” ချမ်း အေး ပူ အိုက် “

 

ကျုပ်နေတဲ့ မန္တလေးကို နန်းတော်ရှေ့ဆရာတင်က သီချင်းထဲမှာတောင် ဒီလိုရေးစပ်သွားတယ် မန္တလေး ကျွန်တော်တို့ ရွှေမန္တလေး ချမ်း အေး ပူ အိုက် အောက်သူတွေလိုက်ခဲ့ရမယ် မောင်တင်မဆို ရန်ကုန်မှာမပြတ် နေခြင်းပါတယ် နတ်ပြည်ကြီးလို ထင်ရပေမယ့် သို့ပေမယ့် ကိုယ့်မြို့ကိုယ်တော့ လွမ်းသေးတယ် …………..တဲ့။

မြန်မာပြည်တွင်ရာသီဥတု သုံးမျိုးရှိပါသည် တစ် နွေဥတု နှစ် မိုးဥတု သုံး ဆောင်းဥတုတို့ ဖြစ်ကြပါသည်….. ဆိုပြီး ငယ်ငယ်တုန်းက အော်ပြီး စာကျက်ခဲ့ကြရပါတယ်၊ ရန်ကုန်မှာနေတုန်းကတော့ အဲဒီလို စာထဲ ရာသီဥတု သုံးမျိုး ရှိပါသည်လို့ အော်ကျက်ခဲ့ပေမယ့် ရန်ကုန်မိုး ဘယ်အညှိုးနဲ့ရွာ မစဲတော့သလို စာဆိုနဲ့အညီ မိုးဥတု တစ်မျိုးဘဲ ကောင်းကောင်းခံစားရသလိုပါဘဲ ရက်လအတော်များများ ရွာလိုက်တဲ့မိုး ပြောမနေနဲ့ဆိုသလိုပါဘဲ၊ ဆောင်းဆိုတာလည်း တစ်ခါတလေ မနက်စောစောထဖြစ်မှာ အေး သလိုခံစားရတာမျိုးဖြစ်ပြီး အနွေထည်တွေ ဂျာကင်တွေဝတ်ဖို့နေနေအင်္ကျီ လက်ရှည်လောက်နဲ့ နေလို့ရတဲ့ နှစ်တွေလည်း မနည်းပါဘဲဗျာ။ အခုကျုပ် နေ တဲ့ မန်း ကတော့ အဲဒီလိုအဖြစ်မျိုးလည်း မဟုတ်ရပါကွယ်လို့ ပြောလို့ရနိုင်တယ်၊ ငယ်ငယ်က စာအော်ကျက် ခဲ့သလို နွေဥတု မိုးဥတု ဆောင်းဥတု ရာသီသုံးမျိုးရဲ့အရသာကို အပြည့်ခံစားရတာပါဘဲ၊ ဒါကြောင့်လည်း မြန်မာပြည်တွင် ရာသီဥတုသုံးမျိုးရှိပါသည်ဆိုတာ မန်းမှာနေဖြစ် တော့ မှဘဲ မှန်ပါလားလို့ လက်ခံရမလို တောင်ဖြစ်တယ်လေ။

ဘာလို့လဲမေးမလို့လား ပြောမယ်လေ မန်းမှာ နွေရာသီဆိုရင် အရိပ်ထဲကနေ အပြင်မထွက်လိုက်နဲ့ ဆိုင်ကယ် များစီးပြီးသွားရင် မီးပွိုင့်မီးနီလို့ ဆိုင်ကယ်လေးရပ်လိုက်ရမှာ အတော်ကျောက်မိသဗျ အဲလိုများရပ်လိုက်ပြီ ဆိုရင် ကျောပြင်ကိုဗျောတင်တာမှ ဖြန်း ကထဲဆို နာပြီးပြီးသွားမယ် ဟိုမှာက တစ်မိနစ်ခွဲလောက်ရပ်နေရတဲ့ ကျောကို နေအရှိန်က အတော်ကိုပူသလို ခံစားရသဗျ၊ မိန်းခလေးတွေအတော်များများဆို လက်တို လက်ပြတ် အိုက်တဲ့ရာသီမို့ဝတ်လာရင်တောင် ဆိုင်ကယ်နဲ့အပြင်သွားမယ်ဆို ကိုရီးယားလက်စွပ်ဆိုတဲ့ အ၀တ်စွပ်လေး တွေလက်မှစွပ်ပြီးသွားကြတာပေါ့လေ၊ အဲဒီလိုနွေရာသီရဲ့ ပူပြင်းမှုပီပီပြင်ပြင်ခံစားရတာပေါ့၊ ဒါကြောင့်လည်း စိုင်းထီးဆိုင်က သီချင်းထဲမှာ အညာနွေ ပူလွန်းတယ် လို့ထဲ့ဆိုသွားခဲ့တာ ငယ်ငယ်က ရန်ကုန်မှာနေရင်း နားထောင်တော့ သီချင်းစာသားခံစားမှုမထိပေမယ့် အခု မန်းမှာနေရင်း နွေရာသီ လဖက်ရည်ဆိုင်ထိုင်တုန်း အဲဒီ ကိုထီးသီချင်းများပျံလွင့်လာရင် နားထောင်ရတာ အရသာထိသဗျ၊ အဲဒီလို အပူထဲသွားရပေမယ့် သစ်ပင်အရိပ်ကောင်းကောင်းတွေ့လို ၀င်နားလိုက်ရရင် အေးသွားတဲ့အရသာကတော့ မေ့မရလောက်အောင် ပါဘဲဗျာ၊ ဒါကြောင့်လဲ သစ်ရိပ်ဝါးရိပ်ဟာ အအေးမြဆုံးဆိုကြတာနေမှာပါ။

 

ရန်ကုန်ကတော့ မိုးရာသီဆို ထီးလေးဆောင်းပြီး ပေတရာပေါ်လျှောက် ဘစ်ကားလေးစီကာလိုရာသွားလို့ ရပေမယ့် မန်းမှာတော့ ဘစ်ကားတို့ taxi တို့ စနစ်က ရန်ကုန်လောက်မတွင်ကျယ်ဘူးဗျ မန်းကအိမ်တိုင်း အရင်က စက်ဘီးမရှိတဲ့အိမ်မရှိဘူး ဟိုနားဒီနားဘဲဖြစ်ဖြစ် အဝေးဘဲဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးပြီး စက်ဘီးနင်း သွားကြတာလေ အခုတော့ အတော်များများ တရားအားထုတ်ကာ တရုတ်ဆိုင်ကယ်လေးတွေ ဈေးသင့်သမို့ စီးနိုင်လာလို့ စက်ဘီးနေရာမှာ ဆိုင်ကယ်တွေအစားဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်တွေ အတော်များစွာနဲ့ ပျားပန်း ခတ်မက သွားလာကြတဲ့မြို့ဖြစ်နေပြီလေ၊ အဲဒီတော့ ရန်ကုန်လို မိုးရွာရင် ထီးလေးဆောင်း ပေတရာ လျှောက် မဟုတ်ဘဲ ရွာချလိုက်တဲ့မိုး မိုးကာမဆောင်ထားမိ မပါရင် ရွဲကာစိုလေမည့်အမျိုးလို့ ပြောရလေတော့ မိုးရိပ် လေး အနောက်တောင်ရပ်က မှိုင်းအုံကာလာလို့ကတော့ အိမ်နီးရင်နီး မနီးလို့ကတော့ မိုးခိုလို့ရတဲ့ အနီးနား လဖက်ရည်ဆိုင်ကို မောင်းပြေးကြရလေရဲ့ဗျာ။ ကိုယ်လဲဒီလိုဘဲလေ။ ဒါကြောင့် ဒီလိုတောင် ကဗျာစပ်မိသေး

” ဟာ “

အရှေ့ရပ်က မှိုင်းလို့ပါဆို

အနောက်တောင်က တိမ်မဲလွှမ်းသကိုး

မှောင်ပြလာ ပတ်ဝန်းကျင်သခို

ပြိုတော့မယ် မိုးရိပ်ကယ်ညို

ရွာမယ့်ဟန် ကြောက်လှသကို

ဆိုင်ကယ်ကို တအားမောင်းထို

အလုအယက် ပြန်ကြအိမ်ဆီကို

မိုးရွာချ စိုလှမှာမို့

ခဏကြာတော့ ပေါ်လှအသံစုံ

ကျိ ၀ုန်း ဂျိုင်း ဒိုင်း ကနဲမြည်သံ

ထွက်ပါပေါ့ အာမေဋိတ်……………. ” ဟာ ” ။

 

ဒါကြောင့် ဟိုကြည့်ဒီကြည့်အကဲခတ်ကာ ပြေးလွှားသွားခဲ့ရတဲ့ မန်း က မိုးဥတုပေါ့ဗျာ၊ တစ်ခါတလေ မိုးတိမ် မြူတွေ ရွေ့လျားပေမယ့်မရွာလောက်ပါဘူးဆိုပြီး သွားလိုက်တာ လမ်းခုလတ်ရောက်မှရွာချင်ရွာပါလေရော၊ ဒါကိုသီချင်းရေးဆရာက ဟိုး တောင်ပေါ် ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေလွင် မိုးရွာမယ် မိုးရွာမယ် မထင်မိ ပါလို့ ပါလာသည့် ရှန်တဘက်လေးခေါင်းပေါ်တင်မိရင်ဘဲ သဲသဲမဲမဲရွာပြန်တော့……….. လို့ စပ်ခဲ့ဖူးတာကိုး။

 

ရန်ကုန်မှာတစ်ချို့ဆောင်းရာသီတွေဆို စောင်တောင်မခြုံခဲ့ဖြစ်ဘူး၊ မန္တလေးဆောင်းကတော့ ကျောချမ်းအောင် အေးသဗျ၊ ဆောင်းကာလရောက်တော့မယ်ဆို အနွေထည်ဆိုင်တွေ စောင်ရောင်းတဲ့ဆိုင်တွေမှာ ဘုရားပွဲ ဈေးတန်း တိုးရသလို ၀ယ်လိုက်ကြတာ ကြိတ်ကြိတ်တိုးလေရဲ့ဗျာ၊ မ၀ယ်လို့လဲမရဘူးလေ သူ့ဒေသအရ ဆိုင်ကယ် အစီးများမြို့ဆိုတော့ ဆိုင်ကယ်စီး ရင်ဘတ်လေတိုးရင် ကျန်းမာရေးချုချာနိုင်တော့ ၀တ်ကြဆင်ကြဖို့ ၀ယ်ရ တာပေါ့၊ အဲ တစ်ခုတော့ ရှိတာပေါ့ အနွေးထည်ဒီဇိုင်းမျိုးစုံ ရှိုးထုတ်ကာ အလှဝတ်ခွင့်ရှိတယ်လေ မန်း ဆောင်းက၊ ပြီးတော့ ညပိုင်းဆိုရင်လည်း စောင်ပုံကြားကွေးကာအိပ်ရတဲ့ ဆောင်းအရသာကို ပီပီပြင်ပြင်ခံစား ကာ အိပ်ခွင့်ရတယ် ပေါ့ဗျာ။

အဲဒီလို ဥတုသုံးလီရဲ့ အရသာကို ပီပြင်စွာခံစားရင်း ကျုပ် မန်းမှာနေဖြစ်ခဲ့တာ ဆယ်စုနှစ်မကကြာလေပြီပေါ့၊

ငယ်ငယ်က အတန်းစာထဲမှာ ကျက်ခဲ့ရသလို မြန်မာပြည်တွင် ရာသီဥတုသုံးမျိုးရှိပါသည် တစ်နွေဥတု နှစ်မိုးဥတု သုံးဆောင်းဥတု ဆိုတာကို ပီပီပြင်ပြင်ခံစားချင်ရင်တော့ မန်းမှာ လာနေကြပေါ့လို့တောင် ပြောရမလိုပါဘဲ။

ဒါကြောင့်လည်း

ချမ်း ရင် တကယ်ချမ်းတဲ့ မန်း

အေး ရင် တကယ်အေးတဲ့ မန်း

ပူ ရင် တကယ်ပူတဲ့ မန်း

အိုက် ရင် တကယ်အိုက်တဲ့ မန်း

အဲလို တကယ့်လက်တွေ့ကျတဲ့ မန်း ကိုတင်စားပြီး နန်းတော်ရှေ့ဆရာတင်က ဒီလိုရေးခဲ့ပေတာကိုး

” မန္တလေး ကျွန်တော်တို့ ရွှေမန္တလေး ချမ်း အေး ပူ အိုက် “

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF