစ်ရပ်လုံး မညီညွှတ် သရွေ့ဒါဗမာ ဒါရခိုင် ဒါကုလား ဒါတရုတ် ဒါကချင် အဲဒီလို အဖေတို့နိုင်ငံတွင်းနေသူအချင်ချင်း ခွဲခြားနေသရွေ့ စုစည်းတဲ့အင်အားမရှိသရွေ့ ဘာလုပ်လုပ် အပိုလုပ်မိတာဘဲဖြစ်မယ်လို့ အဖေထင်တယ်လေ ကဲ နောက် မင်း တစ်ခုခုဖြစ်လို့ သွားချင်တယ် ဆိုရင် အဖေမတားတော့ဘူး မင်းဖာသာဆုံးဖြတ်တော့ကွာ အဖေကတော့ အခု တိုင်းပြည်အခြေအနေဟာ ကိုယ့်ရှိမှ ကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်ဖြစ်နေအုံးမယ်ထင်ပါရဲ့ကွာ ရှေးဆိုရိုး စကားတစ်ခု ရှိတယ်လေ ညီညွတ်ခြင်းသည် အင်အား တဲ့ ”

 

ခင်ခ။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..