ကျနော့်တွင် အနီရောင် ပုဆိုးတစ်ကွင်း ရှိသည်။
ထိုပုဆိုးမှာ ကရင်ပုဆိုး ဖြစ်ခြင်းကြောင့် ကန့်လန့်ဖြတ် လိုင်းများ၏ အလယ်တွင် အနီရောင် လိုင်းကြီး ပါရှိသည်။
ပုဆိုး၏ အနံမှာ တိုပါသည်။
ပုဆိုးဟု ဆိုလျင် ခပ်တိုတိုသာ ဝတ်တတ်သော ကျနော်နှင့် ကွက်တိပင် ဖြစ်နေပါတော့သည်။

ကျနော်သည် ထိုပုဆိုးကို အလွန် နှစ်သက်ပါသည်။
သို့ရာတွင် ထူထဲခြင်း မရှိဘဲ ပုဆိုးပါး တစ်ခုသာ ဖြစ်သောကြောင့် နေရောင် တောက်ပသော နေ့ခင်းအခါများတွင် လူကြားသူကြား ဝတ်မသွားရဲပါ။
ထို့ကြောင့် အိမ်နေရင်းသာ ဝတ်ဆင်ပါသည်။
တစ်ခါတစ်ရံ မိုးကလေး အုံ့တုံ့တုံ့ ရှိပြီး ကျနော်ကိုယ်တိုင်လည်း အတန်ငယ် စိတ်ရူးပေါက်နေသည့် အချိန်များတွင်မူ ဟိုနားဒီနား သွားလာသည့်အခါ ဝတ်ဆင် တတ်ပါသည်။
သို့ရာတွင် ပုဆိုးမှာ ပါးသောကြောင့် ကိုယ့်ကိုယ်ကို မလုံမလဲတော့ ဖြစ်မိသည့် အခါများတွင် ပုဆိုးကို မ,သွားသည့် အထာဖြင့် ရှေ့ပုဆိုးစ နှစ်ခုကို ဆုပ်ကိုင်ကာ လမ်းလျောက် တတ်ပါသေးသည်။

ကျနော် နှစ်သက်သည့် ပုဆိုး ဖြစ်သည့်အတွက် သေချာ လျော်ဖွပ်ထားတတ်ပါသည်။
ထိုပုဆိုးကို မည်သူမျှ မဝတ်ရ ဟူ၍ သတိပေးထားသည့်တိုင် ညီငယ် တစ်ယောက်မှ ဘုမသိ ဘမသိဖြင့် ယူဝတ်လေသောအခါ အကြီးအကျယ် ဒေါပွပြီး စုံစိနေအောင် ဆဲပစ်ခဲ့ရပါသေးသည်။
ရွာပြန်စဉ် အခါကလည်း ထိုပုဆိုးကို ဝတ်ဆင်၍ နွားစာကျွေးစဉ် နွားပြာကြီးမှ တရှူးရှူး၊ တရှဲရှဲဖြင့် ဒေါသထွက်သည့် ပုံစံ လုပ်ပြခြင်းကိုလည်း ခံခဲ့ရပါသေးသည်။
သို့ရာတွင် ကျနော့် လက်ထဲတွင် ဝရဇိန် နဂံ (နဂံ/ နကန်/ နကံ = နွားမောင်းသည့် တုတ်ချောင်းကို ပြောတာ၊ စာလုံးပေါင်း သေချာ မသိ။) ရှိနေခြင်းကြောင့် အတွန့်တက် မလာရဲပါပေ။

ပုဆိုး အနီနှင့် ညီအစ်ကိုဟု ဆိုနိုင်သော ပုဆိုးအစိမ်းတစ်ထည် ရှိပါသေးသည်။
ထိုပုဆိုး အစိမ်းမှာလည်း ကရင်ပုဆိုး ဖြစ်ပါသည်။
သို့ရာတွင် ထူသည်၊ အနံလည်း ရှည်ပါသည်။
ပုဆိုး အစိမ်းကို ယခင်က အလုပ်သွားသည့် အခါများတွင် ဝတ်ဆင်သွားတတ် သော်လည်း နောက်ပိုင်းတွင် ချစ်သူလေးက မကြိုက်ဟု ဆိုလာသဖြင့် အပြင်သွားသည့်အခါ မဝတ်ဆင်တတ်တော့ပါ။
နောက်တစ်ချက် အနေဖြင့် ပြောရရင် ပုဆိုးအစိမ်းမှာ မည်မျှ တင်းကြပ်အောင် ဝတ်ထားသည် ဖြစ်ပါစေ ခဏခဏ လျှောလျှောကျတတ် သောကြောင့် လိုင်းကား တွယ်စီးရသည့် အခါ အခန့်မသင့်ပါက ကျွတ်တတ်ပါသောကြောင့် မဝတ်တော့ပါ။
ယခင် အခါက ပုဆိုးအစိမ်း ဝတ်သည့် နေ့များတွင် ကားစီးရင်းဖြင့် ကျွတ်ကျကာနီး အနေအထားသို့ ရောက်ခဲ့သည်များ ရှိခဲ့ဖူးပါသည်။
လက်က အဖမ်းမြန်သော ကြောင့်သာ အရှက်နှင့် သိက္ခာကို ထိန်းသိမ်း နိုင်ခဲ့ခြင်း ဖြစ်ပါ၏။

ယခုအခါ ကျနော် နှစ်သက်သော ကရင်ပုဆိုး အနီလေးကို မီးပူတိုက်ပြီး ဘီဒိုထဲတွင် သိမ်းဆည်းပြီး ဖြစ်ပါသည်။
ကျနော့် ခါးတွင်မူ ထိုအနီရောင်လေး၏ ညီအစ်ကို အစိမ်းရောင်လေး ရှိနေပါသည်။
ပြီးပါပြီ …..။

{မှတ်ချက် ။     ။ ရေးစရာ မရှိလို့ ကြံဖန်ပြီး ရေးတင်လိုက်ခြင်း ဖြစ်ပါသည် … ကွီကွိ}

 

ချစ်ခြင်းများဖြင့် …

အံစာတုံး

About မဟာရာဇာ အံစာတံုး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။