( Super moon ညမုာ မင်း နဲ့ ငါ )

သြဂုတ်လ ၁၀ ရက် ဝါခေါင်လပြည့်နေ့ ၊ တစ်နေ့လုံး ရုံးကလူတွေနဲ့ သန်လျင်ဘက်က သီလရှင်စာသင်တိုက်တစ်ခုဆီ အလှူကိစ္စနဲ့သွားခဲ့ရလို့ ပင်ပန်းချင်နေတာမို့ ကုတင်ပေါ်လှဲနေရင်း ကလာနေတဲ့ ဇာတ်ကားကိုကြည့်ရင်း နားနေမိတယ် ၊ ဆိုင်မှာထိုင်နေကျ ဘော်ဒါတွေကတောင် ဘာလဲ Super moon နေ့ ရေကြီးမယ်ဆိုလို့ စောစောတက်ပြေးတာလားလို့ နောက်ကြသေးတယ် ၊ ဟုတ်ပါတယ်လေ ၊ ၇ နာရီတောင် မထိုးသေးပဲကိုး ၊ ခဏအကြာမှာတော့ ဖုန်း ဝင်လာတယ် ၊ ကိုယ်မသိတဲ့ နံပါတ် ၊ ဟုတ်ကဲ့ ပြောပါ ဆိုတော့ ( ဦး = = ဆက်တာပါ ၊ ဒီဖုန်းကို ပြန်ခေါ်ပေးပါ ) တဲ့ ၊ အိပ်ချင်စိတ်တွေရော ပင်ပန်းတာတွေရော ဘယ်ရောက်ကုန်တယ်မသိ ၊ အဲဒါနဲ့ ၆၇၇ နဲ့ဆုံးတဲ့ အဲဒီဖုန်းကို ပြန်ခေါ်လိုက်တယ် ၊ နာရီကြည့်တော့ ၇း ၀၆ ၊ ( ဦး = = ကို တစ်ခုလောက် ကူညီပါ ၊ အခု အိမ်ပေါ်က ဆင်းလာတာ ၊ အဖေက အရမ်းရိုက်လို့ ၊ ပိုက်ဆံလည်း မပါဘူး ၊ အခု ကားသမားဆီက ဖုန်းနဲ့ ဆက်နေတာ ) တဲ့ ၊ အောင်မယ်လေး ဘုရား ဘုရား ၊ ဘာတွေဖြစ်လာရတာတုန်း ၊ စိတ်ထဲ အတော်ပူသွားတယ် ၊ အိမ်ပေါ်က ဆင်းလာတဲ့ မိန်းကလေးရယ် ကားသမားရယ် ၊ ဟူးးးးးးး ၊ အိပ်ထဲကြည့်တော့ တစ်သောင်းကျော်ကျော်လေးပဲရှိ ၊ ဒါနဲ့ပဲ အမေ့ကို ခေါင်းခွေ့ပြီး ပိုက်ဆံချေးရတယ် ၊ အမေကလည်း ထုတ်ပေးခဲ့တယ် ၊ အဝတ်အစားလဲပြီး တိုက်အောက်ပြန်ဆင်း ၊ နာနတ်တောလမ်းမဘေးကနေ သူလာမယ့်ဘက်ကို မျှော် ၊ ဖုန်းကို အခါခါခေါ်ရင်း ဘယ်လမ်းက ဘယ်လိုလာ ဆိုတာ လမ်းညွှန်ရသေးတယ် ၊ ပြီတော့ သူ့ကို ဘယ်ခေါ်သွားရမလဲ ဆိုတာ ခေါင်းပူအောင် တွေးရသေးတယ် ၊ ကိုယ့်အိမ်ပေါ်ခေါ်ပြီး အမေနဲ့ အိပ်ခိုင်းရမလား ၊ ရပ်ကွက်ထဲကပဲ အသိ မိန်းကလေး ရှိတဲ့ အိမ်ကို ပို့ရမလားပေါ့ ၊ နောက်တော့မှ စမ်းချောင်းထဲက ညီဝမ်းကွဲကို သတိရ ၊ သူက သူ့မိန်းမရယ် သမီး ၂ ယောက်ရယ်နေကြတာ ၊ တိုက်ခန်းကလည်း ကျယ်တယ် ၊ သူ့ဆီဖုန်းဆက်တော့ သူ့မိန်းမနဲ့ပဲတွေ့တယ် ၊ ညီက သီလဝါမှာ ဂျူတီ တဲ့ ၊ ညီက လ ဝ က ကပါ ၊ သူ့မိန်းမကို အကြောင်းစုံပြောပြတော့ ရပါတယ် ကိုမျိုးရယ် တဲ့ ၊ ကိုမျိုး ခိုးလာတာတော့ မဟုတ်ပါဘူးနော် တဲ့ ၊ ခိုးမှတော့ သူ့ဆီခေါ်သွားမလားဗျ နော့ ၊ ခဏနေတော့ = = ရောက်လာတယ် ၊ မျက်နှာက ချောင်ကျ ၊မတွေ့ဖြစ်တဲ့ ၁ နှစ်အတွင်းမှာ အသားတွေက ညိုသွားလိုက်တာ ၊ ဘယ်မလဲကားက ၊ ကားခဘယ်လောက်တုန်း ဆိုတော့ မဟုတ်ဘူးဦး ဟို ဟို ကျောက်မြောင်းက သူငယ်ချင်းက သူကူညီမယ်တဲ့ ၊ ဖုန်းဆက်ပြီး မေးလိုက်တာ ၊ အေးပါ ၊ ဦးတို့ ဒီဂိတ်က ကားနဲ့သွားမယ် ၊ ဒီအထိကားခ ဦး ရှင်းလိုက်မယ် ဆိုတော့ မဟုတ်ဘူးး ကားပေါ်မှာ အထုပ်တွ ပါသေးတယ် တဲ့ ၊ အထုပ်ပါတာ ဘာဖြစ်လဲ ဒီကကားနဲ့ တင်လည်း ရတာပဲ ၊ မဟုတ်ဘူးဦး ဟိုကျမှ ကားခရှင်းတော့မယ် တဲ့ ၊ စိတ်ထဲ တစ်ခုခုတော့ လွဲနေပြီဆိုတာ သိလာတယ် ၊ ဘေးနားက သူငယ်ချင်းတစ်ယောက်က အဲဒီကားကို သွားမှတ်လာတယ် ၊ ကားနံပါတ်ကော စီးတီးတက္ကစီ နံပါတ်ပါ မှတ်လာတာ ၊ ကားက လမ်းဟိုဘက်မှာ ၊ ဆူဇူကီး အနီရောင် ၊ ကားပေါ်မှာ လူ ၂ ယောက် ၊ သူနဲ့ဆို ၃ ယောက် ၊ ဒါဆို ပိုနေတဲ့ တစ်ယောက်က ဘယ်သူလဲ ၊ ဦး မနက်ဖြန်ညနေ ဦးရုံးဆင်းချိန် သံလမ်း လှိုင်မင်းကို လာခဲ့မယ် ၊ လေး ငါးသောင်းလောက် ရအောင် လုပ်ထားပေးပါ ၊ လကုန်ရင် ဆက်ဆက် ပြန်ပေးပါ့မယ် တဲ့ ၊ အေးပါ အေးပါ ဆိုပြီး သူနဲ့အတူ ကားလမ်းကူးမယ် လုပ်တော့ နေခဲ့ပါ ရတယ် ဦး ဆိုပြီး မကူးစေခဲ့ဘူး ၊ ကျောက်မြောင်း ရောက်လောက်မယ့် အချိန် = = ဆီဆက်ပါ ၊ ဖုန်းဘေလ် မရှိတော့လို့ ဆိုပြီး ခပ်သုတ်သုတ် ပြေးသွားလေရဲ့ ၊ ည ၈ နာရီထိုးပါပြီ ၊ အိမ်ပေါ် ပြန်မတက်ချင်သေးတာနဲ့ ဂျန်းရှင်းစကွဲယား မရောက်ခင်နားက သုံးရာသီမှာ ဘီယာတစ်လုံးနဲ့ သွားထိုင်နေမိတယ် ၊ ၈း ၄၀ လောက် ၉၀၄ နဲ့ဆုံးတဲ့ သူ့ဖုန်းကို ဆက်တော့ ဧရိယာပြင်ပ တဲ့ ၊ ဘယ်ကမ္ဘာကိုများ ထွက်သွားပါလိမ့် ၊ ဒါနဲ့ ကားသမားဆီပြန်ဆက်တော့ ပို့ခဲ့ပြီးပြီ တဲ့ ၊ ကျောက်မြောင်း ဘယ်နားလဲ ဆိုတော့ ဝေ့လည်လည်နဲ့ ၊ ခင်ဗျား ကားသမားပဲ ဘယ်လမ်းဆိုတာ သိရမှာပေါ့ ဆိုတော့ သြဘာလမ်းဘက်ကဝင်တာ ၊ သူပြောသလို ဟိုကွေ့ ဒီကွေ့ ဆိုတော့ ဘယ်လမ်းမှန်း မမှတ်မိဘူးတဲ့ ၊ ဒါနဲ့ သူ့ကို ကားနံပါတ်ကော စီးတီးတက္ကစီနံပါတ်ပါ ရွတ်ပြလိုက်ပြီး အေး တစ်ခုခုဖြစ်လာရင် ကျုပ်ငြိမ်နေမှာ မဟုတ်ဘူး လို့ပြောလိုက်တယ် ၊ ဘီယာဆက်သောက်နေရင်း ဟို နံပါတ်ကို ထပ်ခါ ထပ်ခါ နှိပ်နေမိတယ် ၊ ၉း ၄၈ မှာ ဖုန်း ဝင်သွားတယ် ၊ ရင်းတုန်းသီချင်းလေးက ဒို့ မခွဲဘူး ဆိုပါလား ၊ ခဏလေးပဲ ဖုန်းချသွားတယ် ၊ ဘာလို့ မကိုင်ရတာလဲ ၊ ဘာတွေက ပိုအရေးကြီးနေလို့ ဒီဖုန်းကို မကိုင်တာလဲ ၊ လဲ လဲ လဲ လဲပေါင်းများစွာကြားမှာ ကိုယ့်ကိုယ်ကို မလဲအောင်ထိန်းရင်း အိမ်ပေါ်ရောက်လာတော့ ၁၂ နာရီထိုးပါပြီ ၊ Super moonကြီးက ထိန်ထိန်သာနေတဲ့ လပြည့်ညမှာ အိပ်မရသူက ကျနော်ပါ ၊

9b

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..