“ဘာ”

အဖြေမရှိသော မေးခွန်းတစ်ခုကို ကျွန်တော်မေးခွန်းထုတ်မိသွားသည်။ အားလုံးအတွက် ဖြေရှင်းချက်တစ်ခွန်းတစ်လေမှ မရှိပါ။ သူ့အကြောင်းနဲ့ သူသာ ဖြစ်လာပါသည်ပေါ့။ ဒီတော့ မဖြစ်ချေဘူး။ တစ်ခွန်းချင်းစီ မေးခွန်းထုတ်မှ ဖြစ်တော့မည်။ မူရင်းဇစ်မြစ်မှ မေးမှ ဖြစ်လေတော့မည်။ ကိုရင်ရှူံးတစ်ကောင် ဖြစ်စဉ်အစမှ တစ်ခွန်းချင်းစီ မေးခွန်းထုတ်ရတော့သည်။ မထုတ်လို့လဲမရ၊ ပြဿ နာရယ်လို့ဖြစ်လာမှတော့ အဖြေရှာရတော့မည်။

ရှူံးး “ဘာကြောင့် ဒီလိုဖြစ်ရတာလဲဟင်”
သူမး “ရှင် ဂရုမစိုက်လို့”

ကိုရင်ရှူံးတစ်ယောက် ခေါင်းကုတ်မိသည်။ ငါဘာများ ဂရုမစိုက်သလဲပေါ့? အလုပ်သွားလျင် ဖုန်းခေါ်သည်။ ဖယ်ရီပေါ်တစ်လျှောက်လုံးဖုန်းပြောနေသဖြင့် ကားအတူတူစီး မန်နေဂျာမှ မကြိုက်သဖြင့် ဖုန်းမပြောနှင့် အဟောက်ခံရဖူးသည်။ အလုပ်ပြန်ချိန် မှန်းဆက်တော့ အလုပ်ကနောက်ကျနေတာ ဘာလို့ ဒီလောက်ဖုန်းခေါ်နေသလဲ အငေါက်ခံရဖူးသည်။ အိမ်ပြန်ချိန် ဖုန်းခေါ်လိုက်ပြန်တော့ လုပ်စရာတွေရှိနေတာ ဖုန်းချည်းပဲ ခေါ်နေတာ ဘာမှ အလုပ်မပြီးဖူးပြောခံရသည်။

ကိုယ့်လိပ်ပြာ ကိုယ်လုံသည်။ ရှေ့ဆက်ပြီး အကြောင်းအရာမှန်တစ်ခု ရှာဖို့သာရှိသည်။

ရှူံးး “ဘာကြောင့် သူ့ကို ခုလိုလက်ခံစကားပြောရတာလဲဟင်”
သူမး “သူက ကျွန်မကိုအမြဲပျော်အောင်ထားတယ်လေ”

ခက်တော့ ခက်နေချေပြီ။ ကိုရင်ရှူံးတစ်ကောင် သူမ ရပ်ဝေးမြေခြားရောက်လာသဖြင့် တစ်ယောက်တည်းအဖော်မဲ့နေမည်စိုးသည့်အတွက် သူမအတွက် ထိုစဉ်က အဆင့်မြင့်ဆုံးဆိုသည့် i7 တစ်လုံးကို လေဆိပ်ရောက်ကတည်းက ကြိုပြီးပေး၊ သူငယ်ချင်းတွေဆီဖုန်းခေါ်လို့ရအောင်ရော၊ ကိုရင်ရှူံးကိုပါခေါ်ဆိုနိုင်ရန်အတွက် ဆင်းကဒ်တစ်ကဒ်ပေး၊ အသုံးစရိတ်မရှိမှာစိုးသည့်အတွက် သူမတစ်လစာငွေကို လက်ထဲထည့်ပေးထားတာတောင် လူတစ်ကာကြားမှာ ခေါင်းမော့၊ ရင်ကော့နေနိုင်တာတောင် သူမမှာ ထိုသူမှ ၀ယ်ကြွေးမှ စားရသည့်အလားပြောဆိုပြီးနေရတာတောင် သူက ပျော်အောင်ထားသည်ဟူသတတ်။

ရှူံးး “ဘာကြောင့် သူ့ကို ခုလောက်ထိ နေ့တိုင်း ကိုယ့်ယောကျာ်းကိုလိမ်ညာပြီးတောင် စာတွေပို့၊ ဖုန်းတွေဆက်နေရတာလဲဟင်”
သူမး “အို.. ဒါကတော့ ဒီရောက်တဲ့သူတိုင်း ခုလိုမျိုး ပြောနေကျပါပဲ”

ငင်…. ကိုရင်ရှူံး နင်သွားသည်။ ကိုရင်ရှူံးတစ်ကောင် တစ်မြေရပ်ခြားမှာနေလာတာ ဆယ်စုနှစ်တစ်ခု ရှိတော့မည်။ ဒီမှာနေရင် ခုလိုမျိုး ကောင်လေးနဲ့ ကောင်မလေး ညတိုင်းစကားတွေပြော၊ စာတွေပို့နေသည်မှာ အဆန်းမဟုတ်ဟု မသိထားပေ။ အလုပ်နှင့်အိမ်၊ အိမ်နှင့်အလုပ်သာ။

သြော်… တစ်ခုတော့ ရှိလေသည်။ ကိုယ့်ကောင်မလေးနှင့်တော့ VZO ကကျူလိုက်၊ Gtalk ကနေပြောလိုက်နှင့် ကြည်နူးနေရသည်။ ဒီက ကောင်မလေးများတော့ ယောင်လို့တောင် စိတ်မ၀င်စား၊ ဖုန်းဖိုးမကုန်ချင်သောကြောင့်ဖြစ်သည်။ သူမမှာ ရောက်တာ ၃ လနှင့် ကိုရင်ရှူံးအား ပညာတွေ ပြန်သင်ပေးလေသည်။ မှတ်သားစရာကောင်းလေစွ။

ရှူံးး “ဘာကြောင့် ဒ်ီအချိန်မှာ ကိုယ့်ကို မတွေးမိသလဲဟင်?”
သူမး “ရှင့်အကြောင်း ကျွန်မခေါင်းထဲမှာ အမြဲရှိပါတယ်၊ ဒီလူတွေက အပျော်ပါရှင်၊ ကျွန်မ တစ်ကယ်ချစ်တာ ရှင်တစ်ယောက်တည်းပါ”

ကိုရင်ရှူံးတစ်ယောက် ခေါင်းတစ်ခါခါ လည်တစ်ခါခါနှင့် ကိုယ့်ကိုယ်ကို တစ်ယောက်ထဲ စုန်းစုန်းမြုပ် မိုးတွေချုပ်ပြစ်လိုက်သည်။ တစ်ယောက်ထဲ ကမ္ဘာတစ်ဖက်ခြမ်းကို ပြေးထွက်သွားလိုက်သည်။

အဖြေသည် ထိုမျှနှင့် လုံလောက်သည်။ ၄ နှစ်တာ စောင့်စားခဲ့သော နတ်သမီးလေးတစ်ပါး အတောင်တစ်ဖက်မှမရှိ အဆင်း/အနံ့တွေကင်းမဲ့လျက်၊ အမြတ်တနိုးလက်ထပ်ယူခဲ့သော ဘ၀မီးအိမ်ရှင်လေးသည် မီးစာကုန် ဆီခမ်းရုံမက မီးအိမ်ပါ လောင်ကျွမ်းသွားလေသည်။ အိမ်မက်တွေသည်ကား ခပ်ကြမ်းကြမ်းရိုက်ပုတ်နှိုးခံလိုက်ရသည့်နှယ်။ ခပ်ရင့်ရင့်တိမ်တွေကြား သာနေဆဲလမင်းတစ်စင်း ရုတ်ချည်းပြေးဝင်သွားလေ၏။ မှောင်အတိညတွေ အလင်းသဲ့သဲ့သော်မျှ မဖြာနိုင်လောက်အောင်ပင်။ တစ်ချိန်က ခပ်ကြမ်းကြမ်းသုတ်ခဲ့ရသော ချွေးစက်များကြားမှ အပြုံးပွင့်တွေကို ကိုယ့်တစ်ယောက်တည်း ကိုယ်ပြေးမြင်မိ၏။ ကိုရင်ရှူံးတစ်ယောက် ကိုယ့်ဖာသာ အပျော်ရှာခဲ့တာပါလား။

တစ်ချိန်က စပ်ဖြီးဖြီးကြီးနှင့် လေးနှစ်တာ ကြိုးစားခဲ့ရသော ကိုရင်ရှူံးသားသမီးများ၏ မိခင်လောင်းတစ်ယောက်မှာမူ သန္ဒေသားလောင်းဘ၀မှာပင် အဘောရှင်းဖြစ်သွားရှာလေ၏။

++++++++++++++++++ ရှူံးနိမ့်မှုများနဲ့.. လူ ++++++++++++++++++

မကျေမနပ်ဖြင့် မေးခွန်းတွေ ထပ်မေးလေတိုင်းလည်း..

အပျော်သက်သက်သာ၊ ကိုရင်ရှူံးကိုသာ သိပ်ချစ်တာ

နောက်တစ်ကြိမ်လည်း..

အပျော်သက်သက်သာ၊ ကိုရင်ရှူံးကိုသာ သိပ်

နောက်တစ်ကြိမ်လည်း..

အပျော်သက်သက်သာ၊ ကိုရင်ရှူံးကိုသာ

နောက်တစ်ကြိမ်လည်း..

အပျော်သက်သက်သာ

ဟုတ်ကဲ့၊ ပျော်စရာမရှိသော ဘ၀ကြီးများတွင်မတော့ အပျော်တွေသာ ရှာကြပါလေသည်ပေါ့။
ကျွန်တော်သည်သာ မျက်ရည်နဲ့ ဒီသောက်ခွက်။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..