အချစ် ဆိုတာ…

ရသ ကိုးပါးစလုံး ရောယှက်နေတဲ့ အရာ….

:boss:

 

မနေ့ကပေါ့ဗျာ…..

ဟိုတွေး ဒီတွေး ပတ် တွေးရင်းနဲ့ အပေါ်က စာသားလေး ထွက်လာလေရဲ့… (စိတ်ပါတုန်း တစ်ရက် ခေါင်းစဉ်တစ်မျိုးနဲ့ ဒီလိုလေးတွေ အဓိပ္ပာယ်ဖွင့်မယ်လို့တောင် တွေးထားမိသေး)

အရင်နေ့ကတော့ အလွမ်းနဲ့ ပတ်သက်ပြီး ပြောဖူးတာလေး တင်မိတယ်။

အဲ့လို အဲ့လို.. တစ်ကိုယ်တည်း ထိုင် တွေးပြီး သကာလ တွေးမိတာလေးကို ဖဘမှာ တင်လိုက်သပေါ့။

တင်ပြီး သိပ်မကြာပါဘူး…. ရသ ကိုးပါးနဲ့ အချစ်နဲ့ ဘယ်လိုဆက်စပ်နေလဲ ဆိုတာ ရှင်းပြပါ လို့ ဦးပီချိုက လာမေးလေတော့ ကျနော်လဲ ကိုယ့်စကား ကိုယ် တတ်သလောက် မှတ်သလောက် နဲ့ ပြန်ရှင်းရလေသပေါ့….  :a:

အဲ့လို ရှင်းရင်းနဲ့ ဒီစာ ထွက်လာပါတယ်။

ကျနော့် အတွေး ဖြစ်တာမို့ မှန်ချင်လည်း မှန်ပါမယ် လွဲချင်လည်း လွဲပါမယ်။ ဒါ ကျနော်မြင်မိတဲ့အမြင်ပါ။

 

ရွာထဲက အမြင်လေးတွေကိုလည်း ကြားချင်မိသား……….

 

အချစ်ဟာ ရသ ကိုးပါးကို ဒီလို ဒီလို ပေးစွမ်းနိုင်တယ်လို့ ကျနော်တွေးမိပါတယ်ဗျာ……

 

သိင်္ဂါရ ရသ

ချစ်သူနှင့် အတူရှိနေချိန်တွင် ကြည်နူး နှစ်သက်ခြင်းကို ခံစားရသောကြောင့် အချစ်သည် သိင်္ဂါရ ရသ မြောက်၏။

 

အဗ္ဘုတ ရသ

ချစ်သူ ပျော်ရွှင်စေရန်အတွက်… ထင်မှတ်မထားသည့် အံ့အားသင့်ဖွယ် အပြုအမူများကို တွေးဆကြံစည် လုပ်ကိုင်စေတတ်သောကြောင့် အချစ်သည် အဗ္ဘုတ ရသ မြောက်၏

 

ဝီရ ရသ

ချစ်ခြင်းသည်… ဘဝကိုရင်ဆိုင်ရန် စိတ်ဓာတ်တက်ကြွဖွယ် ခွန်အားများကိုလည်း ပေးစွမ်းနိုင်သဖြင့် ဝီရ ရသ မြောက်၏

 

သန္တ ရသ

အချစ်သည် မုန်တိုင်းထန်နေသော စိတ်ကိုပင် ငြိမ်သက်သောကန်ရေပြင်အဖြစ် ပြောင်းလဲပေးနိုင်သောကြောင့် စိတ်တည်ငြိမ်မှုကို ဖြစ်ပေါ်စေသည့် သန္တရသ မြောက်၏

 

ကရုဏာ ရသ

အချစ်စိတ် ယိုဖိတ်လာလျှင် အပြစ်ဟူ၍ မြူမျှမထင် ကရုဏာသာလျှင် အားရပါးရ ဝင်တတ်သဖြင့် အချစ်သည် ကရုဏာရသ မြောက်၏

 

ဝိဘစ္ဆ ရသ

(တစ်နည်းနည်းဖြင့်) ကံမကောင်း အကြောင်းမလှစွာ အချစ်၏ ဓားချက်အောက်တွင် ကျဆုံး၍သော်လည်းကောင်း၊ တရားဓမ္မတွင် ထဲထဲဝင်ဝင် သက်ဝင်လာသဖြင့် အချစ်ကို တဏှာစစ်စစ်ဟု သိမြင်လာ၍သော်လည်းကောင်း အချစ်သည် စက်ဆုပ်ဖွယ်ဟု ခံစားလာရတတ်သဖြင့် ဝိဘစ္ဆ ရသ မြောက်၏

 

ဘယာနက ရသ

အချစ်တွင် သက်ဝင်ရင်း ချစ်ခြင်း၏ ကျောခိုင်းနှုတ်ဆက်ခြင်းကိုလည်း ကြောက်ရွံ့စိုးထိတ်ရပြန်သဖြင့် အချစ်သည် ဘယာနက ရသ မြောက်၏

 

ရုဒ္ဒ ရသ

အချစ်သည်…..လူတစ်ယောက်၏ စိတ်ထားကို နူးညံ့သိမ်မွေ့ရာမှ တစ်မုဟုတ်ချင်း ကြမ်းကြုတ်ရက်စက်အောင်လည်း တတ်နိုင်သဖြင့် ရုဒ္ဒ ရသ မြောက်၏

 

ဟာသ ရသ

အချစ်သည် တစ်သက်မမေ့နိုင်လောက်သည့် ရယ်မောပျော်ရွှင်ဖွယ်ရာ အမှတ်တရများကိုလည်း ချန်ရစ်ထားခဲ့တတ်ပြန်သဖြင့် ဟာသ ရသ မြောက်၏

(ငါတွေ့ မဟုတ် စာတွေ့ သာ ဖြစ်ပါကြောင်း :-DD  )

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010