“တောင်တွေးမြောက်တွေး  အပိုင်းအစလေးများ တစ်”

 

တစ်ရက် မိတ်ဆွေတစ်ယောက် အလုပ်ဆိုင်ကို ကျုပ်ရောက်သွားပါတယ်။

အလုပ်သဘောလဲပါ အလည်ကိစ္စလဲ ပါတယ်ဆိုပါတော့။

ကျုပ်ရောက်တဲ့အချိန်မီးပျက်နေတော့ ကလေးမလေးတစ်စု

ထိုင်ပြီး တွတ်ထိုးနေကြပါတယ်။

အဲ့မှာကောင်မလေးတစ်ယောက်က ဖုန်းလေးကို ပွတ်လိုက်

ဟီဟီနဲ့ရီလိုက်လုပ်နေပါတယ်။

ကြည့်ရတာ ဖေစ်ဘုတ်က ပုံတွေကြည့်ရင်းကော်မင်းတွေဖတ်ရင်း

တစ်ယောက်ထဲတစ်ကမ္ဘာဖြစ်နေပုံပါဘဲ။

အဲ့ကောင်မလေးက ဖုန်းကြည့်လိုက် ဟီလိုက် လုပ်နေတာကို

မြင်ကြားနေတော့ သွားလေသူ ကျနော့်အဖွား ပြောခဲ့ဆုံးမခဲ့တာတွေကို သတိရသွားပါတယ်။

ကျနော်တို့အဖွားက ရှေးအဖွားကြီးဆိုတော့

ဗိုင်းကောင်းကျောက်ဖိ ပိပိပြားပြား

ရီစရာတွေ့လို့ရီရင်တောင်မှ ပါးစပ်ကိုလက်ကလေးနဲ့ကွယ်ပြီး

ခစ်ကနဲ့တစ်ချက်ဘဲရီတဲ့ဘဝနဲ့ကြီးပြင်းလာတာကိုး။

အဲတော့ မိန်းကလေးဖြစ်ပြီး တဟီဟီနဲ့ မြင်းများလို့ ဟီလာတိုက်

နေတတ်တဲ့သူဆိုရင် သူတို့မျက့်စေ့ထဲမှာ ကြည့်မရတော့ပါဘူး။

“ဟဲ့ မိန်းမကောင်းဆိုတာ ဟီလာမတိုက်ရဘူး၊

မိန်းမပျက်တွေမှအဲ့လိုနေတာ” လို့ မြည်တွန်တောက်တီးတတ်ပါတယ်။

မိန်းမပျက်လို့ ဆိုပြန်တော့ အဖွားတို့ခေတ်က ဗန်းစကားလေးကိုသတိရမိပြန်ပါတယ်။

အတွေးဆိုတာ ဆက်တတ်တဲ့အမျုးိကိုဗျ။

နောက် ကျနော်တို့အဖွားက အားတာနဲ့အိပ်နေရင်မကြိုက်ပါဘူး။

“ဟဲ့

မိန်းမပျင်း ခြေဆင်း

ယောက်ျားပျင်း ကျောခင်း လုပ်မနေနဲ့”လို့ဆူတတ်ပါတယ်။

အဲ့နောက်တစ်ဆက်ထဲ

“မိန်းမဖျင်းရင် ကွိတ်

ယောက်ျားဖျင်းရင် ပုလိပ်” လို့ဆိုပြန်ပါတယ်။

ကွိတ်ဆိုတာ က မကောင်းတာလုပ်စားတဲ့မိန်းမပျက်တွေကိုခေါ်တာပါ။

နောက်ကျနော်အဖွားက ပုလိပ်  လုပ်မယ်ဆိုရင် မကြိုက်ပါဘူး။

ကျနော်အကိုဝမ်းကွဲတစ်ယောက် ဒလမ ဖြစ်သွားတော့ အဖွားကိုလာကန့်တော့တဲ့အချိန်

“ မသိန်းမေ တို့များ လုပ်ခိုင်းစရာ ရှားလို့ သားလေးတစ်ယောက်ရှိတာကို

ငိုစား ရယ်စားအလုပ် လုပ် ခိုင်းတယ်။

ကျုပ်ဖြင့်သဘောမတွေ့ပေါင်တော်” လို့ ဆိုတာကိုကြားဘူးပါတယ်။

အဲခေတ်ကတော့ ပုလိပ် လို့ခေါ်ပြီး နောက်တော့ ရဲလို့ ခေါ်တဲ့လူတန်းစားကို

ပြည်သူတွေက ချဉ်ကြပါတယ်။

သူတို့လုပ်ပေါက်တွေကလဲ ဟုတ်မှ မဟုတ်တာကိုးဗျ။

ဒါကြောင့်လဲ တစ်ယောက်ယောက်က မဟုတ်တာလုပ်မယ်ကြံရင်

ပုလိပ်ကျင့် ပုလိပ်ကြံ မကြံနဲ့လို့ဆိုတာကိုးဗျ။

ရဲဖြစ်သွားတဲ့ကျနော်အကို က တော့ လုပ်သက် အနှစ်20လောက်ရောက်တော့

ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့ အတန်းအစားထဲဝင်သွားပါတယ်။

သူလဲအလုပ်ဝင်စကတော့  မကောင်းမူ့ရှောင်မယ်

အရင်လူတွေလို မဖြစ်စေရဘူး

ပြည်သူကိုအကျုးိပြုမယ်ဆိုတဲ့ အတွေးတွေနဲ့ တက်တက်ကြွကြပေါ့။

သူ့မှတ်ချက်လေးက လဲ ခပ်သင်းသင်းပါဘဲ။

“အလျှင် ရနေတဲ့ မုန်လာချဉ် အိုးကြီးလိုပေါ့ကွာ။

မုန်လာဖတ် အသစ်တွေ ဘယ်လောက်ထည့်ထည့်

အချိန်တန်တော့ လဲ ချဉ်သွားတာပါဘဲ။

ငါလဲ ဒီအတိုင်းပေါ့ကွာ” လို့ပြောပါတယ်။

ခေတ်အဆက်ဆက် ပြန်ကြည့်ရင်

ပုလိပ်ဆိုတာ ပြည်သူကိုနှိပ်စက်ဘို့ဖြစ်လာတဲ့လူတန်းစားလိုပါဘဲ၊

အင်္ဂလိပ်ခေတ်မှာ ချစ်တီးတွေဘက်ကနေပြီး လယ်သမားတွေနဲ့

လွပ်လပ်ရေးအတွက်တိုက်ပွဲဝင်နေသူကို ဒုက္ခတွေပေးတယ်။

မဆလခေတ်မှာ မှောင်ခိုဆိုတဲ့လူတန်းစားတွေနဲ့ပေါင်းစားတယ်။

ဖိုးရောင်းဆေးခြောက်ရောင်းတဲ့လူတွေကိုငွေယူပြိးလွှတ်ပေးတော့

လူငယ်တွေပျက်စီးခဲ့တယ်။

နဝတခေတ်မှာတော့ တစ်လုံး နှစ်လုံး သုံးလုံး သမားဆီကလိုင်းကြေး

ကောက်တဲ့အလုပ်လုပ်ပြီး ခွင့်ပေးထားတော့ ပြည်သူတွေ မွဲသထက်မွဲတယ်။

မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့်မပေးပေမယ့်

ခေတ်အဆက်ဆက်မှာ ပြည့်တန်ဆာနဲ့အလုပ်လုပ်စားတဲ့သူတွေဆီက

ငွေတောင်းပြီး မျက်လုံးတစ်ဖက်မှိတ်ပေးခဲ့တယ်။

အခုတော့ ခေတ်တွေပြောင်း စနစ်တွေပြောင်း

အတွေးဟောင်းတွေ စွန့်ပြစ်ပြီး

“ကူညီ ပါရစေ ကူညီပါရစေ ခင်ဗျ”

ဆိုတဲ့အသံတွေက တီဗွီကနေလွှင့်ပျံ့

နံရံတွေမှာ စာတွေကပ်ဆိုတော့ စိတ်ထဲမယ်

တကယ်ပြောင်းပြီထင်တယ်ဟေ့

လို့ တွေးမိတာမှ မကြာသေးခင်

ကျောင်းသားအရေးအခင်းမှာ ကားမှန်ကြီးကို ပယ်ပယ်နယ်နယ် ခွဲနေတာကို

ဓါတ်ပုံတွေ ဗွီဒီယို ဖိုင်တွေ မြင်လိုက်ရတော့

အဲလိုလုပ်နေတာ ရဲ အစစ်တွေမှ ဟုတ်ရဲ့လားလို့ တွေးမိပြန်ပါလေရော။

သေချာတွေးကြည့်တော့ လည်း ရွှေမန်းတင်မောင်သီချင်းလိုပါဘဲ

“ထိုနည်း၎င်း ထိုနည်း၎င်း” ဆိုတာ ကလည်း မှန်နေသလိုပါဘဲ။

ဒါလေးကတော့ “ဟီဟီ  “လို့ရီလိုက်တဲ့အသံလေးက ရလိုက်တဲ့

တောင်တွေးမြောက်တွေး အပိုင်းအစလေးတွေပေါ့။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

၁၃-၅-၂၀၁၅

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။