” ဟိုအရင်က ဓာတ်ပုံဆရာများနဲ့ ကျွန်တော် “

ခင္ခAugust 25, 20141min2025

” ဟိုအရင်က ဓာတ်ပုံဆရာများနဲ့ ကျွန်တော် “

 

ကျွန်တော်နဲ့ ဆုံခဲ့တဲ့ ဓာတ်ပုံဆရာတွေနဲ့ အယူအဆ အလွဲလေးတွေကို ပျင်းလို့ရေးမလို့ပါ။

ကျွန်တော်ကျောင်းစတက်ဖို့ ကျွန်တော်တို့နေတဲ့နားက မူလတန်း အ.မ.က မှာ ကျောင်းထားဖို့အတွက် ကျောင်းအပ်လက်ခံပြီမို့ အဖိုးဖြစ်သူက ကျွန်တော်ကို ခေါ်ပြီး အိမ်နားက ဓာတ်ပုံတိုက်မှာ ကျောင်းအပ်ဖို့ လိုင်စင်ပုံသွားရိုက်တာပေါ့။

ကျွန်တော်တို့ငယ်တုန်းက လိုင်စင်ဓာတ်ပုံရိုက်ခံမယ်ဆို အခုခေတ်လိုကင်မရာလေးနဲ့ ချိန်ပြီး “ချလပ်” ဆို ရိုက်ပြီးသာမဟုတ်ဘူး ဓာတ်ပုံတိုက်(ဓာတ်ပုံဆိုင်ကို အဲဒီတုန်းကခေါ်တာ)ကိုသွား အမှောင်ခန်းတစ်ခု အဲဒီက ဓာတ်ပုံတိုက်မှာလုပ်ထားတယ် အဲဒီထဲဝင်ထိုင် ဘေးမှာက ထီးတွေနဲ့ နောက်ခံပြုထားတဲ့ စလိုက်တွေနဲ့ ချိန်ထား ပြီး ရွေ့လိုဘီးပါတဲ့ ဆင်ကြီးမှတပ်ဆင်ထားတဲ့ ကင်မရာရဲ့နောက်မှာ ရိုက်မည့်သူက ဝင်လိုက်ပြီး ကင်မရာနဲ့ သူ့ ခေါင်းကို အဝတ်မဲ့ကြီးဖုံးပြီးမှ သေချာချိန် ရိုက်ပြီဆိုတာနဲ့ ခုနမီးတွေပိတ်လိုက်ပြီး ခဏနေတော့ ခုနထီးတွေလို နောက်ခံထားတဲ့ မီးစလိုက်တွေလည်း “ဖြတ်” ဆိုလင်းလာတာမျိုး အဲလိုရိုက်ရတာလေ။ ပြီးတော့ ကာလာပုံ မရဘူးနော် အဖြူအမဲ ဓာတ်ပုံ ဘဲရတာလေ။

အဲဒီလိုဓာတ်ပုံရိုက်ခန်းက ခုံမှာကျောင်းအပ်ဖို့ လိုင်စင်ဓာတ်ပုံရိုက်ရန်အတွက် ကျွန်တော်ထိုင်လိုက်ရင်ဘဲ မီးတွေပိတ်ပြီးတော့ ခုနပြောသလို မီးစလိုက်တွေနဲ့ ချိန်ပြီး ရိုက်မယ့်လူကြီးကလည်း ပိတ်နက်အုပ်ထားတဲ့ထဲ ကနေ ချိန်နေရင်း

” ကလေး မလှုပ်ဘဲငြိမ်ငြိမ်လေး ဒီကို ကြာ ကြည့် ကြည့်နေနော် ”

အဲဒီတော့ ကျွန်တော်ကလည်း ခေါင်းလေးကိုနဲနဲစောင်းဌဲ့ပြီး မျက်လုံးလေးထောင့်ကပ်လို့ သူကင်မရာမှန်ဘီလူး ကြီးကို ကနွဲ့ကယလေးစိုက်ကြည့်နေတာပေါ့၊ အဲဒီမှာ ဓာတ်ပုံရိုက်မယ့်သူကြီးက

” ဟဲ့ ကလေး ဒီကို ကြာ ကြည့်ပါဆို”

ထပ်ပြောလာတယ်။ အဲဒီဓာတ်ပုံရိုက်တဲ့ လူကြီးက စကားပြောရင်းကနွဲသဲ့သဲ့လေးပြောတတ်တဲ့သဘောရှိ တယ်လေ။ ဒါနဲ့ဘဲ ခေါင်းလေးကို ထပ်စောင်းဌဲ့ပြီး မျက်လုံးလေးကို ဒေါင့်ရသည်ထက်ရအောင်ကပ်ကာ ကြည့်ပြန်တာပေါ့၊ ဒါနဲ့ ဓာတ်ပုံရိုက်မယ့်သူကြီးက

” ဟဲ့ ကလေး ဘာဖြစ်နေတာလဲ ဒီကင်မရာကို ခေါင်းတည့်တည့်မတ်မတ်ထားပြီး ကြာ ကြည့်ပေး” လို့ ခပ်ပြတ်ပြတ်လေသံနဲ့ပြောလာတော့ ခေါင်းကိုမတ်မတ်ထားပြီး ကင်မရာကို ကြာ ကြည့်ရမယ်ဆိ်ုတော့ ကျွန်တော်လည်း ဘာမှမလုပ်တတ်တော့ ကလေးသဘာဝ ငိုတော့တာပေါ့ဗျာ၊ အဲဒီတော့မှ ဓာတ်ပုံရိုက်မယ့် လူကြီးလည်း ရုတ်တရက်လန့်သွားပြီး

” အဲ ကလေးဘာလို့ ငိုတာလဲ ဓာတ်ပုံရိုက်မှာ မငိုရဘူးလေး အရုပ်ဆိုးမှာပေါ့” ပြောတော့မှ

” ဦးဦးဓာတ်ပုံဆရာကြီးက ခေါင်းကိုလည်းမတ်မတ်ထားခိုင်းသေးတယ် ပြီးတော့ ကင်မရာကိုလည်း ကြာ ကြည့် နေပေးဆိုတော့ သား မှမလုပ်တတ်တာ ငိုမှာပေါ့” လို့ပြောတော့မှ ဓာတ်ပုံရိုက်မယ်လူကြီးက

“ဪ ဒါလား ဦးဦးပြောတဲ့ ကြာ ကြည့် ကြည့်နေဆိုတာ ကြာကြာမလှုပ်ဘဲကြည့်ခိုင်းတာကို အတို အလွယ် ပြောတာလေ” လို့ရှင်းပြမှ အဆင်ပြေသွားတော့တယ်။ နောင်များ လမ်းတွေ့လို့ ဦးဦးဓာတ်ပုံဆရာကြီး လို့ ကျွန်တော်တို့နုတ်ဆက်ရင် သူက ကျွန်တော့ကိုဆိုင်လာခဲ့အုံးလေ ကြာ ကြည့်လေးတစ်ပုဒ်လောက် ရိုက်ပေး မယ်လို့ စနောက်တတ်လေရဲ့ဗျာ။

 

ကျွန်တော်တို့ တက္ကသိုလ်တက်တဲ့ အချိန်ကာလလောက်မှာတော့ ကာလာဖလင် ကာလာဓာတ်ပုံပေါ်လာ ပေ မယ့် အခုခေတ်လို ကင်မရာပါတဲ့ ဖုန်းတွေ ဒီဂျစ်တယ်ကင်မရာတွေ မပေါလေတော့ ဓာတ်ပုံရိုက်မယ်ဆို ကျောင်းထဲမှာရှိတဲ့ ဓာတ်ပုံဆရာတွေခေါ်ပြီး တစ်ပုံဘယ်လောင်နှုန်းဆိုပြီး ရိုက်ခဲ့ရတာလေ၊ နောက်နေ့ ဓာတ်ပုံ ကို သူဆီမှာရွေးယူရတာပေါ့။

ကျွန်တော်ဘွဲ့ယူတော့ ဘွဲ့နှင်းသဘင်အခန်းအနားလုပ်တာ ပြည်လမ်းက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် မှာပေါ့။ ကျွန်တော်တို့က ညနေပိုင်းဘွဲ့ဝင်ယူရမှာဆိုတော့ နေ့ခင်းပိုင်းဘွဲ့ဝတ်ရုံကြီးတွေနဲ့ တကားကား ဘွဲ့နှင်း သဘင် ခန်းမရှေ့မှာ သူငယ်ချင်းတွေနဲ့ အမှတ်တရ ဟိုလူ ဒီလူနဲ့ တွဲတွဲပြီး ဓာတ်ပုံရိုက်ကြတယ်လေ။ အဲဒီမှာ ကျောင်း တုန်းကအတူတူ ကျောင်းတက်လာတဲ့ သူငယ်ချင်းတွေ စုပြီးဓာတ်ပုံရိုက်ကြမယ်ဆိုပြီး ရန်ကုန် တက္ကသိုလ်ဘွဲ့ နှင်းသဘင်ခန်းမရှေ့ ဓာတ်ပုံအရိုက်ခံမလို့ လူစုကာရပ်နေကြပြီး ဓာတ်ပုံဆရာက ရိုက်မယ်လို့ ချိန်လိုက် ဓာတ်ပုံဆရာနဲ့ ကျွန်တော်တို့ရပ်နေတဲ့အုပ်စုကြား တစ်ယောက်ယောက် ဖြတ်လျှောက်လိုက် တစ်ခါ ချိန်လိုက် အဲလိုဖြတ်မယ်လုပ်တော့ လှမ်းတားကြလို့ မရိုက်လိုက်နဲ့ မရိုက်လောက်သေးဘူးလို့ ယူဆမိတော့ နေ့လည် နေပူထဲ ဘွဲ့ဝတ်စုံကြီးတွေနဲ့ အိုက်လိုက် ပူလိုက်တာနဲ့ ဦးထုပ်ဘေးက ကျလာတဲ့ ချွေးသီးကို ဦးထုပ် လေးခဏ မပြီး လက်နဲ့သတ်မယ်လို့ ရည်ရွယ်ပြီး ကျွန်တော်ညာလက်ကို ဦးထုပ်နားအရောက် ဓာတ်ပုံဆရာ ကလည်း ဖြတ်သွားဖြတ်လာ ကင်းတာမို့ အမြန်အရိုက်မှာ အဲဒီဓာတ်ပုံလည်း ထွက်လာရော ဘွဲ့ဝတ်စုံနဲ့ ကျွန်တော် အလေးပြုနေသလိုမျိုး ဖြစ်နေပြီး အဲဒီဓာတ်ပုံကိုဘဲ ဓာတ်ပုံဆရာကလည်း ပုံတိုင်းကို လူစေ့ကူးပေး ဖို့ မှာ ထားတော့ သူငယ်ချင်း ဆယ့်ကိုးရောက် စာ(၁၉)ပုံလုံး ကူးချလိုက်တာလေ။ အဲဒီတုန်းက ကျွန်တော်တို့ တိုင်းပြည်ကို စစ်အစိုးရ နဝတ အုပ်ချုပ်တဲ့ခေတ်ဆိုတော့ ဘွဲ့ရတာကို ကျွန်တော်က ဘွဲ့ဝတ်စုံနဲ့တောင် သူ့ ပထွေးကို အလေးပြုတဲ့ပုံနဲ့ဓာတ်ပုံအရိုက်ခံတယ် စစ်အစိုးရအလိုတော်ရိဆိုပြီး သူငယ်ချင်းများ ဝိုင်းဆဲကြတာ ခံခဲ့ရပြီး အဲဒီဓာတ်ပုံ(၁၉)ပုံလုံးရဲ့ ဓာတ်ပုံခကို ကျွန်တော်ကဘဲ ဒဏ်ကြေးအဖြစ်ဆောင်ခဲ့ရတာပေါ့။ အဲဒီ တုန်း က ဖလင်ခေတ်ဆိုတော့ စီးပွားလုပ်ငန်းဓာတ်ပုံဆရာတွေက ဖလင်တစ်ကွက်ကို အလကားမသုံးဖူးလေ၊ အခု ခေတ် ဒီဂျစ်တယ်ကင်မရာတွေကတော့ တစ်မျိုးထဲကို ပုံမျိုးစုံ အကွက်မျိုးစုံ ရိုက်ပြီး အကြိုက်ဆုံးပုံကို ရွေးယူလို့ ရတဲ့ စတဲ့အားသာချက်တွေတော့ရှိလာတာပေါ့ဗျာ။

 

ရန်ကုန်တက္ကသိုလ်၏ အဓိပတိလမ်းအလယ်မှာ တက္ကသိုလ်များစာကြည့်တိုက်အဆောက်အဦးရှိတယ် အဲဒီတုန်း က ထိုစာကြည့်တိုက်အဆောက်အဦးက ဓာတ်ပုံရိုက်စရာနေရာတစ်ခုပေါ့ အဲဒီနဲ့အနီးမှာ သစ်ပုတ်ပင်ဆိုတာ ရှိတယ် အဲဒီသစ်ပုတ်ပင်နဲ့အဓိပတိလမ်းကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ပြယုဒ်လို့တောင်ပြောလို့ရသလို သစ်ပုတ်ပင်နဲ့တွဲပြီး ကျောင်းသူကျောင်းသားတွေဓာတ်ပုံရိုက်လေ့ရှိကြတယ်လေ။ တစ်ခါက ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ထဲက ကျောင်းသူတွေစုပြီး သစ်ပုတ်ပင်ကိုနောက်ခံပြုပြီး ဓာတ်ပုံရိုက်မလို့ ဓာတ်ပုံဆရာ ကိုပြောဆိုပြီးခေါ်သွားကြတယ်လေ။ ဓာတ်ပုံရိုက်ပြီးရင် အင်ယားသွားအကြော်စားကြမယ်ဆိုတော့ ကျွန်တော် တို့လည်းဓာတ်ပုံရိုက်တဲ့စီတစ်ခါထဲလိုက်သွားကြတယ်။ သူတို့တွေ သစ်ပုတ်ပင်နား ဓာတ်ပုံစုရပ်ကာရိုက်တော့ ပထမတစ်ပုံက အားလုံးမတ်မတ်အနေအထားရိုက်တယ် ပြီးတော့ ဓာတ်ပုံရိုက်တဲ့သူက ဘယ်လက်ကိုထောင်ပြီး ဘယ်ဘက်ကို လက်ယိမ်းလိုက်တော့ သူတို့အားလုံး ဘယ်ဘက်ကိုတစ်ပြိုင်တည်း ကိုယ်အပေါ်ပိုင်းလေးတွေ တစ်ယောက်ပခုံးတစ်ယောက်လက်တင်ပြီးယိမ်းနေလိုက်တယ် အဲဒီမှာ ကင်မရာကိုင်ရိုက်တဲ့ဓာတ်ပုံဆရာက ဟိုသူငယ်ကပြုံးနေ ဒီသူငယ်မကခေါင်းလေးငုံစသည်ဖြင့်ပြောလိုက် ကင်မရာကြည့်ချိန်လိုက်လုပ်နေရာကနေ ဓာတ်ပုံဆရာက သူဘယ်လက်ကိုလက်ထောင်ပြီး ဘယ်ဘက်ညာဘက်ဝှေ့ရမ်းလေတော့ ကောင်မလေး တစ်သိုက်လည်း ဘယ်ယိမ်းလိုက် ညာယိမ်းလိုက် လုပ်နေကြလေရဲ့လေ ဒါနဲ့ဘဲ ကျွန်တော်ဝင်ပြီး

” ဟဲ့ နင်တို့က ဘယ်ယိမ်းလိုက် ညာယိမ်းလိုက် နဲ့ဟာ မပြီးနိုင်ဘူး ” ဆိုတော့မှ ကောင်မလေးတွေက

” ဟာ ဓာတ်ပုံဆရာလက်က ဘယ်ဘက် ညာဘက် ယိမ်းလို့ သူယိမ်းတဲ့အတိုင်း လုပ်နေတာလို့” အားလုံး ဝိုင်းအော်ရန်တွေ့တော့မှ ဓာတ်ပုံဆရာက သူ့မိတ်ဆွေက လှမ်းပြီးလက်ပြနုတ်ဆက်လို့ သူကပြန်ပြီး လက်ဝှေ့ရမ်းမိတာတဲ့လေ။ အမှန်က ကောင်မလေးတွေက ဓာတ်ပုံရိုက်ရင် အားလုံးစုပြီး ဘယ်ဘက်ယိမ်း လျှက်တစ်ပုံ ညာဘက်ယိမ်းလျှက်တစ်ပုံရိုက်ပေးပါဆိုတော့ ဓာတ်ပုံဆရာက တစ်ပုံရိုက်ပြီး ဘယ်ညာယိမ်းဖို့ သူလက်မြောက်ပြီး ဘယ်ကိုယိမ်းရမယ်ဆိုတာပြမယ်လို့ မရိုက်ခင်သဘောတူညှိထားတာနဲ့ ဓာတ်ပုံဆရာ သူ့မိတ်ဆွေလက်ပြတာနဲ့ ရောသွားတာကိုး။

ကျွန်တော် မန်း စရောက်စ ရုံးပိတ်ရက်တစ်ခု သူငယ်ချင်းတစ်စုနဲ့ အမရပူရ ဦးပိန်တံတားကို တစ်ညနေ သူငယ် ချင်းတစ်ယောက်ကားနဲ့ စုပြီးသွားကြတယ် ညနေစောင်းလေးမို့ နေအပူကလည်းလျော့လေပြီး လေကလည်း ဆောင်မကုန်ခင်လေရူးလေးက တိုက်နေတော့ ဦးပိန်တံတားပေါ်လည်း လမ်းလျှောက်သူတွေနဲ့ စည်းကားနေ တာပေါ့၊ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် လည်း တံတားအလည်နားထိ လမ်းလျှောက်ပြီး အဲဒီကနေမှ အောက်ဆင်းပြီးအကြော်လေးဘာလေး စားကြမယ်လို့ဆိုကာ လမ်းလျှောက်ကြ တာပေါ့၊ အဲဒီ အချိန်က ဆောင်းအကုန်နွေအကူးကာလဆိုတော့ တံတားအောက်ရေလည်း နည်းနေပြီလေ အတော်လေး လမ်းလျှောက် ပြီးတော့မှ သူငယ်ချင်းတစ်ယောက်က ငါတို့ဒီနားမှာခဏရပ် တံတားအောက်ကနေ ကျန်နေ ရစ်တဲ့ သူငယ်ချင်း ရဲ့မော်တော်ယာဉ်မောင်းသူက ကင်မရာနဲ့လှမ်းရိုက်တာ သူလည်းအရိုက် လေကလည်း အတိုက် ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းတစ်ယောက်က မြန်မာဆန်ဆန်ပုဆိုးဝတ်လာကြလေတော့ ကားဆီကို ပြန်ရောက်ပြီ ထိုပုံကိုကြည့်လေသော်အခါ ???????????????????????? ……… ……………… ပုဆိုးတွေလေမှ လွင့်နေချိန်နဲ့ ကြုံလေတော့ တံတားအောက်ကပင့်ရိုက်တာမို့ …………… မျက်နှာတွေကွယ်နေတယ်လို့။

 

အဲဒီလို ကျွန်တော်တို့က ဓာတ်ပုံဆိုရင် ပုံပါရင်ပြီးရော ထင်ခဲ့ ရိုက်ခဲ့ အရိုက်ခံခဲ့တာ ရွာထဲမှာ ဓာတ်သေ ဓာတ်ရှင် ဆြာတွေ လက်စွမ်းပြပုံတွေ တင်လာတိုင်း အံဩချီးကျုးမိလျှက် အတွေးရေယာဉ်ဝဲ ထဲမျောကာ တောင်တွေးမြောက်တွေး ဒီပိုစ့်ရေးမိလေတော့သတည်း။

 

ခင်ခ။

5 comments

  • Mr. MarGa (12512)

    August 25, 2014 at 11:25 am

    အောက်ဆုံးက ပြောတဲ့ပုံလေး တင်ပေးပါလား လေးခရေ :mrgreenn:

    • ခင် ခ

      August 25, 2014 at 11:57 am

      ရွာထဲ အုံအော်သောင်းနင်းဖြစ်ပါ့မယ် ဖိုးသကြားရယ်။

  • ကို ခ ပုံ ကို ကျနော် ကောင်းကောင်းလေး ရိုက်ပေး အုံးမယ် တစ် ရက်

    ကျ နော် ကို ခ ဘဲ ဥ ငုံး ဥ နဲ့ မနို ဗွီ ပုံ တော့ ကျနော်ဆီ မှာ ရှိတယ်

    • ခင် ခ

      August 25, 2014 at 12:28 pm

      ဒါဆို အိုက်တင်ထုတ်ရ ချီသေးရဲ့ဗျာ။ ရိုက်မယ့်နေ့ ကြိုပြောအုံးနော် လှလှပပ ဝတ်လာရအောင်လေ။

  • alinsett

    August 25, 2014 at 1:09 pm

    ဓါတ်ပုံလား…
    ပုံရိပ်တွေက ပြောတဲ့ အသံကို..နားထောင်ကြည့်ချင်ရုံသာ…. စိတ်ရှိသူ…မို ့…
    နည်းနည်း..ဝေးတယ်

Leave a Reply