နှင်းတွေ ကျလာပြီ။ နှုတ်ဖျားက ‘ဒီဇင်ဘာ’ လို့ တိုးတိုးလေး ရေရွတ်မိနေတယ်။ တကယ်တော့ နှင်းလို့ပြောလို့ မရတဲ့ မြူတွေပေါ့။ ဒီဇင်ဘာရောက်ပြီ ရန်ကုန်ဆောင်းကတော့ ခြောက်ကပ်ကပ်ပါပဲ။ နံနက်မိုးလင်းရင် အပြင်ဘက်မှာ အနည်းငယ် မြူတွေစိုစွတ်နေတာက လွဲလို့ပေါ့။ မအေးဘူး မချမ်းဘူး ငွေ့ငွေ့လေးတော့ အေးနေတယ်။ ဝရန်တာမှာတော့ ကျွန်မချစ်တဲ့ လိပ်ပြာသစ်ခွတွေ ပွင့်နေတယ်။ Expresso ကော်ဖီ နှစ်ခွက်ဖျော်ထားတယ်။ အအေးဓာတ်နဲ့လိုက်ဖက်တယ်လေ။ ဝရန်တာ လက်တန်းပေါ်က မြူငွေ့ရည်ဖွဲ့နေတဲ့ စိုစွတ်မှုကို လက်နဲ့ပွတ်သပ်ကြည့်မိတယ်။ ကွက်လပ်ဆိုတဲ့ ခံစားချက်တစ်ခု လိပ်ခဲတည်းလည်းနဲ့ ကော်ဖီပူပူ တစ်ငုံလောက် ကိုယ်ထဲစီးဆင်းသွားတယ်။ လစ်ဟာနေတဲ့ ခံစားချက်ဟာ မျှော်လင့်ချက်တွေပါ ရိုက်ချိုးပစ်သလို ပါပဲ။ ပန်းအိုးထဲက လိပ်ပြာသစ်ခွကို ကတ်ကြေးနဲ့ တစ်ချက်ဖြတ်လို့ စားပွဲပေါ်က ပန်းအိုးလေးထဲ ထိုးလိုက်တယ်။ ဟုတ်တယ်လေ အလှပန်းအိုးဆိုတာ သူ့ထဲက ပန်းမရှိဘဲ ဘယ်လိုတင့်တယ်မလဲ။

 

မြောက်ပြန်လေအေးတစ်ချက်က ခန်းစီးစကို ပုခုံးတိုက်လို့ တစ်ချက်လှည့်အကြည့်။ ကျွန်မနှုတ်ဖျားက လွှတ်ခနဲတစ်ချက် ရေရွတ်မိလိုက်တယ်။ ‘မောင်’ မရေရွတ်မိတာ ကြာခဲ့တဲ့ နာမ်းစားတစ်ခု ဘာကြောင့်ရေရွတ် မိသလဲဆိုတာကို ပြန်တွေးမိလိုက်တယ်။ တွေးရင်တစ်ချက်ပြုံးလိုက်မိတယ် အတိတ်တွေက ပြန်အသစ်ဖြစ်ခဲ့ပြီ မောင်….။ မောင်မရှိတော့တဲ့ သည်အိမ်ထဲမှာ မဟုတ်ဘူး မောင်မရှိခဲ့တဲ့ သည်အိမ်ထဲမှာ ကျွန်မနေတတ်နေခဲ့ပြီ။ တစ်ခါတစ်ရံ တိုက်ဆိုင်မှုရှိရင် သတိရတာကလွဲလို့ပေါ့။ ကျွန်မကိုယ်တိုင် ဖြတ်ခဲ့တဲ့ကြိုးတစ်ခုအတွက် ကျွန်မ နောင်တမရဘူးမောင်။ အဲသည်ဖြတ်မယ့်ကြိုးကို မောင်ကိုယ်တိုင် ကမ်းပေးခဲ့တာက လွဲရင်ပေါ့။ မိန်းမ တစ်ယောက်ရဲ့ စိတ်အလှုပ်ရှားဆုံးအချိန်ဟာ သူ့ရဲ့မင်္ဂလာပွဲဆိုရင် အဲသည်မိန်းမတစ်ယောက်ရဲ့ အကြေကွဲဆုံး အချိန်က အဲသည်မင်္ဂလာပွဲ ပျက်စီးသွားခြင်းမျိုးဆိုတာ အားလုံးနားလည်ပြီးသားပဲ…မောင်။ မိန်းမ တစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးလူတစ်ယောက်ကို ချစ်သူအဆင့်ထက် နောက်ထပ်တစ်ဆင့်တက်ဖို့ ဘယ်လောက်ထိစဉ်းစားကြမလဲဆိုတာ မိန်းမသားတိုင်းသိကြတယ်လေ။

 

…………………………………………………………………………………….

 

“နောက်မကျချင် နောက်ဆုတ်လိုက်တာဟာ အကောင်းဆုံးသော လုပ်ရပ်တစ်ခုပဲ”

………….လဝန်းချို………..

 

မောင်ဟာ ကျွန်မရဲ့ချစ်သူကနေ ဘဝလက်တွဲဖော်အဖြစ် လက်တွဲမယ့် ပထမဆုံးသူပါ။ လက်တွဲဖော် ဆိုတဲ့ အနေထားရောက်မှဖြင့် ကျွန်မအကြောင်း မောင်လည်းအသိ၊ မောင့်အကြောင်း ကျွန်မလည်း နှစ်ယောက်သားဘဝဆိုတာ မှန်တစ်ချပ်တောင်မဆိုတာ နူးညံ့အလွှာပါးတစ်ခုသာသာပဲ ခြားနားတော့တာ.. မောင်။ အေးမြတဲ့ ဆောင်းနံနက်ခင်းမှာ လက်ထပ်ပွဲလုပ်ဖို့အတွက် နှစ်ယောက်သားတိုင်ပင်ခဲ့ကြတယ်။ နှစ်ယောက်တစ်ဘဝတဲ့ မောင်..အပြောလွယ်ခဲ့သလား။ ကျွန်မပဲ အတွေးလွယ်ခဲ့သလား။ စီစဉ်ထားတာ တွေဟာ စီစဉ်တကျကိုဖြစ်ခဲ့တာပါပဲ။ လက်ထပ်ပွဲအတွက် ကမ်းတဲ့ဖိတ်စာဟာ ဘယ်လိုပုံစံကအစ၊ လက်ထပ်ပွဲ မှာ ကမ်းမယ့်အရာတောင် ဘယ်အရာအဆုံး။ အစီအစဉ်တကျဖြစ်လာတယ်။ အစီအစဉ်မကျတာတွေဟာ အစီအစဉ်မကျသလို ဝင်ရောက်လာပြန်သေးတယ်။ အချို့စကားတွေဟာ ပြောဖို့လိုအပ်သလို အချို့စကားတွေ ဟာ မပြောအပ်တဲ့နေရာမှာ ထားရတယ်မောင်။ အဲသည်နေ့ပေါ့ မေ့သင့်တဲ့နေ့တွေကို ကျွန်မ မှတ်မိနေသေးတယ်။ ဖိတ်စာလေးတွေကို ဖိတ်ဖို့နာမည်ရေးနေတဲ့နေ့။ ကျွန်မတို့ရဲ့ လက်ထပ်ပွဲမတိုင်ခင် (၁၀)ရက်အလို။ မျက်နှာအနည်းငယ် တင်းမာစွာနဲ့ ကျွန်မဆီ မောင်ရောက်လာတယ်။

 

‘ဟယ်….မောင် အလုပ်မသွားဘူးလား’

‘ချို့ကို ပြောစရာရှိလို့’

‘ဘာကိစ္စလဲ…မောင်’

‘မောင့်ဘက်က လူကြီးတွေကပြောတယ် အခုမင်္ဂလာဆောင်ပေးတဲ့ စားရိတ်တွေကို မင်္ဂလာပွဲပြီးရင် အကုန်ပြန်ယူမယ်တဲ့။’

‘မောင်………… ချိုတို့ မင်္ဂလာဆောင်ပြီး ရှေ့ဆက်ရမှာ ဒါလေးပဲရှိတာလေ။ မောင်တို့ဘက်က အခက်အခဲရှိလို့လား’

 

ဝေခွဲမရတဲ့ မောင့်မျက်နှာဟာ ကျွန်မကိုသေချာကြည့်တယ်။ ခဏတာ တိတ်ဆိတ်ပြီး ကျွန်မကို စကားတစ်ခွန်းပြောတယ်။

 

‘ဒါဆို…………မင်္ဂလာဆောင်ပြီ မောင်အလုပ်မလုပ်တော့ဘူး ချို့ဆိုင်မှာပဲ တူတူထိုင်တော့မယ်…။’

 

အို…………။ မောင်ဘယ်လိုမျိုးနဲ့ ဒီစကားမျိုးပြောထွက်ခဲ့ပါလိမ့်။ ကျွန်မဆိုင်ဆိုတာ ဈေးတစ်ခုရဲ့ အထဲမှာ အိကျီ င်္ဆိုင်အသေးလေးဆိုတာ မောင်လည်းသိသားနဲ့။ လက်ထပ်ပြီး ပိုကြိုးစားရမယ့်မောင်ဟာ ဒီလိုစကားမျိုးပြောထွက်တယ်ဆိုတာ ကျွန်မ မယုံနိုင်အောင်ပါပဲ။

 

‘မောင်……ဘယ်လိုပြောလိုက်တာလဲ မောင်ရယ်’

 

ကျွန်မစကားမဆုံးသေး မောင့်ဆီက ထွက်ကျလာတဲ့ စကားတစ်ခွန်းဟာ ပိုမယုံနိုင်ဖြစ်သွားလေရဲ့။

 

‘လက်ထပ်ပြီးသွားရင်လည်း မောင့်ကိုမချုပ်ချယ်နဲ့ မောင်နေချင်သလိုနေမယ်’

‘ဘယ်လို…မောင်။ အိမ်ထောင်ကျပြီးသား လူတစ်ယောက်ဟာ နေချင်သလို နေလို့ရသတဲ့လား’

 

ကျွန်မစကားအဆုံးမှာ မောင်ဟာစူးစိုက်ပြီးတစ်ချက်ကြည့်တယ်။ မျက်လုံးထဲ မကျေနပ်ချက်တွေနဲ့ ပြည့်နေတာ ကျွန်မမြင်လိုက်ရတယ်။ နောက်ထပ် စကားတွေက မောင့်နှုတ်က ထပ်ပြီးအန်ကျလာတယ်။

 

‘ချို….တောင် ရည်းစားတွေထားခဲ့သေးတာပဲ။ မောင်က ချို့လို့ရည်းစားမများဖူးဘူး။ ချို့…ရည်းစားတွေနဲ့ ဘာတွေဖြစ်ခဲ့လဲ မောင်မှမသိတာ။’

‘ရှင်…….မောင် ဘယ်လိုပြောလိုက်တာလဲ။ ချို့မှာရည်းစားတွေရှိခဲ့ဖူးပေမယ့် မောင်….ချို့အတွက် တစ်ယောက်တည်းရှိခဲ့တာပါ။ ဒီစကားကို မောင်မို့ပြောထွက်ခဲ့တယ်။’

 

ကျွန်မပြောအပြီးမှာ မောင့်မျက်နှာဟာ အခြားဆီဘက်ကို ဦးလှည့်နေတယ်။ ဘဝကို မောင်လွယ်လွယ် ထင်ခဲ့တာပဲ။ ရည်းစား၊ ချစ်သူ နဲ့ လက်တွဲဖော်ဆိုတာ မောင်ကောင်းကောင်း မခွဲခြားတတ်ခဲ့ဘူး။ အကြောင်းပြချက်တစ်ခုအတွက်နဲ့ မောင့်ဘက်ကလူတွေရဲ့ ငွေဆိုတဲ့ပြောစကားနဲ့ ကျွန်မကို မောင်ခြိမ်းခြောက်ခဲ့တာပဲ။ ကျွန်မထက် အသက်ငယ်တဲ့မောင့်ကို ကျွန်မထက် တွေးခေါ်နိုင်စွမ်းမြင့်မားမယ် ထင်ခဲ့တာ ကျွန်မှားသွားခဲ့တယ်။

 

‘မောင်………. အခုကိစ္စမှာ မောင်စိတ်မပါဘူးဆို စိတ်မပါတော့ဘူးဆို နောက်မကျသေးပါဘူး။ မောင်မကျေနပ်ဘူးဆို မောင်စိတ်ထဲထင့်နေခဲ့တယ်ဆို။ လက်ထပ်ပွဲကို ဒီနေရာမှာတင် ဖျက်လိုက်တော့မယ် မောင်……….’

ကျွန်မကို တစ်ချက်လှည့်ကြည့်တဲ့ မောင့်မျက်နှာက ပုံရိပ်ဟာ ခပ်ထေ့ထေ့နဲ့။ ကျွန်မနားလည်လိုက်တယ်။ နောက်လှည့်ကာ မျက်ရည်ကျနေတဲ့ကျွန်မ ဘယ်အချိန် မောင် ကျွန်မနားက ထွက်သွားမှန်း ကျွန်မသိလိုက်ဘူး။

 

မနက်ဖြန်ဟာ မသာယာပါဘူး။ ကျွန်မဆီ လူကြီးစုံရာနဲ့ရောက်လာခဲ့တယ်။ မောင့်ကိုကြည့်တော့ မထုံတတ်သေးပါပဲ။ နောက်မကျခင်နောက်ဆုတ်လိုက်တာ အကောင်းဆုံးမို့ ဆို့နင့်နင့်နဲ့ပဲ ခေါင်းခါယမ်း လိုက်ပါတယ်။ လွယ်သလားလို့မေးရင်။ မလွယ်ဘူးဆိုတာ ပြောဖို့မလိုဘူးလို့ သိပြီးသားပဲလေ။ လူဆိုတာ တစ်ခါတစ်ရံတော့ မာကျောပြရမယ်မဟုတ်လား။ ကျွန်မရှေ့က အားလုံးမထွက်ခွာခင် မောင့်လက်ဆွဲကာ တစ်ခုထည့်ပေးချင်ပါတယ်။ အံ့ဩသလိုမျက်နှာနဲ့ ကျွန်မကိုတစ်ချက်ကြည့်တယ်။ ကျွန်မ တစ်ချက်ပြုံးပြ လိုက်တယ်။ ကျွန်မရှေ့မှာ အဲသည်အရာကို တစ်ချက်ကြည့်တယ်။ စာရွက်တစ်ရွက်ပါ။ စာရွက်တစ်ရက် ထဲမှာမောင့်အတွက် နောက်ဆုံးအရာတွေထည့်ပေးလိုက်တဲ့အရာတွေပါ။

 

…………………………………………………………………………………………..

 

“မောင်…………

လူတစ်ယောက်ကို ရူးသွပ်စွာစွဲလန်းဖူးပါသလား…မောင်။

အချစ်ဟာဓားသွားပေါ်က ပျားရည်စက်ဆိုရင်တောင် တစ်ရှိုက်မက်မက်နဲ့ လိုချင်ခဲ့ကြတာပဲမဟုတ်လား။

ရူးသွပ်ခြင်းဆိုတာ ဒီဇင်ဘာနှင်းစက်လို နေရောင်လာတာနဲ့ ပျောက်ကွယ်သွားတတ်ကြတာ မဟုတ်ဘူးဆိုတာ။

မောင်……..သိရဲ့လား။

အဲသည် ရူးသွပ်ခြင်းရဲ့ တစ်ဖက်ကမ်းမှာ ဘာတွေရှိလဲဆိုတာကောမောင်သိသလား…။

မောင်သိအောင်…ကျွန်မပြောပြချင်ပါတယ်။

နားထောင်ပေးပါ…………မောင်။

ဘဝတစ်ခုကို ဖျက်ဖို့ အကြောင်းပြချက်တစ်ခုတည်းနဲ့ မလုံလောက်ဘူးမောင်။

မိန်းမတစ်ယောက်ဟာ လက်ထောက်ဗေဒင်တစ်ခုမဟုတ်ဘူး။

ကိုယ်မေးချင်တဲ့ မေးခွန်းမေးပြီး ကိုယ်ကျချင်တဲ့ အကွက်ကိုထောက်ချင်နေတဲ့ လူတစ်ယောက်အတွက် ကျွန်မဟာ လက်ထောက်ဗေဒင်ထဲက မှန်းဆထောက်ပြီး ကံကြမ္မာအမေးခံရတဲ့ လက်ထောက်ကွက် မဟုတ်ဘူး….မောင်။

နောက်ကျမှ သိခွင့်ရမယ့်အရာတွေကို နောက်မကျခင်သိလိုက်ရတယ်လို့ ကျွန်မဖြေသိမ့်လိုက်တယ်။ ကျွန်မချစ်ခဲ့တာ မမှားဘူး။ ချစ်မိတာ မှားသွားတာ။

နှုတ်ဆက်ပါတယ်…………မောင်။”

 

ခဏလေးပါဆိုတဲ့ အချိန်တွေဟာ ကျွန်မအတွက်တော့ တစ်ဘဝပေါ့။ ဒီဇင်ဘာရဲ့ ရူးသွပ်မှုတွေဟာ နောက် ဒီဇင်ဘာတွေတိုင်းမှာ အရိပ်အဖြစ်ထင်ကျန်နေဆဲပါပဲ။ ဆုံးဖြတ်ချက်တစ်ခုဟာ ရူးသွပ်တယ်ထားဦး အခုဆုံးဖြတ်ချက်မှာ ကျွန်မရူးသွပ်ခဲ့ပေမယ့် မမှားခဲ့ဘူးဆိုတာ ကျွန်မသိနေတယ်။

 

ကျွန်မဟာ မောင့်နောက်ကွယ်မှာ ပြတ်ကျကျန်ရစ်ခဲ့တဲ့ ဆံချည်တစ်မျှင်ပါ။ အဲသည်အတွေးဟာ ရူးသွပ်မှု တစ်ခုဆိုလည်း မှန်ကောင်းမှန်လိမ့်မယ်။ ဟုတ်တယ်………..မောင်။ နှင်းတွေဟာ ပျောက်ကွယ်လွယ်တယ်။ ဒါပေမယ့် သူ့အအေးဓာတ်ကတော့ ငွေ့ငွေ့လေးကျန်ခဲ့တယ်မဟုတ်လား။ ကျွန်မရဲ့ စိတ်အချို့အတစ်ဝက်ကိုလည်း မောင့်အနားမှာ ငွေ့ငွေ့လေးနေခွင့်ပြုပါမောင်။ အချိန်ကြာလာရင်တော့ အဲသည်ငွေ့ငွေ့လေးတွေဟာ ပျောက်ကွယ်သွားမှာပါ။ အချစ်နဲ့လဲတဲ့ အရာတစ်ခုအတွက် ကျွန်မပျော်ရွှင် နေဦးပါမှာပါ။    ရူးသွပ်မှုကို ထပ်မစမ်းချင်နဲ့မောင်။ အချိန်တန်ရင် အဲသည်ရူးသွပ်မှုဟာ မောင့်ကို ဒဏ်ပြန်ခတ်လိမ့်မယ်။

 

…………………………………………………

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

၂၀၁၄ ဒီဇင်ဘာ ၉ရက်

 

 

 

broken-wedding-engagement

About အောင် မိုးသူ

ဘကြီး အောင် has written 222 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။