ကျမတို့ညီအမတွေရဲ့ ကလေးဘဝတလျှောက် ဆံပင် အလှဖန်တီးရှင်က အမေပါ။အမေ့လက်ရာကတော့ အားလုံးတပုံစံတည်းထွက်ပါတယ်။အဲဒီပုံကတော့ Bob Hair လို့ခေါ်တဲ့ ရှေ့ဆံမြိတ်က မျက်ခုံးပေါ်အတိ၊နောက်ဆံပင်က ဂုတ်ပေါ်တိတိ ၊အုန်းမှုတ်ခွက်မှောက်ထားသလိ ုနေလို့ အုန်းမှုတ်ခွက်ေကလို့လည်း ခေါ်ပါတယ်။ ကျမတို့ မောင်နှမတွေကတော့ ငယ်ငယ်က ဖတ်ဖူးတဲ့ကာတွန်း ဦးအောင်ရှိန်(ထင်တယ်)ရဲ့ Three Stooges လိုမျိုး ဇာတ်ကောင် ဘဲဂေါင်း၊ဆန်ပြုတ်နဲ့ အီကြာကွေး တို့ရဲ့ ဆံပင်ပုံနဲ့ တူတယ်ဆိုပြီး ဘဲဂေါင်းဆန်ပြုတ်အီကြာကွေးကေလို့ ခေါ်ပါတယ်။
အမေက ကိုယ့်ဆံပင်ကို ကပ်ကြေးနဲ့ ညှပ်ပြီဆိုရင် မတိုစေနဲ့နော်လို့ တဖွဖွ မှာရပါတယ်။ ညှပ်ပြီးရင် ဆောင့်ကြောင့်ထိုင်နေတဲ့ သူ့ပေါင်ပေါ် မျက်နှာမှောက်ခိုင်းပြီး လည်ဂုတ်ပေါ်က ဆံပင်ငုတ်တိုလေးတွေကို ဂျုုတ်နဲ့ ဆွဲပေးပါတယ်။အဲဒီ အချိန်ငြိမ်အောင် ထန်းလျက်ခဲတလုံးပေးပြီး ချော့ထားတတ်ပါသေးတယ်။ ပြီးရင်တော့ မှန်ကြည့်ခွင့်ရပါပြီ။မှန်ထဲ ဆံပင်ညှပ်ပြီးစ ကိုယ့်ပုံကြည့်တိုင်း အမေညှပ်တာ
တိုစွစွ ဖြစ်သွားတယ်ဆိုပြီး ငိုခဲ့ရပါတယ်။

အမေ့လက်ရာ အလွမ်းပြေ အုန်းမှုတ်ခွက်ကေနဲ့ ညီအမများပုံလေး ပြလိုက်ပါတယ်။

အမေ့လက်ရာ အလွမ်းပြေ အုန်းမှုတ်ခွက်ကေနဲ့ ညီအမများပုံလေး ပြလိုက်ပါတယ်။

´

ဆယ်တန်းအောင်ပြီးတဲ့ အထိ အမေ့လက်က မလွတ်ပါဘူး။အမေထားပေးတဲ့ အုန်းမှုတ်ခွက်ကေနဲ့ ပဲ ရန်ကုန်မှာ ဒေသကောလိပ်တက်တော့ အဲဒီအချိန် မြန်မာပြည်ကို လာလည်တဲ့ တရုတ်မကြီး တိန့်ရင်ချောင်းနဲ့ တူတယ်ဆိုပြီး သူငယ်ချင်းတွေက စကြပါတယ်။နည်းနည်းလှချင်လာပြီဆိုတော့ ဆံပင်ပုံကို ဘေးလေးခွဲ၊အရင်ထက် နည်းနည်းပို ရှည်အောင်ထားတတ်လာပါတယ်။ Final Part (2)နောက်ပိုင်းရောက်တော့ ရည်မှန်းချက်ကကြီးလာပါပြီ။ ဘွဲ့ယူရင် ဆံထုံးထုံးမယ်ဆိုပြီး ဆံပင်အရှည်ထားလိုက်ပါတယ်။ပတ်တူးစာမေးပွဲ ပြီးတဲ့နေ့ပဲ အိမ်ဘေးကအမတွေလက်အပ်ပြီး အဲဒီအချိန်ပေါ်ကာစ ဆံပင်အကြေကောက်ထည့်လိုက်ပါတယ်။ဆံပင်ကို ကျစ်ဆံမြီးသေးသေးလေးတွေကျစ်တာ တညလုံးကြာပါတယ်။ လှချင်တာကိုး၊ကြာပေ့စေပေါ့။ပခုံးကျော်ကျော် ဆံပင်ကို အကြေကောက်ကောက်ပြီး ၈လလောက်နေမှ ဘွဲ့ယူတော့ အကြေကောက်တွေက ပြေစပြုနေပါပြီ။
ဘွဲ့ယူပြီးတာနဲ့ အဲဒီဆံပင်ကို wave အကြီးကြီးနဲ့ ကောက်ပစ်လိုက်ပါတယ်။စတိုင်တမျိုးနဲ့ကိုယ့်ကိုကိုယ်တော့ လှတယ်ထင်နေတာပါပဲ။ House Surgeon အပြီး ကိုယ့်မြို့ကိုယ်ပြန်၊ဆေးခန်းလေးအဖွင့်၊မတိုမရှည်ကောက်ထားတဲ့ ဆံပင်ကို တေဇရုပ်စုံထဲက ချစ်ချစ်လို ကျစ်ဆံမြီး နှစ်ဖက်ခွဲစည်းတော့ ကျစ်ဆံမြီး တဖက်က လက်ညှိုးလုံးလောက်ပဲ ရှိပါတယ်။ ကိုယ့်ကိုကိုယ်တော့ ဒီစတိုင် သိပ်ရုပ်မဆိုးပါဘူး ထင်နေတာ ၊အမေနဲ့အတူ လမ်းလျှောက်ရင်း အမေ့သူငယ်ချင်းက နင့်ဆံပင်တွေက ဘာလို့ ပလူမွေးပလူတောင်ဖြစ်ရတာလဲ လို့ မေးလိုက်မှပဲ ကိုယ့်အဖြစ်ကိုယ် ဘွင်းဘွင်းကြီး သိတော့တယ်။
အဲဒီတော့မှ ကိုယ့်ဆံပင်ကျဲပါးပါးကို ဘိုကေသာသာ ခပ်တိုတိုပုံ ညှပ်ပြီး ထူသယောင် ဟန်ဆောင်ထားလိုက်ပါတော့တယ်။ဒီလိုနဲ့ အနှစ် ၂ဝလောက်ကြာလာတဲ့ ၂၀၀ဝ ခုနှစ်လောက်မှာ တောသူ မြို့ရောက် ရန်ကုန်မြို့ကြီးမှာ အခြေချဖြစ်တော့ ရန်ကုန်သူတွေက ဆံပင်အဖြောင့်တွေနဲ့ နုပျိုနေကြတာတွေ့ရပါတယ်။
အလုပ်တွေ ရှုပ်လို့ ဆံပင်ကို ၆လ လောက် မညှပ်ဖြစ်ပဲ နည်းနည်းရှည်လာတဲ့ အချိန် ဆံပင်ညှပ်ဆိုင်က ဆွယ်တာနဲ့ ပခုံးထိစပြုတဲ့ ဆံပင်ကို ဖြောင့်လိုက်ပါတယ်။အဲဒီအချိန်က ဆံပင်ဖြောင့်တာ ဆေးထည့်ပြီး မလှုပ်တန်း ၄နာရီလောက်နေခဲ့ရတယ်။ဆံပင်တွေက ထိပ်ထိ ဖြောင့်အောင်ဆေးနဲ့ ဆွဲထားတာရယ် ဆေးကြောင့် လူက မျက်နှာတွေ ယောင်၊မည်းပြောင်သွားသလိုဖြစ်တာရယ်နဲ့ မှန်ကြည့်လိုက်ရင် ရက်အင်ဒီးယန်းနဲ့ တူနေပါတယ်။ ဆံပင်ဖြောင့်ပြီး အိမ်ပြန်ရောက်တော့ အဖေက ဘာပုံကြီး ပေါက်နေတာလဲလို့ ဩဘာကောင်းချီးပေးပါလေရော။
၃လလောက်ကြာတော့ နောက်ထွက်တဲ့ ဆံပင်တွေက ကြေတေတေ ၊ဆံပင်အဟောင်းကဖြောင့် ၊အိုက်ကလည်းအိုက် ၊စိတ်ပျက်လက်ပျက်နဲ့ ခပ်တိုတို ဘဝကို ပြန်ရောက်သွားပြန်တယ်။
အဲသလိုနဲ့ ၈နှစ်လောက်ကြာတော့ အမှတ်မရှိတဲ့ အသည်းက ဆံပင်ညှပ်ဆရာရဲ့ `အခု ဆံပင်ဖြောင့်တာ အရင်လို မကြာတော့ဘူး၊နဂိုဖြောင့်လို သဘာဝကျကျလှနေပါတယ်` လို့
ဆွယ်ရာကို ပါပြန်ပါတယ်။အဲဒါနဲ့ ပခုံးတောင် မထိတဲ့ ဆံပင်ကို ဖြောင့်လိုက်ပြန်တာ နောက်ဆုံး မိုက်မဲခဲ့ခြင်းပါပဲ။
အဲဒီနောက်တော့ ကိုယ့်ရုပ်အကြောင်း ကိုယ်သိပြီး လှမလားလို့ ဆံပင်ပုံ ပြောင်းကြည့်တာတွေ မလုပ်တော့ပဲ ဆံပင်တိုတို အဖွားကြီးကေနဲ့ပဲ နေပါတော့တယ်။ဒါတောင်မှ မညှပ်အားလို့ ရှည်လာပြီး ဇရာကြောင့် မာလာတဲ့ ဆံပင်တွေက အဖျားတွေ ကော့ပျံလာရင် ကိုယ့်ပုံက ကာတွန်းတင်အောင်နီရဲ့ ကိုလေးပွ ဖြစ်လာပါတယ်။
မှန်ကြည့်လို့ ကိုလေးပွကို တွေ့ပြီဆိုရင် ဆံပင်ညှပ်ဆိုင် ပြေးရပြီပေါ့။ဆံပင်ကို တိုတိုထားမှပဲ ကိုယ့်ရုပ်က နည်းနည်း ကြည့်ပျော်ရှုပျော်ရှိသေးတယ်လို့ ခံယူထားလိုက်ပါတယ်။သူများတွေ ဆံပင်လှူတယ်ဆိုတာ ကြားဖူးပေမယ့် အရှည်ထားရမယ့် ကရိကထနဲ့ ကိုယ့်ပလူမွေးလေးက ဘာမှ မဖြစ်လောက်ပါဘူး ဆိုပြီး အရှည်ထားဖို့ စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၂နှစ်ကျော်ကတော့ ဝိသုဒ္ဓိမဂ်သင်တန်းကို တက်ရင်း ကျေဇူးရှင် ဆရာမကြီး ဒေါ်ခင်လှတင်က ဆံပင်လှူဖို့ အရှည်ထားနေတယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဓမ္မဗျူဟာက မိတ်ဆွေတွေလည်း ဆံပင်တွေဖြတ်ပြီး လှူကြတယ်လို့ ကြားလိုက်ရတော့ စိတ်ထဲမှာ လင်းကနဲဖြစ်သွားမိပါတယ်။ ညဖက်တွေကို ကိုယ်ပိုင်ချိန်ယူချင်တဲ့ ကျမအတွက် အိပ်ရေးမပျက်မှ လှူနိုင်မယ့် သွေးကို မကြာခဏလှူဖို့ ကိုယ့်ကိုကိုယ် စိတ်မချပါဘူး။ဆံပင်လှူမယ်ဆိုရင်လည်း ကိုယ့်ရဲ့ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းလှူတာပဲ ဖြစ်တဲ့အတွက် သွေးလို အသက်ကယ်တာမဟုတ်တောင် ဒီ ဆံပင်က ဖြစ်လာမယ့် လမ်းတံတားတွေဟာ သတ္တဝါတွေ ကောင်းကျိုးဆောင်ပေးနိုင်မှာ ဖြစ်လို့ ဒါနဥပပါရမီ မြောက်တာပဲဆိုတာ ဉာဏ်အလင်းရလိုက်ပါတယ်။
ဒီလိုဆို ငါလည်း ဆရာမကြီးနောက် အတူဖြစ်အောင် အတုယူပြီး ဆံပင်လှူဖို့ စထားတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆွေမျိုးတွေ အသိမိတ်ဆွေတွေကိုလည်း တိုက်တွန်းလိုက်တာ မိတ်ဆွေ တချို့ သူတို့ ဆံပင်ရှည်တွေ ဖြတ်ပြီး လှူကြပါတယ်။ တူမ၄ယောက်လည်း အဒေါ်သိမ်းသွင်းတာနဲ့ အရှည်ဆက်ထားကြပြီး သူတို့ဆံပင်တွေ ဖြတ်တဲ့အခါ လှူကြပါတယ်။သူတို့က အစကတည်းက တော်တော်ရှည်နေပြီဆိုတော့ တနှစ်လောက်ဆက်ထားတာနဲ့ လှူလောက်တဲ့ အရှည် တွေ ရကြပါတယ်။
ဒီတခါ အရှည်ထားမိတဲ့ ၂နှစ်တွင်းမှာတော့ ပခုံးလောက်ရှည်စပြုလာတဲ့ အချိန်မှာ စပြီးရင်ဆိုင်ရတာ ဆံပင်ကျွတ်တဲ့ ဒုက္ခပါပဲ။ခေါင်းတခါဖြီးတိုင်း ဆံပင်အကျွတ်တွေက တထွေးကြီးပါ။ခေါင်းလျှော်ရေချိုးရင်လည်း ကိုယ်ပေါ်ကပ်နေတဲ့ ဆံပင်အကျွတ်တွေကို သပ်ချရင်း ဆံပင်တွေ ကုန်ပါပြီ ၊ထိပ်ပြောင်တော့မှာပဲလို့ ညည်းမိပါတယ်။ဒီလိုပုံနဲ့ ဆံပင်လည်း လှူလောက်ရော ငါလည်း ထိပ်ပြောင်ဖြစ်မှာပဲ လို့ ထင်မိပါတယ်။အရင်ကတော့ ဆံပင်ကို ဆီထည့်တာ နည်းနည်းမှ မကြိုက်ခဲ့ပါဘူး။ဆီလိမ်းထားတဲ့ အနံ့ကိုမကြိုက်သလို ဆီရွှဲနေတဲ့ ဆံပင်ပုံနဲ့ဆိုရင် ကိုယ့်ပုံက တကယ့်တောသူစစ်စစ်ဆိုတာ မကွယ်တမ်းဖွင့်ပြလိုက်သလို ထင်မိပါတယ်။ဒါပေမယ့် လှူမယ့်ဆံပင်တွေ မကျွတ်မှ များများရမယ်ဆိုတာတွေးပြီး ဆံပင်ကို ခေါင်းလျှော်ပြီးရင် အနံ့သက်သာတဲ့ သံလွင်ဆီရှာ လိမ်းပေးရပါတယ်။အမဒေါ်မြင့်မြင့်ဆွေက

ခေါင်းမလျှော်ခင် ဆီလူး၊ခေါင်းလျှော်ရင် ရှန်ပူကို ရေမထည့်ပဲ အရင်ဆံပင်တွေ လူးပြီးမှ ရေထည့်လျှော်ပါ

လို့ နည်းပေးတဲ့အတွက် စမ်းကြည့်တော့ ဆံပင် အကျွတ် အတော်သက်သာသွားပါတယ်။
လှူမယ်လို့ စိတ်ကပို ထက်သန်လာလို့လားမသိ၊ဆံပင်ရှည်လာလေ အကျွတ်သက်သာလာလေမို့ အံ့ဩမိပါတယ်။
ဒီကြားထဲ ဆံပင်ကို ဖားလျားချလည်း မထားချင်တော့ ခေါင်းလျှော်ပြီးတာနဲ့ ရေသုတ်ပြီး မစို့တစိုမှာ သိုးမွေးကွင်းနဲ့ စုချည် Pony Tail ထားဖြစ်ပါတယ်။တရက် ဘတ်စကားပေါ်ကအဆင်း ဆံပင်စပ်က ယားလို့ ကုပ်လိုက်မိတာ လည်ဂုတ်မှာ ယားပြီး အနီဖုတွေ ပေါက်လာပါတယ်။မှန်နဲ့ နောက်ပြန်ကြည့်၊အမကို ကြည့်ခို်င်းပြီး နီနီအဝိုင်းကွက်တွေ မြင်တော့ ပွေးတော့ ပေါက်ပါပြီလို့ စိတ်ညစ်ရပါတော့တယ်။လိမ်းဆေးတွေ တမျိုးလိမ်းလိုက် မသက်သာလိုက် နောက်တမျိုးပြောင်းလိုက်၊တပတ်လောက်နေတော့ မဖြစ်ချေဘူးဆိုပြီး မှိုသတ်တဲ့ဆေး သောက်လည်းသောက် လိမ်းလည်းလိမ်းလုပ်လိုက်ပါတယ်။နည်းနည်း သက်သာသလိုရှိပေမယ့် ရှင်းရှင်းတော့ မပျောက်ပါဘူး။ဆံပင်ချည်တဲ့ ကြိုးထိတဲ့ နေရာက ပိုယားနေသလိုမို့ ကြိုးတွေလည်း တခါသုံးပြီးတိုင်းလျှော်နေတာ မသက်သာပါဘူး။ပုံမှန်ဆို ၂ပတ်လောက်မှာ ပျောက်သင့်ပေမယ့် ၃ပတ်ကြာတဲ့ထိ မပျောက်တော့ အရေပြားဆရာဝန်ဆီ ပြေးပြရပါတော့တယ်။ အရေပြားအထူးကုက ရီပြီး `အမရယ်၊ပွေးနဲ့ မတူပါဘူး။ဆံပင်တွေများလို့ ယားတာနေမှာပါ ´ဆိုပြီး မှိုသတ်ဆေးတွေရပ်၊ အယားပျောက်ဆေးနဲ့ စတီးရွိက်ပါတဲ့ လိမ်းဆေး ပေးလိုက်ပါတယ်။ဆေးတလုံးသောက်ပြီးတာနဲ့ သက်သာသွားပါလေရော။အဲဒီတော့မှ ဟင်းချနိုင်ပါတော့တယ်။
ဒီကြားထဲ ဟာနိဒသကခေါ်တဲ့ ဆုတ်ယုတ်တဲ့ အရွယ်ရောက်လာတာ သက်သေပြသလို လူက ဗိုက်နာ၊ခေါင်းကိုက် ရောဂါသေးသေးတွေ တမျိုးပြီးတမျိုး ပေါ်လာပါတယ်။ မှတ်ဉာဏ်တွေလည်း ဆုတ်လာသလိုပဲ။ငါတော့ သေသွားရင် ဆံပင်မလှူလိုက်ရပဲနေမယ် ဆိုပြီး ရသလောက်အရှည်နဲ့ပဲ ဆံပင်ဖြတ်လိုက်ပါပြီ်။ဝါယာလက် ၂လမ်းက တိပိဋက မဟာဂန္ဓာရုံကျောင်းကို သွားပြီး အလောင်းတော် ကဿ ပ သွားရာ လမ်း မှာ လမ်းတံတားတွေ ဆောက်လုပ်ဖို့ အလှူထဲထည့်လိုက်ပါတယ်။
ဘိုကေသာသာ ဆံပင်ကနေ၂နှစ် မညှပ်ပဲ အောင့်အီးသည်းခံနေလိုက်တာ အခုဖြတ်တော့ အရှည်ဆုံးနေရာက ၁၂လက်မနဲ့ အတိုဆုံးနေရာက ၈လက်မရပါတယ်။ဆံစု အလေးချိန်က ၂ကျပ်ခွဲသားရှိပါတယ်။စုစည်းထားတာ အချင်း၁လက်မလောက်ရှိတော့ ငယ်ငယ်က ပလူမွေးပလူတောင် အမေ့သူငယ်ချင်းရီခဲ့တဲ့ အနေထက် အများကြီးပိုများလာပါတယ်။

အမှန်တော့ ရွံစရာ အပုပ်တွေပါပဲ။ဒါကို သုံးလို့ရတဲံ့နေရာ အသုံးချလိုက်တာပေါ့။

အမှန်တော့ ရွံစရာ အပုပ်တွေပါပဲ။ဒါကို သုံးလို့ရတဲံ့နေရာ အသုံးချလိုက်တာပေါ့။


သူများတွေ တံကောက်ကွေးလောက် ၃-၄ပေ အရှည်တွေကို မမီပေမယ့် ကိုယ်ထားရတဲ့ အချိန်နဲ့ မူလကိုယ့်ဆံပင်နည်းတဲ့ အနေအထားယှဉ်ရင် အခုလောက် ဆံပင်ကို လှူခွင့်ရလိုက်တာ ကျေနပ်ကြည်နူးမိပါတယ်။ ၂နှစ်လုံးလုံး မနက်တခါ ညနေတခါ ခေါင်းဖြီးဖြစ်တိုင်း ဒီဆံပင်တွေ လှူရမယ်လို့ တွေးပြီး ကုသိုလ်စိတ်တွေ အထပ်ထပ် တိုးခွင့်ရခဲ့ပါတယ်။

ဆံပင်လှူလို့ရတယ်ဆိုတာ လမ်းပြပြီး ဒါန ဥပပါရမီ လမ်းပြပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာမကြီး ကို ဒီကုသိုလ်အမှုနဲ့ ကန်တော့ပါတယ်။Mother Day နဲ့တိုက်ဆိုင်တဲ့အတွက် တချိန်က ဆံပင်ပုံသွင်းပေးနေကျ အမေ့ကိုလည်း ရည်မှန်းကန်တော့ပါတယ်။

ဒီတခါ ဆံပင်အဖြတ်မှာတော့ ရှည်ရှည်လေး လှူခွင့်ရအောင် ခေါင်းမှာ တိုတိုပဲ ချန်ခိုင်းလိုက်ပါတယ်။
အမေညှပ်ပေးတုံးကလို တိုစွစွ ဆံပင်ကြည့်ပြီး မငိုတော့ပါဘူး။
အရင်လို ကိုယ်နဲ့ လိုက်မယ်ထင်တဲ့ ဘိုကေသာသာစတက်ပ်ပုံ အထိလည်း မညှပ်တော့ပါဘူး။နောင် ၂နှစ်အကြာ မသေသေးဘူးဆိုရင် ရှည်ရှည် ထပ်လှူခွင့် မြန်မြန်ရအောင် ကိုလေးပွကေနဲ့ပဲ နေပါတော့မယ်။
`အမှန်တော့ ဘယ်ဆံပင်ပုံဖြစ်ဖြစ် အကျည်းတန်တဲ့ရုပ်ကတော့ ထူးလှမလာပါဘူး လို့ ကိုယ့်ကိုကိုယ် အားပေးရင်း
နောင်တဖန် ထပ်ပြီး ဒါနဥပပါရမီ မြောက် ဆံပင်လှူနိုင်ဖို့အရေး မျှော်တွေးနေမိပါတော့တယ်။

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)