ဒွေးလေးပဒုမ္မာကို သူ့ညီမတော် မလတ်က ညဇီးကွက်လို့ နာမည်ပြောင်ပေးထားတယ်။
ဟုတ်လည်းဟုတ်တာပဲ။ဒေါ်ပဒုမ္မာက အလုပ်ကနေ ညနေ ၆နာရီခွဲလောက်မှာ အိမ်ပြန်ရောက်၊ရေမိုးချိုး၊ ထမင်းစားပြီးချိန် ည၈နာရီလောက်ကနေစပြီး ကမာ္ဘကြီးကို ဖန်သားပြင်ကနေ ချောင်းကြည့်လေ့ရှိပါတယ်။
ဒီကနေ့ညလည်း အီးမေးတွေ ဂျီမေးတွေကို အရင်စစ်၊စာပြန်စရာရှိတာတွေ စာစီပြီးပြန်၊တလက်စတည်း ဟိုဖက်မှာ tab တွေဖွင့်ထားပြီး အဂ္ဂမဟာ ဖွဘုတ်တော်ကြီးကနေ ဘယ်သူတွေ စုပြီး စားကြသောက်ကြသလဲ၊ငါ့အကြောင်းဘာတွေ ထည့်ပြီး tag ကြ mention လုပ်ကြသလဲဆိုတာ စစ်၊ မိတ်ဆွေတွေရဲ့ ဘာညာသာရကာတွေကို Like လုပ်ရ၊ Comment ပေးချင်တာလေးတွေပေးရ၊နောက် tab တခုကနေတော့ ဂဇက်ကို စိတ်ရှည်လက်ရှည် ဝင်ဖို့ကြိုးစားရ။အဲဒါတွေနဲ့ တင် နာရီလက်တံ ၂ပတ်လည်ပြီး ည ၁ဝနာရီ ထိုးပါလေရော။ ဖန်သားပြင်က Virtual world ကြီးက ဆွဲဆောင်အားကောင်းလိုက်တာ ဘေးက စကားလာပြောရင်တောင် မသိလောက်အောင်ပါပဲ။
တခါတလေ ထိုင်ရာကတောင် မထဖြစ်အောင် စွွဲလွန်းတော့ ညစဉ် ဘုရားရှိခိုး၊ပဋ္ဌာန်းပူဇော်မယ်ဆိုတဲ့ အဓိဋ္ဌာန်ကိုတောင် မေ့မေ့သွားတတ်တယ်။ဒါ့ကြောင့် ဖုန်းထဲမှာပါ ည ၉နာရီကစပြီး နာရီသံချောင်း Chyme မြည်အောင် application လေးထည့်ထားပြီး ကိုယ့်ဖာသာ သတိပေးရတယ်။ခုလည်း နာရီသံချောင်း မြည်ပြီမို့ ဖတ်လက်စ စာလေးကို ပြီးအောင် မြန်မြန်ဖတ်ပြီး ကွန်ပျူတာ ရှေ့က ထလိုက်ရပါတယ်။
သောက်တော်ရေ ဗန်းလေးကို မပြီး အိမ်ပေါ်ထပ် ဘုရားကျောင်းဆောင်ရှေ့ရောက်တော့ ည ၁ဝနာရီခွဲပါပြီ။
ဘုရားရှိခိုး၊သောက်တော်ရေ၊ခြေဆေးရေကပ်၊ဆီမီးကပ် ရွတ်ဆိုပြီး ထုံးစံအတိုင်း မေတ္တသုတ် ပဋ္ဌာန်းပစ္စယနိဒ္ဒေသ မပူဇော်ခင် သမန္တာ စက္ကဝါဠေသု လို့ နတ်ပင့်အစမှာ `ဒုံး´ကနဲ တစုံတခု ကျသံကြားလိုက်ရပါတယ်။တလက်စတည်း တဂျီဂျီ နဲ့ မော်တာလည်သံကို အဆက်မပြတ်ကြားလိုက်ရပါတယ်။

ဧကန္တတော့ အိမ်နားကပ်လျက်က စားသောက်ဆိုင်ကဖြစ်မှာပဲ။ ဒီဆိုင်ဟာ သူတို့ ဆိုင်ကို လာစားတဲ့သူတွေ ပြန်ချိန် ည၁ဝနာရီကျော်မှချည်း ဆောက်လုပ်ရေးတွေ ပြင်ဆင်ရေးတွေ ခိုးလုပ်တာပဲ။ စပြီး ဆိုင်ဖွင့်ဖို့ ပြင်ကတည်းက ှ အိမ်နီးပါးချင်း အားမနာ ညဖက်တွေမှ လက်သမားအလုပ် ပန်းရံအလုပ်တွေ လုပ်တာ။ ဆူလို့ သွားပြောမှ ဆက်မလုပ်ပဲ ရပ်ပေးတတ်တယ်။ ဟိုတခါလည်း ည၁ဝနာရီကျော်မှ အသံအကျယ်ကြီးထွက်တဲ့ ခြင်ဆေးမှုတ်စက်နဲ့ မီးခိုးတွေ မှုတ်လို့ သွားကန့်ကွက်ရင်း စကားများရပြီးပြီ။ခုလည်း ခိုးပြီး ပြင်ဆင်ရေးတွေ လုပ်နေပြန်ပြီ ထင်တယ်။

အဲသလိုတွေ တွေးရင်း ဒေါသက အလိပ်လိုက်တက်လာတယ်။

ငါ ပဋ္ဌာန်းပူဇော်တာ ပျက်သွားပါမယ်လေ၊ခဏတဖြုတ်ဆိုရင်တော့ သိပ်အလျင်လိုလို့ ဖြစ်မှာပါ။သည်းခံလိုက်ပါမယ်

ဆိုပြီး ထွက်လာတဲ့ ဒေါသကို မျိုသိပ်လိုက်ပါတယ်။
ပဋ္ဌာန်းပူဇော်နေချိန်မှာလည်း တဂျီဂျီမြည်နေတာက ပျောက်မသွားပါဘူး။ ရွေပေါ်စက်နဲ့ သစ်သားတွေ ချောနေသလား၊ဒါမှမဟုတ် ကျောက်စက်နဲ့ ကျောက်ပြား ကြွေပြားတွေ ချောနေသလား၊တခုခုပဲ။

ဟေတုပစ္စယောတိ

တကယ်ဆို စားသောက်ဆိုင် လူကျတဲ့ အချိန် မလုပ်ချင်ရင်လည်း နေ့လည်ခင်း ဧည့်ပါးတဲ့ အချိန် လုပ်ပေါ့။သူတို့ Customer ပဲ လူထင်တယ်။ အိမ်နီးနားချင်းတွေကျတော့ ရှိတယ်တောင်မထင်ဘူး။သူတို့ တိုင်းပြည်ဆို ဒီလို လုပ်လို့ရမလား။ဒါ ငါတို့တိုင်းပြည်ကို အထင်သေးလို့ ဥပဒေနဲ့ မညီတာကို လုပ်ကြတာ။

ဟေတူ၊ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ ………….

သွားပြောလည်း ပိုင်ရှင် ထဆင်ထူးမက အင်္ဂလိပ်လို မတတ်ချင်ယောင်ဆောင်တယ်။အောက်က မြန်မာဝန်ထမ်းက နောက်မလုပ်ပါဘူး၊ပြောပေးပါမယ် တောင်းပန်ပြီး တကယ်တော့ ဘာမှ မလုပ်ပေးဘူး။

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော …..

အဲဒါကြောင့် ဟိုနေ့က သူတို့ နှစ်ပတ်လည်အခမ်းအနား ဆိုပြီး ဖိတ်တာကို မသွားပဲနေလိုက်တာ ခပ်ကောင်းကောင်းပဲ။ဒီလို လူမှန်းမသိတဲ့ဟာတွေနဲ့ မိတ်ဆွေ မဖြစ်ချင်ပါဘူး။

အာရမ္မဏပစ္စယောတိ….

.ဒေါသထွက်လာပြီ၊မရပ်သေးဘူး။ဒါပြီးရင် သွားကိုပြောမယ်။…..

အဓိပတိပစ္စယောတိ….

.အိမ်နီးနားချင်း ရန်ဖြစ်တာ မကောင်းပါဘူး။သည်းခံလိုက်ပါ။…

…………………………………………………….
ဝိပါကပစ္စယောတိ….

ခုထိလည်း ဂျီတုံးပဲ။စည်ပင်ကို တိုင်မှ ထင်တယ်။စည်ပင်ဆိုတာကလဲ ကာတွန်းတွေထဲပါတဲ့ အတိုင်း………………။

……………………………
ဈာနပစ္စယောတိ………..

ခုထိမရပ်ဘူး။ တော်တော် တရားလွန်ပြီ။ငါနော်…

……………………………..
အတ္ထိပစ္စယောတိ…………….

ကဲ၊မြန်မြန်ပြီးမှပဲ။သည်းခံလေ၊ရောင့်တက်လေ။ပြောကိုပြောမှဖြစ်မယ်။ရပ်ကွက်လည်း တိုင်မှ၊

……………………..
အဝိဂတပစ္စယောတိ….. ပစ္စယနိဒ္ဒေသော နိဋ္ဌိတော။

သူတို့လည်း ဘာတွေ အရေးကြီးနေလဲမသိဘူး။နောက်ထပ် နာရီဝက်လောက်တော့ စောင့်ကြည့်လိုက်ပါအုံးမယ်လေ။

ဝင်တယ်၊ထွက်တယ်။ ဝင်တယ်၊ထွက်တယ် ။ ဝင်တယ်၊ထွက်တယ် …..ဒုံး..
ဖောင်းတယ်၊ပိန်တယ်။
ဖောင်းတယ်၊ပိန်တယ်။
ဖောင်းတယ်၊ပိန်တယ်။
ဖောင်းတယ်၊ပိန်တယ်။
ဖောင်းတယ်၊ပိန်တယ်။
ဂျီ……………………….။
ကဲ၊အာရုံပြောင်းမှတ်ကြည့်အုံးမယ်။
…အရှေ့အရပ်မှာများသတ္တာချမ်းသာကိုယ်စိတ်မြဲပါစေ။

အင်း… တောင်အရပ်မှာ များသတ္တာထဲ သူတို့ကို မထည့်ချင်တော့ဘူး။။။
ဒီနေ့တော့ ဘာ ဘာဝနာမှလည်း လုပ်လို့ရမှာမဟုတ်တော့ပါဘူး။တော်ပြီ၊အောက်ဆင်းတော့မယ်။သွားပြောပလိုက်တော့မယ်။

အဲ။။ကွန်ပျူတာမှာ ဘုရားကန်တော့တုံး ဘာနိုတီ ဝင်လဲ ခဏ ဝင်စစ်လိုက်အုံးမှ။
အမယ်….တနင်္ဂနွေ ဆရာကန်တော့ပွဲ ကိစ္စဆွေးနွေးဖို့ ဝါးတီး ဆိုပါလား။၊သူများတွေ မအိပ်ခင် အဲဒီနေ့ကျ ငါ့ကို ဘယ်သူ ဝင်ခေါ်ပေးမလဲ မေးလိုက်အုံးမှ ။အသံလည်း နည်းနည်း တိုးသွားသလိုပဲ။ပြီးပြီထင်ပါရဲ့။ဒါဆို ပြောမနေရတော့ဘူးပေါ့။ကောင်းပါလေ့။
အမယ်….ဖွဘုတ် ရွာလည်ကောင်းတာ ၁၁နာရီတောင် ခွဲပါပေ့ါလား။
အိမ်ပေါ်တက်၊သွားတိုက်ပြီး အိပ်ဖို့ပြင်မှပဲ။

ဂျီဂျစ်ဂျစ်ဂျီ………………………

ဟာ၊ဒီကောင်တွေ လွန်လွန်းလှချည်လား။
ငါက အာရုံပြောင်းသွားလို့ သူတို့ဆက်လုပ်နေတာ မသိလိုက်မိတာ။ခုဆို ၁နာရီကျော်ပြီ။ လူကြီးတွေ အိပ်ချိန်တောင် မရှောင်ဘူး။မပြောရင် မသိတတ်တဲ့ဟာတွေ သွားကိုပြောမှပဲ။

ဒေါ်ပဒုမ္မာ စိတ်ဆိုးဆိုးနဲ့ လှေခါးကိုဆင်းလာပါတယ်။ အိမ်အောက်ထပ်ရောက်တော့ အသံက နည်းနည်းတိုးသွားသလိုပဲ။ အောက်ထပ်က ကောင်းကောင်းမကြားရလို့ ခုနကလည်း ြုပီးသွားပြီ ထင်မိတာပေါ့။
လက်နှိပ်ဓာတ်မီးကိုဆွဲ၊ အိမ်တံခါး ဖွင့်ထွက်၊ စားသောက်ဆိုင်နဲ့ ကပ်နေတဲ့ ခြံစည်းရိုးဖက်ခြမ်းကိုသွား၊ခုံတန်းလျားခုပြီး လက်နှိပ်ဓာတ်မီးနဲ့ ထိုး၊ ဘာတွေပြင်ဆင်နေသလဲ ကြည့်ဖို့ပြင်။
ဒုံးဆို အသံကျယ်ကြီး ထပ်ထွက်လာ။
အသံလာရာက ဟိုဖက်ခြံက မဟုတ်ပဲ၊ခပ်လှမ်းလှမ်းက ပါလား။
တဆက်တည်း စောစောကကြားတဲ့ တဂျီဂျီအသံလည်း ထွက်လာတာ အဲဒီ အရပ်ဆီကပဲ။

သိပြီ။သိပြီ။ မြေနီကုန်း ကုန်းကျော်ဆောက်တဲ့ ဆိုက်က အသံတွေပဲ။
အမယ်….သူတို့ဆိုက်က တော်သား။ အများသူငါ အသွားများတဲ့ နေ့လည်ချိန် မှာ ယန္တရားကြီးတွေ မသုံးပဲ၊ညဖက်ကျမှ အလုပ်လုပ်တယ်။စာတွေထဲ ဖတ်ရတာ နိုင်ငံခြားမှာလည်း ညဖက်မှ လမ်းပေါ် အလုပ်တွေ လုပ်ကြရတာတဲ့။အဲသလို ဖြစ်သင့်တာကြာပေါ့။အရင်ဆို နေ့လည်ကြီး လမ်းခင်းတာမျိုးတွေလုပ်ရင် လမ်းပိတ်လို့ စိတ်ညစ်ရပေါင်းများပြီ။

ကျေကျေနပ်နပ်ပြုံးပြီး ခုံတန်းလျားပေါ်က ဆင်း၊အိမ်ထဲပြန်ဝင်ဖို့ အလှည့်
စောစောက ဒေါသူပုန်ထနေတဲ့ ဒေါ်ပဒုမ္မာ ဘယ်ရောက်သွားပါလိမ့် လို့ တွေးလိုက်မိ။
အော်…တကယ်တော့ ဒီအချိန် ဒီလိုဆူညံတာ ဒီလို စည်းကမ်းမရှိလုပ်တတ်တဲ့ အိမ်နီးချင်းပဲလို့ အသေမှတ်သားလိုက်တဲ့ သညာက စိတ်ကြိုက်အရောင်ခြယ်လိုက်တာ ၁နာရီကျော်လုံးလုံး ဒေါသအနီရောင်တွေနဲ့ အရူးကြီး လုံးလုံး ဖြစ်ခဲ့ပါပေါ့လား။

စိတ်နောက်ကိုယ်ပါပြီး ဖုန်းဆက်မိရင်ဖြစ်ဖြစ်၊ကိုယ်တိုင်သွားပြောမိရင်ဖြစ်ဖြစ် အရှက်နဲ့လှလှတော့ ကွဲရတော့မှာပဲ။
တော်ပါသေးရဲ့။

သညာတဲ့။ နာမည်လေး နှစ်လုံးထဲနဲ့ ကောင်းကောင်းကို ခြယ်လှယ်နိုင်ပါလားနော်။

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)