အားလုံးပဲ မင်္ဂလာပါရှင်…

 

ကျမရွာထဲကိုတော့ မကြာမကြာရောက်ဖြစ်ပါတယ်။ ကွန်မန့်တော့ သိပ်မရေးဖြစ်သလို အားပေးစကားနဲ့ စာရေးဖို့ တိုက်တွန်းတဲ့သူတွေကို လေးစားသောအားဖြင့် ရေးချင်ပေမယ့် သိပ်မရေးတတ်လို့ မရေးရဲ မရေးဖြစ်ပါဘူး။ ဒီတစ်ခါတော့ စာနာစိတ်က တွန်းပို့နေလို့ ရေးမိလိုက်ခြင်းပါ။

ကျမသိတဲ့ ရေကြောင်းးတက္ကသိုလ်ကျောင်းဆင်း တစ်ချို့ရဲအခြေအနေ ကျမကြားသိနေသလောက်ကို ပြောချင်နေတာ ကြာပါပြီ။ အခုတော့ အလျင်းသင့်လို့ ရေကြောင်းတက္ကသိုလ်တက်ချင်ကြတဲ့ ကျောင်းသားအချို့နဲ့ မိဘများ သိစေချင်တာရယ် ဒါတွေကို သိထားတော့ အချိန်မလွန်ခင် ဘယ်လိုစီစဉ်သင့်သလဲဆိုတာကို စဉ်းစားလို့ ရအောင်ရယ်။ အခြားအခြားသော သက်ဆိုင်သူများ စာနာ နားလည်နိုင်စေရန်လည်း ပါပါတယ်။

အားထားရမယ့် အနာဂတ်မျိုးဆက် ရေကြောင်းးတက္ကသိုလ်ကျောင်းသားတွေအတွက် ၊ နိုင်ငံတော်အနာဂတ်အတွက်၊ ကုမ္ပဏီအတွက် အားလုံးအကျိုးရှိစေဖို့ အစိုးရဌာနဆိုင်ရာအကြီးအကဲများနဲ့ ကုမ္ပဏီတွေအကြား ရေကြောင်းးတက္ကသိုလ်ကျောင်းသားတွေကို မြေတောင်မြှောက်တဲ့အနေနဲ့ sea service ယူခွင့်နဲ့ ကျောင်းပြီးတဲ့ နောက်ပိုင်း သင်္ဘောတက်ခွင့်အတွက် သဘောတူထားခဲ့ကြတာ အားလုံးအသိပါ။ အဲဒီအပိုင်းကိုတော့ အကျယ်မပြောတော့ပါဘူး။ ပြောချင်တာက ကုမ္ပဏီက ​ရွေးချယ်​ထားပြီး သ​င်္ဘော တင်​မ​ပေးနိုင်​​ဘူး။ ကုမ္ပဏီက သူတို့လည်းတင်​မ​ပေးနိုင်​​လို့ ဒီကြားထဲ အခြားလိုင်းတက်​ခွင့်​​လည်းမပေးဘူးလို့ကြားတယ်​။ ဒီကုမ္ပဏီက​ရွေးချယ်​ခံထားရတာချင်းတူ​ပေမယ့်​ လိုင်းမတူလို့ဆိုတဲ့အ​ကြောင်းပြချက်​နဲ့ အချို့ မကြာခဏ (ပြန်​​ရောက်​တာ တစ်​ပတ်​ တစ်​လ​လောက်​နဲ့) ပြန်​တက်​ရတယ်​။ အချို့ကျ​တော့ sea service ၁ နှစ်​ယူပြီး  2/O လက်မှတ်ရ​ပြီး တစ်​နှစ်​​လောက်​ထိမတက်​ရဘူး။ အခြားလည်းလိုက်​ခွင့်​မပြုဆို​တော့ ကာယကံရှင်​သ​င်္ဘော သားနဲ့ မိဘ မိသားစုအ​နေနဲ့ ပင်​ပမ်းခဲ့သမျှ ​ အချိန်​​တွေ လူအား ​ငွေအား​တွေအားလုံး မိမိ မဆိုးမမိုက်​ မမှားပါပဲနဲ့ အလဟသဖြစ်​​နေတယ်​ဆိုတာအထင်းသားပဲ။ သ​င်္ဘောတင်​မ​ပေးနိုင်​ပဲ ဘာ​ကြောင့်​များ ​​ရွေးချယ်​တာလဲမသိ။ အစိုးရက မဖြစ်​မ​နေ တစ်နှစ်ကို အနည်းဆုံးဘယ်​နှစ်​​ယောက်​​ရွေးရမယ်​ဆိုတဲ့ သတ်​မှတ်​ချက်​ရှိ​နေလို့ အမည်ခံရွေးချယ်ထားတာလား။ သ​င်္ဘောလိုင်းအတွက်​/ကုမ္ပဏီအတွက်​ လူ​မွေးထားတာလား။ အမည်ခံရွေးထားတာဆိုရင်လည်း လွတ်လပ်ခွင့်ပေးသင့်ပါတယ်။ လူ​မွေးထားတာဆိုရင်​လည်း ကိုယ်​​မွေးထားတဲ့သူကို လုပ်​​ပေးသင့်​တာ လုပ်​​ပေးဖို့သင့်​ပါတယ်​။ ကိုယ်​​မွေးထားတဲ့သူ​တွေကို လုပ်​မ​ပေးချင်​ရင်​ လုပ်​မ​ပေးနိုင်​ရင်​ အစကတည်းက မ​မွေးသင့်​ပါဘူး ထိန်းချုပ်​မထားသင့်​ပါဘူး။ ​ရွေးချယ်​​မွေးမြူထားပြီး သ​င်္ဘောတင်​မ​ပေးနိုင်​ရင်​လည်း အခြားလိုင်းမှာ ​တစ်​​ခေါက်​တစ်​​လေဖြစ်​ဖြစ်​ လိုက်​ခွင့်​​ပေးသင့်​ပါတယ်​။ အဲလိုခွင့်​ပြုလိုက်​လို့ သူများဆီ​ရောက်​သွားမှာစိုးရင်​လည်း တစ်​ခြားနည်းလမ်းတစ်​ခုခုစီစဉ်​​ပေးဖို့သင့်​ပါတယ်​။ အခု​တော့ဘာနဲ့တူလည်းဆို​တော့ သူတို့​လေး​တွေရဲ့ဘ၀ အနာဂတ်​ကို ပိတ်​ပင်​တားဆီးထားသလိုဖြစ်ရုံသာမက မိသားစုအတွက်လည်း ထိခိုက်နစ်နာစေတဲ့အပြင် နိုင်ငံရဲ့ အနာဂတ်အတွက် အလားအလာရှိတဲ့မျိုးဆက်ကောင်းလေးတွေကို ချောင်ပိတ်ရိုက်သတ်နေတာနဲ့ တူနေတယ်။ ​ဘာကြောင့်လည်းဆိုတော့ ဒီလိုင်း (သ​င်္ဘောသားလိုင်း)ကို​ရွေးချယ်​ထားမိ​လေ​တာကတစ်​​ကြောင်း၊ သင်​ယူထားတဲ့အရာ ရထားတဲ့ဘွဲ့အ​နေနဲ့​ရော လုပ်​သက်​အ​နေနဲ့ပါ အပြင်​မှာလုပ်စားလို့မရဘူးဆို​တော့ ဒီ​ရေ​ကြောင်းတက္ကသိုလ်​တက်​တာမှားတယ်​လို့ ထင်​မြင်​ယူဆမှတ်​ချက်​ချစရာဖြစ်​​နေတယ်​။ ရေကြောင်းတက္ကသိုလ်​ကိုသာ မတက်ခဲ့ရင် အခြားတစ်နေရာမှာ တန်ဖိုးရှိတဲ့ အားထားရတဲ့သူတွေ မိသားစု ပါတ်ဝန်းကျင် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေကြတဲ့သူတွေဖြစ်နေမှာမလွဲပါဘူး။

အခုလို pending / holding / blocking လုပ်​ထားတာ​တော့ ကာယကံရှင်အတွက်​သာမက မိဘ ညီအစ်​ကို​မောင်​နှမ မိသားစုဝင်​​တွေအတွက်​ပါ အခက်​အခဲ​တွေ အဆင်​မ​ပြေမှု​တွေများစွာနဲ့ ရင်​ဆိုင်​​နေရတဲ့အပြင်​ ရေ​ကြောင်းတက္ကသိုလ်​အတွက်​လည်း နာမည်​​ဆိုးပြီး ​နိုင်ငံတော်အတွက်လည်း ဆုံးရှုံးမှုဖြစ်ပါတယ်။ ကုမ္ပဏီက သ​င်္ဘော တင်​​ပေးမယ့်​အချိန်​ကို​စောင့်​ရုံအပြင်​မရှိ​လေ​တော့ ​ဒီ​ကျောင်းတက်​မိခဲ့ခြင်းအတွက်​ စိတ်​ပျက်​​နောင်​တများစွာနဲ့ ပဲ မိဘ​တွေရဲ့ လယ်​ယာအလုပ်​ကိုကူညီပြီး လယ်​ထဲဆင်းရင်း ကုမ္ပဏီက တင်​​ပေးမယ့်​ ​သ​င်္ဘော တက်​ရမယ့်​အချိန်​ကို​စောင့်​​နေသူအချို့ရှိတယ်​ဆိုတာ ကြားသိရတာ အ​တော်​စိတ်​မ​ကောင်းဖြစ်​မိတယ်​။ သူ့မိဘ ညီအစ်​ကို​မောင်​နှမ​တွေကို စာလည်းစာနာမိတယ်။ ကျမသိတဲ့တစ်ယောက်ဆို သူက သားသမီးထဲမှာ အကြီးဆုံးဆိုတော့ အငယ်​​တွေအတွက်​​အားကိုးစရာ​မျှော်​လင့်​ချက်​​မှေးမှိန်​ပြီ​ပေါ့။ ဒီအဖြစ်​ကိုသိတဲ့ ပတ်​၀န်းကျင်​မှာလည်း ​ရေ​ကြောင်းတက္ကသိုလ်​ဆိုတာကို ​ဘယ်​လိုထင်​မြင်​ယူဆ သတ်​မှတ်ကြ​လေမလဲ။

(ငွေကုန်​ လူပမ်း အချိန်​ကုန်​တာပဲရှိတယ်​။ အလကားတက္ကသိုလ်​ပဲလို့ ထင်​မြင်​ယူဆ မှတ်​ယူကြမယ်​ထင်​တယ်​။အားလုံးသိကြတဲ့အတိုင်း ကလေးတွေဟာ ရေကြောင်းတက္ကသိုလ်တက်ခွင့်ရဖို့ ဆယ်တန်းမှာကတည်းက အမှတ်များများနဲ့ အောင်ဖို့လိုပါတယ်။ လွန်ခဲ့တဲ့နှစ်အချို့ကဆို ဆေး တက္ကသိုလ်ဝင်ခွင့်အမှတ်ထက်ပင် မြင့်ခဲ့ပါတယ်။ အဲဒီအတွက် ကလေးတွေရော လူကြီးမိဘတွေပါ ကိုယ်၊ စိတ်၊ ငွေ အများကြီးပင်ပမ်းခဲ့ကြရပါတယ်။ ဆယ်တန်းပြီးပြန်တော့လည်း တက္ကသိုလ်တည်ရှိရာနေရာက သိကြတဲ့အတိုင်း ကျောင်းသားတွေနေကြတဲ့ မြို့ပြနေရာနဲ့က အဝေးကြီးဆိုတော့ ကျောင်းသွားကျောင်းပြန်နဲ့တင် အတော်လေးပင်ပမ်းနွမ်းနယ်နေပါပြီ။ နယ်ကလာတက်တဲ့သူတွေဆို ပိုဆိုးပေါ့။ အဆောင်ငှားနေကြရတာ။ အဆောင်လခက လွန်ခဲ့တဲ့ ၂ နှစ် လောက်က ကြားမိလိုက်တယ် တစ်ယောက် ၇၀၀၀၀ ကျပ်(ခုနှစ်သောင်းကျပ်) ဆိုပဲ။ အခုလက်ရှိအဆောင်လခတော့ မသိသေးဘူး။ နယ်က မိဘတွေကတော့ အခြေအနေအမျိုးမျိုးပေါ့။ အချို့လည်း တတ်နိုင်သူရှိသလို အသင့်အတင့်အခြေအနေလည်း ရှိကြတာပေါ့။ အချို့လည်း တောင်သူလယ်သမားတွေပေါ့။ ရန်ကုန်ကကျောင်းသားတွေအတွက်ကတော့ နေစရိတ် စားစရိတ်အတွက် ၀န်တာမကြီးပေမယ့် နယ်ကလာတက်ရတဲ့ ကျောင်းသားတွေအတွက်ကတော့ နေစရိတ် စားစရိတ် သွားလာစရိတ် အားလုံး ၀န်တာကြီးပါတယ်။ ခန့်မှန်းခြေတွက်ကြည့်တာ နယ်ကလာတက်ရတဲ့ကျောင်းသားအတွက် တစ်လကို နှစ်သိန်းလောက်တော့ကုန်မယ်ထင်တယ်။ ၅ နှစ်စာဆိုမနည်းဘူးပဲ။)

လက်ရှိအနေအထားမှာတော့ အသက်မွေးဝမ်းကျောင်းပညာရထားပါလျက် အလဟသဖြစ်နေပြီး အလုပ်​လက်​မဲ့ မှီခိုဘ၀ဖြစ်နေတော့ ​ဆောင်းဦးလှိုင်​​ပြောတဲ့အဓိပ္ပါယ်​နဲ့ အံဝင်​တာ ဒါမှအစစ်​။ အဖက်​ဖက်​က အများ​ကောင်းကျိုးအတွက်(ကုမ္ပဏီ၊ သ​င်္ဘော သားနဲ့မိသားစု၊ နိုင်​ငံနဲ့ အနာဂတ်​)​ ကုမ္ပဏီမှ တာဝန်​ရှိသူများ စာနာမှုနဲ့ တစ်စုံတစ်ခုဆောင်ရွက်​စေချင်​ပါတယ်​။

 

ကျမကြားသိရတာတွေထဲက အချို့ကို ရေးတာဖြစ်တဲ့အတွက် လွဲမှားနေတာရှိရင်လည်း ထောက်ပြပေကြပါရှင်။ သူများတွေလို ဖတ်ကောင်းအောင် စကားလှအောင် သွယ်ဝိုက်ပြီးမရေးတတ်ပဲ မိမိပြောချင်တဲ့အဓိပ္ပါယ်ကို တိုက်ရိုက်ပြောတတ် ရေးတတ်တော့ကာ အမှားပါခဲ့ရင်လည်း နားလည်ပေးကြစေလိုပါတယ်။ ကာယကံရှင်နဲ့ သူ့ရဲ့မိဘ မောင်နှမတွေကို စာနာစိတ်နဲ့ ကြားရတာ စိတ်မကောင်းဖြစ်လွန်းလို့ သူတို့အတွက် တစ်စုံတစ်ခုမျှော်လင့်ချက်များ ရှိလာမလားဆိုတဲ့ အတွေးနဲ့ ရေးလိုက်မိခြင်းပါ။ ဒီလိုကိစ္စတွေအတွက် တစ်စုံတစ်ခု ကူညီဆောင်ရွက် ဖြေရှင်းပေးနိုင်သူများ ဒီရွာထဲမှာ ရှိမယ်လို့ ယုံကြည်မျှော်လင့်ချက်လည်း ပါပါတယ်။

 

အားလုံး စိတ္တသုခ ကာယသုခနဲ့ပြည့်စုံကြပါစေရှင်……….

 

ပန်းစံပါယ်

About ပန်း စံပါယ်

ပန်း စံပါယ် has written 8 post in this Website..