“ကျနော်ဓါတ်ဖမ်းသမား” (၁၂)

(လက်ဆော့ဘို့ လမ်းသလားတဲ့ကိုပေါက်ရဲ့အမှတ်တရများ……………..)

1 အလှဆုံးပြုံးသူ

1 အလှဆုံးပြုံးသူ

ကျနော်ဓါတ်ပိုးမြင့်တဲ့အချိန်တုံးကရောက်လေရာသွားလေရာမှာဓါတ်ဖမ်းပါတယ်။

အလုပ်ကိစ္စနဲ့သွားရင်းဖြစ်ဖြစ် ဓါတ်ဖမ်းခရီးသက်သက်ဖြစ်ဖြစ်

မကြာခဏသွားခဲ့ပါတယ်။

အဲလိုသွားခဲ့တဲ့အကြိမ်တွေထဲမှာအမှတ်ထင်ထင်ဖြစ်ခဲ့ရတာလေးတွေ

မမေ့နိုင်စရာလေးတွေလဲရှိခဲ့ပါတယ်။

ပထမဆုံးကြုံခဲ့ရတာတော့ အောင်ပန်းမှာပါ။

အောင်ပန်းမြို့ကြီးကို အထက်စီးကနေရိုက်ရင်လှမှာဘဲလို့တွေးမိတော့ မြို့အနောက်ဘက်တောင်ပေါ်က

ရိုက်မယ်ဆိုရင် တစ်မြို့လုံးမြင်ရတယ်ဆိုပြီး မနက်စောစော ထ ပြီး အဲ့ဘက်ကိုသွားတာပေါ့။

တောင်ပေါ်တက်တဲ့လမ်းကနေသွားရင်း ထိပ်နားရောက်ခါနီးလို့လှမ်းကြည့်လိုက်တော့ တရုပ်သချင်္ိုင်းဖြစ်နေပါတယ်။

သချိုင်းအဝင် ဝမှာတော့ ခွေးတစ်အုပ် ကိုမြင်နေရပါတယ်။

အဲဒါနဲ့သချိုင်းနံဘေးလမ်းကနေလဲဖြတ်သွားလိုက်လို့ ခွေးတွေနားလဲရောက်ရော

ခွေးဆယ်ကောင်လောက်က

ထွက်လာတဲ့ပြီး ဟောင်လိုက် ဆွဲလိုက်နဲ့ ကျနော်ကိုဖိအားတွေပေးပါတော့တယ်။

သူတို့ကို တုန့်ပြန်ဘို့အနီးအနားရှိတဲ့ ဂဲလုံးတွေကောက်။

ပါးစပ်ကလဲအော်ပြီးမောင်းထုတ်ပေမယ့်လဲ

သူတို့ကတော့ ဖိအားပေးမပျက်ပါဘဲ။

ခက်တာက ကိုယ့်တစ်ယောက်ထဲဖြစ်နေတာကို ဝန်းရံပေးမယ့်သူလဲတစ်ယောက်မှမတွေ့။

သူတို့ကလိုက်ဆွဲလိုက် ကိုယ်က အော်လိုက်

ကို်ယ်က  ခဲကောက်ပြီး ထုလိုက် သူတို့ကဟောင်လိုက်နဲ့ဆယ်ငါးမိနစ်လောက်ကြာမှ

ဈေးသွားမယ့် လူနှစ်ယောက်ရောက်လာပြီးမောင်းထုတ်မှ ဇာတ်လမ်းတစ်ခန်းရပ်ပြီး

ကျနော်လဲ လာလမ်းအတိုင်းပြန်နိုင်ပါတယ်။

ဒါတောင်စိတ်မလျော့သေးဘဲ ထပ်သွားချင်နေသေးတော့

ဆိုင်ကယ် ကယ်ရီသမားကိုအကြောင်းစုံပြောပြတော့ သူလိုက်ပို့ပေးမယ်ဆိုတာနဲ့

နောက်ရက်မနက်မှာ တစ်ခေါက်ထပ်သွားတာပေါ့။

အဲလိုသွားရင်းတောင်ထိပ်ပေါ်ကိုရောက် တော့ဘုန်းကြီးကျောင်းလေးတစ်ကျောင်းတွေတာနဲ့

ဝင်ပြီးတော့ဝတ်ပြုပါတယ်။

အဲဒီကျောင်းနားမှာဘဲဆိုင်ကယ်ထားပြီး တောင်ပေါ်ကိုဆက်တက်ပါတယ်။

အမြင့်ထိပ်လဲရောက်ရော ထင်းရှုးပင်တွေပိတ်နေတာနဲ့အောက်ကိုမမြင်ရတော့ပါဘူး။

ထင်းရူးတောထဲတိုးကြည့်တော့လဲ ရှေ့ဘက်ရောက်လဲပိတ်မြဲပိတ်နေတာနဲ့ပြန်ဆင်းလာခဲပါတယ်။

တောင်အဆင်းနားရောက်တော့ကိုရင်လေးတွေတွေ့တော့ဓါတ်ပုံရိုက်ဖြစ်ပါတယ်။

အဲတော့မှ ကိုရင်လေးတစ်ပါးက မြို့ကိုစီးမြင်ရတဲ့နေရာပြမယ်ဆိုတာနဲ့လိုက်သွားတော့မှ

ကိုယ်လိုချင်တဲ့မြင်ကွင်းလေးကိုရခဲ့ပါတယ်။

မသိတော့ နီးရက်နဲ့ဝေးခဲ့ရတာလေးကလဲအမှတ်တရပါဘဲ။

2အောင်ပန်းမြို့ကိုစီးကြည့်ခြင်း

2အောင်ပန်းမြို့ကိုစီးကြည့်ခြင်း

နောက်တစ်ခါကတော့ Mလုလင်နဲ့အတူ ဖားအံ့သွားရင်းခံခဲ့ရတာလေးပါ။

ဖားအံ့ရောက်တော့ ဆဒ္ဒါန်ဂူကိုသွားဖြစ်ကြပါတယ်။

အတူသွားကြတာလေးယောက် တစ်ယောက်ကတော့အပြင်မှာနေခဲ့ပါတယ်။

မှောင်မဲမဲ ဂူထဲကိုဒီဘက်ကဝင် ဟိုဘက်ထွက်အပြင်ဘက်ရောက်တော့

ရေပြင်ကြီးကိုဘွားကနည်းတွေ့လိုက်ရပါတယ်။

အဲဒါနဲ့လှေငှားစီးဖြစ်တယ်ဆိုပါစို့။

တစ်ယောက်ကို ၅၀ဝကျပ်ကနေစတောင်းလိုက်တာဈေးဆစ်လိုက်တော့တစ်ယောက်ကို ကျပ် ၂၀ဝနဲ့ဈေးတည့်သွားပါတယ်။

 

ဆဒ္ဒန်ဂူထဲကထွက်ပြီး ဟိုဘက်ခြမ်းကို ပေါင်မိုးလိုဖြစ်နေတဲ့ဂူကြီးထဲကိုလှေနဲ့ဖြတ်ပြီး

တစ်ဘက်ခြမ်းကိုရောက်သွားတဲ့အခါ လှေသမားကကျနော်တို့ကိုဆင်းခိုင်းပါတော့တယ်။

ကျနော်တို့ကဟိုဘက်ပြန်လို်က်မယ်ပြောတော့ ဒီလမ်းလေးအတိုင်းလျောက်သွားရင်

ခဏလေးနဲတောင်အရှေ့ဘက်ခြမ်းကိုရောက်သွားမယ်။

ဂူထဲပြန်ဝင်ပြီးသွားရင်မှောင်မဲမဲထဲပြန်ဝင်နေရမယ်ဆိုုပြီးထွက်သွားပါတော့တယ်။

ကျနော်တို့က လှေထွက်သွားမှ သတိရလိုက်တာက ကျနော်တို့ဖိနပ်တွေက

ဂူအပြင်ဘက်က ကားထဲမှာထားခဲ့တာပါဘဲ။

လှေကလဲလမ်းခေါ်လို့မရဆိုတော့ မင်းဘူးဦးဩဘာသရဲ့

ဝေဿန္တရာဇာတ်တော်ထဲကလို

“ခြေသာလျှင် ယာဉ်ရှိကုန်၏” ဆိုပြီးလမ်းလျောက်ကြရပါတော့တယ်။

လူသွားထားလို့သာလမ်းဖြစ်နေတဲ့လမ်းမပီပြင်တဲ့ လမ်းကလေးမှာဖိနပ်မပါခြေဗလာပေါ့။

တစ်နေရာရောက်တော့ အတန်အသင့်ကျယ်တဲ့ချောင်းလေးကိုဖြတ်ရမယ့်နေရာရောက်လာပါတယ်။

ဝါးလုံးလေးသေးသေးနှစ်လုံးဘဲတန်းထိုးထားပြီးကိုင်စရာတွယ်စရာမရှိတဲ့

အဲဒီတံတားပေါ်ကို ပေါင် ၁၈ဝလောက်ရှိတဲ့ကျနော်

မတ်တပ်ရပ်ပြီးလမ်းလျောက်ကူးဘို့အခက်တွေ့ပါတော့တယ်။

ကျနော်နဲ့အတူပါလာတဲ့နှစ်ယောက်က ရှေ့အတော်ဝေးဝေးရောက်နေပါပြီ။

ကျနော်က ဟိုနားဓါတ်ပုံရိုက် ဒီနားဓါတ်ပုံရိုက်နဲ့ကျန်ခဲ့တာကိုး။

ခုန်ကူးဘို့ကလဲ စိတ်မရဲတော့ပါ။

အကျမတော်ရင် ခြေကျုးိသွားနိုင်ပါတယ်။

နောက်ဆုံးမတော့ ကင်မရာကြိုးကိုတိုတိုလေးဖြစ်အောင်လုပ်ပြီး စလွယ်သိုင်း။

ဖိနပ်ကို ဟိုဘက်ခြမ်းရောက်အောင်လှမ်းပစ်။

ဝါးလုံးလေးနှစ်လုံးပေါ်ကိုခွထိုင်။

ဖင်တရွတ်တွန်း ဖြည်းဖြည်းရွှေ့ပြီး ဟိုဘက်ရောက်အောင်ဖြည်းဖြည်းခြင်းကူးရပါတော့တယ်။

3ရိုးပြတ်တောမှ

3ရိုးပြတ်တောမှ ဖိနပ်မပါ

ဟိုဘက်လည်းရောက်ရော ရိတ်ထားတာမကြာသေးတဲ့ ကောက်ရိုးပြတ်တောက အဆင်သင့်စောင့်နေပါတယ်။

နေ့လည်တစ်နာရီခွဲလောက်မှာ အရိပ်မရှိ အမိုးမပါ ဖိနပ်မပါ ရိုးပြတ်တောထဲကို ဖြတ်ရပါတော့တယ်။

အဲချိန်တွေးကြောက်မိတာကတော့ အကောင်ရှည်ပါဘဲ။

တွတ်ထဲ့လိုက်လို့ကတော့အသေဘဲလို့ တွက်နေမိပါတယ်။

မေလ ရဲ့ နေ့လည်ခင်းအပူချိန်အတော်ပြင်းပါတယ်။

ခုန်ဆွ ခုန်ဆွ နဲ့အပြေးတစ်ပိုင်းသွားလိုက်တာ ၁၅မိနစ်လောက်လျှောက်မှ အရိပ်ကိုရောက်ပါတယ်။

သစ်ပင်ရိပ်မှာတော့ အဖော်နှစ်ယောက်စောင့်နေပါတယ်။

အမြန်ရောက်ချင်ဇောနဲ့သာအပြေးအလွှားသွားလိုက်ရတာ ခြေထောက်တစ်ခုလုံးရိုးပြတ်တွေရှ

ထားတော့ ခပ်စပ်စပ် စပ်ဖျဉ်းဖျဉ်းနဲ့ အနေဆိုးလှပါတယ်။

မောလွန်းလို့ရေသောက်မယ်လုပ်တော့ ကျနော်တို့ပါလာတဲ့ရေဘူးကိုအဲဒီနားက

လမ်းခင်းနေတဲ့သူတွေပေးလိုက်ပြီပြောလိုက်တော့အတော်အမောဆို့သွားပါတယ်။

ကျောက်တောင်ကိုပါတ်ပြီးနာရီဝက်ကျော်ကျော်လောက်လျောက်လိုက်မှ ကျနေုာ်တို့

ထွက်လာခဲ့တဲ့နေရာကိုပြန်ရောက်ပါတော့တယ်။

လှေသမားက ကျနော်တို့ကို ဘာလို့များပြန်မခေါ်ဘဲထားခဲ့သလဲလို့တွေးမိတာကတော့

သူ့ကိုဈေးဆစ်မိလို့ဖြစ်မယ်ထင်ပါတယ်။

ကျနော်တို့ဂူထဲဝင်တဲ့လူသာဒုက္ခရောက်ရုံမကဘူး အပြင်မှာကျန်ခဲ့တဲ့တစ်ယောက်ကလဲ

ဒုက္ခတွေနဲ့ပါ။

ကျနော်တို့က ကားကိုအလုံပိတ် သော့ခတ်ထားခဲ့ပြီး ကားသော့ကကျနော်တို့အထဲပါလာတာပါ။

အဲတော့ကျန်ခဲ့တဲ့တစ်ယောက်မှာ နေစရာထိုင်စရာမရှိ။

ဝယ်စားဘို့လဲပိုက်ဆံမရှိနဲ့ ဟိုနားရပ်လိုက်ဒီနားရပ်လိုက်နဲ့ကျန်နေခဲ့ရတာပါ။

4 ဇွဲကပင်မြေကလှညနေ

4 ဇွဲကပင်မြေကလှညနေ

နောက်တစ်ခေါက် ဓါတ်ဖမ်းရင်း အမှတ်တရ တစ်ခုကတော့

မြန်မာပြည်မှာအသုံးပြုတဲ့ကပ်ကြေး အများစုထုတ်လုပ်တဲ့ ခြိုက်ခရီးစဉ်ပါ။

အဲရွာကို ကထိန်သွားခင်းကြတာပါ။

သံဃာတော်တွေကိုလှူဒါန်းပြီးတဲ့အချိန်မှာ ကထိန်ခင်းတဲ့ကျောင်းရဲ့နံဘေးက

တောင်ပေါ်ကိုတက်ကြပါတယ်။

တောင်အမြင့်ဆုံးတစ်နေရာမှာ စေတီလေးတစ်ဆူရှိပါတယ်။

အဲနေရာကနေကြည့်ရင် ခြိုက်ရွာကိုရစ်ခွေပြီးစီးနေတဲ့ယောချောင်းကို

မြင်နိုင်တယ်လို့တွေးမိတာနဲ့ ထိပ်ဆုံးကဘုရားဆီရောက်အောင်သွားမယ်စိတ်ကူးမိတာနဲ့

ကျောင်းမှာနေတဲ့ ကပ္ပိယလေးကိုလမ်းပြလုပ်ပြီးတောင်ပေါ်ကိုတက်ခဲ့ပါတယ်။

တကယ်တော့အဲ့တောင်ထိပ်ကိုတက်ဘို့ဖောက်ထားတဲ့လမ်းမရှိပါဘူး။

တောင်စောင်းလေးကနေတက်ရတာပါ။

ကလေးတွေကတော့ တောင်ပေါ်ထိတက်ဆော့နေကျပေါ့။

သူခေါ်တဲ့လမ်းအတိုင်းတက်လာရင် မိုးဖွဲဖွဲကျလာပါတယ်။

အဲတောင်ကြောက မြေသန့်သန့်မဟုတ်ဘဲ ကျောက်ခဲလုံးသေးသေးလေးတွေ

နဲ့ရောနေတဲ့လမ်းပါ။

မိုးရွာတော့မြေက နူးအိလာချိန် ကျနော်ကအားယူပြီးအတက်

ကျောက်စရစ်ခဲတွေကြောင့်ခြေအချော် ဟန်ချက်ပျက်ပြီး

အောက်ကိုလျောကျသွားပါတယ်။

ကျနော်လဲ ကင်မရာထိမှာစိုးလို့ရော

အောက်ဆင်းတဲ့အရှိန်ရော့သွားအောင်ဆိုပြီး

ကိုယ်တစ်ပါတ်လှည့်ပြီးမြေကြီးပေါ်ကိုကျောခင်းချလိုက်ပါတယ်။

ကျနော်လမ်းပြကောင်လေးက ကျနော့်ကိုဆွဲမယ်လုပ်တော့ မဆွဲနဲ့ပြောပြီး

ကျနော်အရှိန်လျော့သွားအောင် ခြေထောက်နဲ့လှမ်းပြီး ကန်ခိုင်းလို်က်ပါတယ်။

အဲလို့နဲ့ပေ၂ဝလောက်အောက်ကိုလျောကျ လမ်းမှာရှိနေတဲ့သစ်ပင်ကို

ခြေထောက်နဲ့ထိမိမှရပ်သွားပါတော့တယ်။

ခြေချော်သွားတဲ့အချိန်ကတော့ သွားပြီလို့တွက်မိလိုက်ပါတယ်။

5 လျောမကျခင်လေး ရိုက်ထားတဲ့ပုံ

5 လျောမကျခင်လေး ရိုက်ထားတဲ့ပုံ (ခြိုက်)

နောက်တစ်ခါကတော့ သူများမြို့ရွာမှာပါ။

ကျယ်ခေါင်မြို့ရဲ့အထိမ်းအမှတ်လို့ပြောနိုင်တဲ့ အောက်ပိုင်းက လေးထောင့်စပ်စပ်

ရှည်မြောမြော ထိပ်မှာဘုလုံးကြီးရှိတဲ့အဆောက်အဦးတစ်ခုရှိပါတယ်။

ရွှေနဂါးဟိုတယ် လို့ခေါ်ပါတယ်။

တစ်ရက် ကျနော်မိတ်ဆွေ ကိုစိန်ဝင်းရယ် ကိုခင်မောင်ထွေးရယ် အဲဒီအပေါ်ကနေ

တက်ပြီး ဓါတ်ပုံရိုက်ဖြစ်ဘို့အခွင့်အရေးရလိုက်ပါတယ်။

အဲခေါင်မုးိပေါ်ကိုတက်ပြီး ဓါတ်ပုံရိုက်ခွင့်မပြုပါဘူး။

အဲဒီအဆောက်အဦးက ၂၂ထပ်ဆိုတော့ အတော်လေးမြင့်ပါတယ်။

ဒါနဲ့ဘဲဓါတ်လှေခါးနဲ့ထိပ်ဆုံးထိတက်ပြီး ဘုလုံးကြီးရဲ့အောက်ခြေကိုရောက်သွားပါတယ်။

အဲဒီအောက်ရောက်တော့ ကာထားတဲ့နံရံတွေကြောင့်အောက်ကိုမမြင်ရဘူးဖြစ်သွားပါတယ်။

ဒါနဲ့ဘဲ 7 ပေလောက်မြင့်တဲ့ရေလှောင်ကန်ပေါ်ကိုတက်ကြည့်တော့ အဲပေါ်မှာကရိုက်စရာနေရာမရှိ။

သူ့ရှေ့မှာတော့ ၅ပေလောက်အကျယ်ရှိတဲ့ နေရာလေးကိုတွေ့လိုက်ရပါတယ်။

ဒီတော့အဲ့ပေါ်ကိုတက်ပြီး ကြည့်လိုက်တဲ့အခါ ဓါတ်ပုံရိုက်ဘို့မြင်ကွင်းကောင်းတာကိုတွေ့ရပါတယ်။

သုံးယောက်သား ထရိုင်ပေါ့တွေ ကင်မရာတွေအရင်တင် လူက တစ်ယောက်ချင်းဆီတက်ပြီး

ဓါတ်ဖမ်းမယ်လို့ပြင်ဆင်နေချိန် အောက်က တစ်ယောက်က လှမ်းပြောပါတယ်။

သံပြားပေါ်မတက်နဲ့ သံဘရက်ကက်တန်းပေါ်မှာထိုင်ရိုက်ပါ ဆိုပြီးတော့ပေါ့။

ကိုစိန်ဝင်းကတော့မကြောက်မရွှံ့ ဟိုးတောင်ဘက်အဖျား ထိလမ်းလျောက်သွား။

ကိုခင်မောင်ထွေးကတော့ အလည်မှာ

ကျနော်က မြောက်ဘက်အစွန် မှာ နေပြီးဓါတ်ဖမ်းကြပါတယ်။

ဓါတ်ဖမ်းနေရင်းအိုက်လာတော့ အနွေးထည်တွေချွတ်လိုက်ရပါတော့တယ်။

သိပ်မကြာကိုခင်မောင်ထွေးက အောက်ဆင်းသွားပါတယ်။

မူးလို့ ဆိုပြီး။

ကျနော်တို့ဓါတ်ဖမ်းပြီး အောက်ရောက်လာတော့

ကိုထွေးဘာဖြစ်တာလဲလို့မေးလိုက်တော့

“တွေးရင်ကျောချမ်းလာလို့

အောက်ငုံ့ကြည့်မိတော့ပိုဆိုးသွားတယ်။

ကျနော်တို့ရှေ့မှာဘာမှမရှိ။

မတော်လို့ကျလိုက်ရင် အရိုးအသားတစ်ခြားစီ။

နောက်ကျနော်တို့ထိုင်ရိုက်တဲ့နေရာက သံပြားက ပါးပါးလေးနဲ့သံပုံးကြီး

လုပ်ထားတာလေ။

၈ပေအမြင့်ရှိတယ်။

မတော်လို့ကျွံကျ လိုက်ရင် ဘာအခုအခံမှမရှိဘူး”

လို့ပြောသံကြားမှ ကျောချမ်းသွားမိတာမှန်ပါဘဲ။

6 အဝေးကမြင်ရတာက 18ထကမြင့်တဲ့ အဆောက်အဦ

6 အဝေးကမြင်ရတာက 18ထကမြင့်တဲ့ အဆောက်အဦ

အဲလိုအဆင်မပြောတာတွေဘဲပြောပြနေမိပေမယ့်

ပျော်စရာကောင်းတဲ့ခရီးတစ်ခုကိုလည်းသတိရမိပါတယ်။

မနှစ်တပေါင်းလပြည့်နေ့က သီပေါဘော်ကြိုပွဲကိုသွားခဲ့တာလေးကိုပြောပြချင်ပါသေးတယ်။

သီပေါ က အကိုအေးကျော်က သူ့ဆီလာဘို့ ဓါတ်ဖမ်းဘို့ပြောနေတာကြာလှပါပြီ။

ကိုစိန်သော့ Mလုလင်တို့နဲ့ချိန်းလိုက်တော့ သွားမယ်ဆိုတာနဲ့အမြန်စီစဉ်ပါတော့တယ်။

ဒုဌဝတီမန်းနဲ့ကားလက်မှတ်သုံးယောက်စာဖြတ်ထား၊

လုလင်က ည ကားနဲ့ရန်ကုန်ကနေ မန်းလေးကိုတက်လာ မနက်စောစောသူ့ကိုသွားကြို

အိမ်ခဏဝင် ကိုစိန်သော့ကိုဝင်ခေါ်ပြီးတော့ လမ်း60ကားဝင်းကိုသွား အားလုံးအချိန်ကိုက်လုပ်ရတာပေါ့။

ကျနော်တို့ရောက်လို့မကြာခင်ကားထွက်ပါတော့တယ်။

သီပေါကို နေ့လည် ဆယ်တစ်နာရီလောက်ရောက်။

အကိုအေးကျော်ကဆိုင်မှာထမင်းလိုက်ကျွေးတာစား။

အိမ်မှာခဏနားပြီး ဘော်ကြိုပွဲကို ချီတက်လို့ ဓါတ်ပုံရိုက်ကြပါတယ်။

အကိုအေးကျော်က ကားစီစဉ်ပေးထားတော့အရမ်းအဆင်ပြေပါတယ်။

HsiPaw Fan မှာဆုံနေကြ ကိုဝင်းသောင် ကို ဘုရားပွဲအသွားဝင်ခေါ်။

ဘုရားရောက်တော့ ဘုရားအကျိုးဆောင်နေတဲ့အကိုတင်ထူးနဲ့တွေ့အပြီး

ပွဲခင်းထဲမှာလမ်းသလားရင်းလက်ဆော့ကြပါတော့တယ်။

ထူးထူးခြားခြား သွားနေတဲ့ရထားကိုရပ်ပြီး ဘော်ကြိုဘုရားနဲ့တွဲပြီးဓါတ်ပုံရိုက်နိုင်အောင်

စီစဉ်ပေးတဲ့အကိုထူးရဲ့အစွမ်းကတော့အံ့မခန်းပါဘဲ။

အဲပွဲတော်မှာရိုးသားလှတဲ့တိုင်းရင်းသားတွေရဲ့သဘာဝပုံတွေရလိုက်ပါတယ်။

ဘုရားပွဲကအပြန် နာမယ်ကျော်သိမ်တောင်ကိုအသွားလမ်းမှာရှိနေတဲ့

မျက်စေ့ဝေဒနာရှင်များကို ဆေးကုသဘို့စီစဉ်ပေးနေသူ

သီတဂူဆရာတော်ကိုဝင်ဖူးမျှော်ခဲ့ကြပါတယ်။

ဆရာတော်ကလဲဓါတ်ပုံဝါသနာရှင်တစ်ဦးပါဘဲ။

သိမ်တောင်ပေါ်ကိုတက်ပြီးဓါတ်ပုံတွေရိုက်ပြီးလို့

အပြန်မှာတော့ အကိုအေးကျော်အိမ်ကချက်ကြွေးတဲ့ထမင်းကို တဝစား အပြီးမှာ

ဆောက်လက်စ ဓမ္မာရုံကြီးပေါ်ကိုတက်ကြည့်ကြပါတယ်။

နောက်နေ့မနက်မှာတော့ သီပေါပုဂံ လို့တင်စားထားတဲ့

နိုင်ငံခြားသားတွေအမြဲလာလေ့ရှိတဲ့ “မဟာနန္ဒာကန်သာကျောင်း”ရှေးဘုရားတွေဆီကိုသွားဓါတ်ပုံရိုက်ကြပါတယ်။

6 သဘာဝ တံခါး

6 သဘာဝ တံခါး(အဲဒီအထဲမှာ ရွာသားပါတယ်)

အဲဒီကိုမသွားခင် မနက်စာ စားနေချိန်မှာ ဖေစ်ဘုတ်က မိတ်ဆွေဖြစ်သူ

မနန်းလွင်လွင်အောင် က လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်နဲ့

ဈေးမသွားခင် အပြေးအလွှားလာလို့နုတ်ဆက်သွားပါသေးတယ်။

 

ကျနော်တို့အတွက် အကိုအေးကျော်က အတော်ကို အပင်ပန်းခံပြီးစီစဉ်ထားပါတယ်။

အကိုအေးကျော်ရဲ့တပည့်နှစ်ယောက်နဲ့ဆိုရင် ဆိုင်ကယ်သုံးစီး လူခြောက်ယောက်

သွားကြမှာပါ။

သီပေါကနေ ကျောက်မဲ ကိုသွား  ပြီးရင်းဂုတ်တွင်းမှာဓါတ်ပုံရိုက်။

အဲဒီကမှတစ်ဆင့် နောင်ချိုကနေ ကားစောင့်စီးကြမှာပါ။

ကန်သာကျောင်းကအပြန်မှာအိမ်ကိုဝင်။

ကင်မရာကိုဘဲချန်ထားပြီး ကျနော်တို့ပစ္စည်းတွေကို ကားဂိတ်ကိုပို့ဘို့စီစဉ်

နောင်ချိုကနေစောင့်စီးမယ်လို့မှာအပြီး ခရီးဆက်ခဲ့ကြပါတယ်။

အကိုအေးကျော်နဲ့ကိုစိန်သော့ကတစ်စီး။

မောင်ယဉ်အောင်နဲ့အကိုအေးကျော်တပည့်လေးကတစ်စီး။

ကျနော်နဲ့နောက်တစ်ယောက်က တစ်စီးပေါ့။

ကျနော်ကထိုင်မလိုက်ချင်တော့ ကိုယ်တို်င်မောင်းပါတယ်။

သီပေါကနေကျောက်မဲကိုအရင်ဝင် မြို့အနောက်မြောက်ဘက်က ငြိမ်းချမ်းရေးကုန်းဆိုတဲ့

ဘုရားကိုဝင်ပြီးဓါတ်ပုံတွေရိုက်ကြပါတယ်။

ကိုရင်လေးတွေ သန့်ရှင်းရေးလုပ်နေတဲ့ပုံကောင်းတွေရခဲ့ပါတယ်။

အဲ့ကအပြန်မှာထမင်းဝင်စားပြီးခရီးဆက်။

7 သီပေါ က ရှေးပုဂံခေတ်က ဘုရား

7 သီပေါ က ရှေးပုဂံခေတ်က ဘုရား(ရွာသားရောက်နေပါတယ်)

ဂုတ်တွင်းရူ့ခင်းသာမှာ နေပူကျဲကျဲမှာဓါတ်ဖမ်းကြပါတယ်။

ဂုတ်တွင်းကပြန်အဆင်းမှာတော့ ဂုတ်တွင်းအောက်မှာရှိတဲ့စမ်းချောင်းမှာဓါတ်ပုံဝင်ရိုက်။

အစကသွားမယ်လို့ရည်ရွယ်ပေမယ့် မသွားဖြစ်ခဲ့တဲ့ ဂုတ်ထိပ်တံတားကိုအဝေးကနေလှမ်းရိုက်

လို့ဝတော့မှနောင်ချိုုမြို့ကိုဆက်သွားပြီးအအေးဆိုင်ထို်င်ကြပါတယ်။

ကားက ညနေလေးနာရီလောက်မှဝင်မယ်ဆိုတာနဲ့ နောင်ချိုမြို့မှာရှိတဲ့

ကမ္ဘာအေးစေတီကိုသွားဖူးကြပါတယ်။

အဲဒီကအပြန်မှာတော့ သီပေါကနေလာမယ့်ကားကိုစောင့်ရင်းစကားတွေပြောနေလိုက်တာ

အကိုအေးကျော်တို့ သီပေါကို ပြန်ရမယ်ဆိုတာကိုတောင်မေ့နေပါတယ်။

ငါးနာရီလောက်မှ အကိုအေးကျော်တို့လဲပြန်ဘို့သတိရပါတယ်။

(နောက်မှသိရတဲ့အဲဒီနေ့က ညရှစ်နာရီကျော်မှ အကိုအေးကျော်တို့သီပေါကိုပြန်ရောက်ပါသတဲ့)

ငါးနာရီကျော်လို့ကားလာတော့ကျနော်ညောင်းကိုက်ပြီးအိပ်ပျော်သွားပါတယ်။.

ဟိုဝင်ဒီထွက်နဲ့မိုင်80ကျော်လောက်ဆိုင်ကယ်မောင်းလိုက်ရတယ်ထင်ပါတယ်။

မှတ်မှတ်ရရ ကျောက်မဲအကျဉ်းသားရုပ်ရှင်ထဲက ဝင်းဦးခုန်ချခဲ့တဲ့တံတားပေါ်မှာ

တက်ပြီးဓါတ်ဖမ်းခဲ့ပါသေးတယ်။

8 နာမယ်ကျော်ဂုတ်တွင်း

8 နာမယ်ကျော်ဂုတ်တွင်း

ပင်ပန်းပေမယ့် အတော်ပျော်ခဲ့ရတဲ့ဓါတ်ဖမ်းခရီးလေးကတော့မမေ့နိုင်စရာပါဘဲ။

ကျနော်အတော်ကိုရိုက်ချင်လွန်းတဲ့ဂုတ်တွင်းကိုရိုက်ခဲ့ရတော့ စိတ်ထဲမှာကျေနပ်ပါတယ်။

ကျေးဇူးပါ အကိုအေးကျော်နဲ့သီပေါက အဖွဲ့သားများခင်ဗျား။

 

 

အခုလက်ရှိမှာတော့ ကျနော်ဓါတ်ပုံတွေအောက်မှာ အရင် ရေးခဲ့တဲ့ tag ကိုမသုံးတော့ဘဲ

အသစ်ပြောင်းလိုက်ပါတယ်။

ဓါတ်ပုံဆိုတာ အလင်းပုံရိပ်ကိုဖမ်းယူထားတာပါဘဲ။

ဒါကြောင့် “ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ”ဆိုပြီး အမည်ပြောင်းလိုက်ပါတယ်။

မိတ်ဆွေကြီးရွှေအိမ်စည်က ဘဲ ဒီနာမယ်နဲ့ဓါတ်ပုံဂရုလေးထပ်လုပ်ပေးပါတယ်။

ဒီဂရုလေးကတော့ ဓါတ်ဆရာများ ပါဝင် ပြီးပုံတွေတင်နိုင်ပါတယ်။

(ဒုတိယပိ္မကျေးဇူးပါရွှေအိမ်စည်ရေ)

နောက်တော့လဲအများပုံတင်နိုင်တဲ့ဂရုမှာကိုယ့်နာမယ်တပ်ထားတာ မသင့်တော်ဘူးလို့

တွေးမိတာနဲ့ “လှပသော အလင်းပုံရိပ်များ” လို့နာမယ်ပြောင်းလိုက်ပါတယ်။

ကိုယ့်အကြောင်းကိုယ်ပြန်တွေးမိတော့

၂၀၁ဝခုနှစ်ကစပြီးဓါတ်ဖမ်းလာခဲ့တာ

သီအိုရီမသိ ဘာမသိနဲ့

မြင်မြင်သမျှ လက်ဆော့ လာခဲ့တဲ့နှစ်တွေမနည်းတော့ပါဘူး။

ဓါတ်ပုံနဲ့ပါတ်သက်ရင်

မှတ်တမ်းသမားလား သတင်းသမားလား အလှရိုက်သူလား

သဘာဝမြင်ကွင်းကို ရိုက်သူလား  လို့ ပြန်မေးခွန်းထုတ်ရင်

ဘာမှ သီးသန့်မရှိတဲ့ ရောကျော်ဓါတ်ဖမ်းသူဘဲဖြစ်နေပါတယ်။

ပြိုင်ပွဲတွေမှာ ဓါတ်ပုံရ ဘူးခြင်းလဲမရှိ

ဓါတ်ပုံ ပြပွဲမှာ ဓါတ်ပုံရောင်းရဘူးခြင်းလဲမရှိ

ကြံဖန်ပြီး ပြောရရင်တော့ သူငယ်ချင်းရဲ့ ညီတစ်ယောက်က

တော့ ကျနော့်ဓါတ်ပုံဝယ်ပြီး ပိုစ်ကဒ်လေးပုံ ထုတ်ပေးဘူးတာဘဲရှိပါတယ်။

ဒါပေမယ့် ဘယ်လိုအနေအထားမှာဘဲဖြစ်နေပါစေ

ကျနော်ပုံတွေကို  အဆင့်မှီတယ်လို့ သတ်မှတ်သည်ဖြစ်စေ

မမှီဘူးလို့သတ်မှတ်သည်ဖြစ်စေ

ကျနော်ကတော့ အခါအခွင့်သင့်ရင်

ဓါတ်ဖမ်းနေအုံးမှာအသေအချာပါဘဲ။

ဘာလို့လဲလို့မေးရင် ကျနော်ဓါတ်ဖမ်းရတာကို နှစ်သက်လို့ပါ။

စိတ်ရှည်လက်ရှည်စောင့်ဖတ်သူများကိုကျေးဇူူးတင်ပါတယ်ခင်ဗျား

အမှတ်တရ နေ့စွဲများ

အမှတ်တရ နေ့စွဲများ

(ပြီးပါပြီ)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

30-3-2015

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။