မြစ်ဆုံပြဿနာ အပိုင်း ( ၄-၅ ) – မောင်မောင်စိုး
မောင်မောင်စိုး – မြစ်ဆုံပြဿနာ – အပ်ိုင်း (၄)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ဆုံအနီးမြင်ကွင်း (Photo : Internationl rivers network) |
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၆
● မြစ်ဆုံစီမံကိန်းရပ်တန့်ခြင်း
၂၀၁၁ စက်တင်ဘာလတွင် မြစ်ဆုံစီမံကိန်းအား သူ၏ သမတသက်တမ်းအတွင်း ရပ်တန့်လိုက်ကြောင်း သမတဟောင်း ဦးသိန်းစိန်က ကြေငြာခဲ့သည်။ ဦးသိန်းစိန်အနေနှင့် ဤဆုံးဖြတ်ချက်အား ၎င်းတို့နှင့် တိုင်ပင်ခြင်းမရှိဘဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဤဆုံးဖြတ်ချက်သည် တာဝန်မယူရဲသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု CPI ယူနန် ဒုဥက္ကဌ Cao Junhua က ဆိုသည်။
ဦးသိန်းစိန်၏ ဤဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အမျိုးမျိုးသုံးသပ်များရှိကြသည်။ အချို့ကမူ ဦးသိန်းစိန် ဤဆုံးဖြတ်ချက်ချခြင်း သည် လူထု၏ဆန့်ကျင်မှု၊ မီဒီယာများ၏ထောက်ပြမှုကို အလေးထားစဉ်းစားခဲ့ခြင်းကြောင့်ဟု ဆိုသည်။ အချို့ကမူ လူထု မည်မျှ ဆန့်ကျင်သည်ဖြစ်စေ လက်ပတောင်းတောင်စီမံကိန်းကဲ့သို့ ဆက်လုပ်ခြင်သည့်စီမံကိန်းများကို လူထုနှင့် သွေးမြေကျ အဓိကရုဏ်းများပင် ရင်ဆိုင်ပြီးလုပ်လေ့ရှိရာ လူထုဆန့်ကျင်မှုသက်သက်ကြောင့် မဖြစ်နိုင်ဟု ဆိုကြသည်။ ထို့ပြင် ဥိီးသိန်း စိန်အစိုးရအထိ စစ်ဗိုလ်ချုပ်ကြီးများသည် တိုင်းပြည်၏စီးပွားရေးလုပ်ငန်းကြီးများနှင့်ပတ်သက်၍ လူထုအားမျက်နှာမူချပြ လေ့မရှိရာ လူထုဆန့်ကျင်မှုသက်သက်ကြောင့် ဤစီမံကိန်းကြီး ရပ်တန့်ထားသည်ဟု ယူဆဘွယ်မရှိပေ။
ထို့ကြောင့် မြစ်ဆုံစီမံကိန်းရပ်တန့်လိုက်ခြင်းသည် ဦးသိန်းစိန်အစိုးရသည် လူထုထောက်ခံမှုရရှိအောင် ဆောင်ရွက်ခြင်းအပြင် အခြားမည်သည့်အကြောင်းများရှိသနည်းဟု စဉ်းစားဘွယ်ဖြစ်သည်။ နဝတ/နအဖ ခေတ်ကာလတလျောက် အနောက်တိုင်း ၏ပိတ်ဆို့ခြင်းခံခဲ့ရသည့် စစ်ဗိုလ်ချုပ်ကြီးများအဖို့ အနောက်တိုင်းနှင့်ဆက်ဆံရေးကောင်းရန် ရည်ရွယ်ပြီး တရုတ်နှင့်လုပ် နေသော မြစ်ဆုံစီမံကိန်းကို ရပ်တန့်ဆိုင်းငံ့၍ အနောက်ကို မျက်စပစ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆဘွယ်ဖြစ်သည်။ သို့မဟုတ် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအရေးကြောင့်လော အမျိုးမျိုး စဉ်းစားဖွယ်ဖြစ်သည်။
ဤတွင် စဉ်းစားဖွယ်ရာမှာ တရုတ်နှင့်မြန်မာတို့ချုပ်ဆိုထားသည့် မြစ်ဆုံစာချုပ်ပါ အချက်အလက်များဖြစ်သည်။ ယနေ့တိုင် လူထုကြားသို့ ချပြနိုင်ခြင်းမရှိသေးသည့် ၎င်းစာချုပ်တွင် မည်သည့်အချက်များပါဝင်သနည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ် သည်။ ၂၀၁၄/၂၀၁၅ ဝန်းကျင် CPI တာဝန်ရှိသူတစ်ဦး မြစ်ဆုံစီမံကိန်းရပ်တန့်ခြင်းအတွက် CPI အနေနှင့် တရားစွဲဆိုသွားမည် ဟုပြောသည့်အချိန်တွင် သမတရုံးညွှန်ကြားရေးမှူးးဦးဇော်ဌေးက နိုင်ငံတကာတရားဥပဒေအတိုင်း တုန့်ပြန်ရင်ဆိုင်သွားရန် အသင့်ရှိကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။ ထို့နောက်တွင်တော့ CPI မှ မည်သည့်တုန့်ပြန်မှုမှ မတွေ့ရတော့ပေ။
ထို့ကြောင့် စိတ်ဝင်စားဘွယ်ကောင်းသည်မှာ စာချုပ်ပါအချက်များဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန် ရပ်တန့်နိုင်ခြင်းမှာ စာချုပ်ပါ မည်သည့်အချက်ကြောင့်ပါနည်း။ မည်သို့သောအချက်ကြောင့် တရုတ်တို့ ၄ နှစ်ကျော် ရပ်ဆိုင်း၍သွားပါသနည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ စာချုပ်ပါမည်သည့်အချက်ကြောင့် တရုတ်တို့ ဦးသိန်းစိန်၏ ရပ်တန့်မှုကို လက်ခံလိုက် ရသနည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ထို့အတူ တရုတ်တို့နှင့် နှစ်ပေါင်းများစွာ လုပ်ငန်းများစွာ ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံနေခဲ့သော စစ်ဗိုလ်ချုပ်ကြီးများအနေနှင့် မည်သည့်ဆွေးနွေးညှိနှိုင်းမှုမှမပြုလုပ်ဘဲ မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက် သည်ဆိုသည်မှာလည်း အံ့အားသင့်ဘွယ်ဟု ဆိုရပေမည်။
နအဖ စစ်ဗိုလ်ချုပ်ကြီးများနှင့်အစပြုထားသော အဆိုပါမြစ်ဆုံစီမံကိန်းအား ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်ကြီးများ ဆက်လက် အုပ်ချုပ်သည့် သမတဦးသိန်းစိန်အစိုးရလက်ထက်တွင် တရုတ်တို့ အပြီးသတ်ဆွေးနွေးဆုံးဖြတ်နိုင်ခြင်းမရှိသည်မှာလည်း မည်သည့်အကြောင်းအချက်ကြောင့်ဖြစ်သည်ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ဟုဆိုရမည်။
● မြစ်ဆုံစီမံကိန်းနှင့် NLD အစိုးရသစ်
NLD အစိုးရသစ်အတွက်တော့ မြစ်ဆုံစီမံကိန်းသည် မလွဲမရှောင်သာဖြေရှင်းရမည့်ကိစ္စတခု ဖြစ်သော်လည်း အကြပ် အတည်းတခုတော့ ဖြစ်ဖွယ်မရှိပေ။ မြစ်ဆုံစီမံကိန်းစာချုပ်အား လူထုအားချပြပြီး လူထုအဆုံးအဖြတ်ရယူသွားမည့်ဟု ဒေါ် အောင်ဆန်းစုကြည်က ကတိပြုထားပေသည်။ ထိုအချိန်တွင် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ အကောင်းအဆိုးကို လူထုအနေ နှင့် သုံးသပ်နိုင်ဘွယ်ရှိသည်။
တရုတ်တို့အနေနှင့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ အစိုးရသစ်လက်ထက်တွင် အပြီးအပြတ်အဖြေတခုရရန် ကြိုးစားသွား ဖွယ်ရှိသည်။ အစိုးရသစ် အာဏာလွှဲပြောင်းမယူသေးမ်ီပင် တရုတ်သံအမတ်က မြစ်ဆုံစီမံကိန်းအတွက် လောဆော်နေ သည်ကို ကြားနေရပြီ ဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်ကြိီးများနှင့်ပြုလုပ်ခဲ့သော မြစ်ဆုံစီမံကိန်းကို အရပ်သားအစိုးရလက်ထက် မှ လက်စသတ်ရန်ကြိုးစားသည်ကို ကြည့်ခြင်းအားဖြင့် ဤပြဿနာကိုဖြေရှင်းရန်အတွက် တရုတ်တို့အတွက်ဖေါ်မပြနိုင်သော အကြပ်အတည်းရှိပုံရပြီး အရပ်သားအစိုးရအတွက် အကြပ်အတည်းရှိဖွယ်ရာ မမြင်ရပေ။
မည်သို့ဆိုစေ ဖြေရှင်းရမည့်ပြဿနာဖြစ်သည်။ တရုတ်တို့အဖို့လည်း ၎င်းစီမံကိန်းနှင့် ပတ်သက်ပြီး ငွေကြေးအရင်းအနှီးများစွာကုန်ကျထားသည်လည်းအမှန်ပင်ဖြစ်သည်။ အစောပိုင်း ၂၀၁၄ ပတ်ဝန်းကျင်က CPI အရာရှိတစ်ဦး၏ ပြောဆိုချက်အရ မြစ်ဆုံစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ခန့်ရှိပြီဟု ဆိုခဲ့သည်။ ၂၀၁၅ အောက်တိုဘာ ၁ရ ရက်နေ့ ယူနန်ပြည်နယ် ခွင်းမင်မြို့ရှိ CPI ရုံးတွင် မြန်မာသတင်းမားအချို့နှင့်တွေ့ဆုံရာတွင် CPI ယူနန်၏ ဒုဥက္ကဌဖြစ်သူ Cao Junhua က မြစ်ဆုံစီမံ ကိန်းတွင်ကုန်ကျခဲ့သည့်ငွေမှာ တရုတ်ငွေ 7.2 ARMB ဘီလီလျံခန့် ရှိပြီဆိုပါသည်။ အမေရိကန်ဒေါ်လာ သန်း ၁၀၀ဝ ခန့် ဟုဆိုရပါမည်။
တရုတ် CPI ၏ ကုန်ကျငွေများမှာ …
၁။ မြစ်ဆုံ၊ ချီဗွေ၊ လာဆာခေါ် မလိယန် ရေအားလျှပ်စစ်တည်ဆောက်မည့်နေရာ ၃ ခုတွင် မြေသားတိုင်းထွာစမ်းသပ်ခြင်း။ ရေစီး ရေလာ တိုင်းထွာခြင်း။
၂။ ဆည်ဆောက်မည့် နေရာ ရ နေရာတွင် EIA သဘာဝပတ်ဝန်းကျင်အကျိုးသက်ရောက်မှု အကဲဖြတ်ခြင်း။
၃။ မေခမြစ်အတွင်း စီးဝင်သည့် ချီဗွေချောင်းပေါ် (ချီဗွေ မြို့အနီး) ၌ ရေအားလျှပ်စစ်စက်ရုံတခု ဆောက်လုပ်ခြင်း။ ၂၀၁၃ စက်တင်ဘာလတွင် တည်ဆောက်ပြီးစီးသည်။
၄။ ဆည်ကြောင့် ရေမြုပ်ဧရိယာတွင်းကျရောက်သော ရွာများရွှေ့ပြောင်းနေရာချထားခြင်းစားရိတ်နှင့် လျော်ကြေးငွေများ။
၅။ အထွေထွေတို့ ဖြစ်ကြသည်။ ကုန်ကျငွေနှင့်ပတ်သက်၍ တရုတ် CPI ၏ ဖေါ်ပြချက်သာဖြစ်သည်။
ထို့ပြင် CPI ယူနန် ဒုဥက္ကဌ၏အဆိုအရ စီမံကိန်းရပ်တန့်လိုက်၍ ဒေါ်လာ သန်း ၁၀ဝ ခန့်ဆုံးရှုံးခဲ့ပြီး နှစ်စဉ်လည်း ဆုံးရှုံးနေ သည် ဟုဆိုပါသည်။ မည်သို့ပင်ဖြစ်စေ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းတခုရပ်ဆိုင်းခံထားရ၍ ငွေကြေး အရဆုံးရှုံးမှုရှိမည်ကတော့ အသေအချာဖြစ်သည်။ ငွေကြေးအပြင် CPI အနေနှင့် စီမံကိန်း ရာထားချက်များပျက်ပြယ် ခဲ့သည်ဟုဆိုသည်။ မြစ်ဆုံစီမံကိန်းပြီးဆုံးချိန်နှင့်ကိုက်၍ လျှပ်စစ်ဓါတ်အားပြန်လည်ရောင်းချရန် ချုပ်ဆိုထားသော စာချုပ် များလည်း ပျက်ပြယ်ခဲ့ရသည်ဟု ဆိုပါသည်။
တချိန်တည်းတွင် မြန်မာပြည်တွင်လည်း တန်ဖရဲရွာအပါ ပြောင်းရွှေ့ခံထားရသော ကျေးရွာအများအပြားမှာလည်း မိမိဇာတိ ဒေသသို့ ပြန်လည်းမရ။ စီမံကိန်းမှာလည်း မပြီးမပြတ်ဖြစ်နေရာ အဖြေတခုထွက်ရန် ပြတ်သားသည့်ဆုံးဖြတ်ချက်ချရန် လိုအပ်နေပေသည်။
ဧရာဝတီနှင့် ရှင်သန်ကြသူများ (Photo : The Gerdian) |
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ အမေရိကန်အခြေစိုက် STIMSON သုတေသနဌာနမှ တရုတ်နိုင်ငံခြားဆက်ဆံရေးသုတေသီ ယွင်ဆွန် Yun Sun ၏အဆိုအရ တရုတ်တို့က အစိုးရသစ်အား မြစ်ဆုံကိစ္စအား တွန်းအားပေးနေခြင်းသည် NLD အစိုး ရသစ်အား စူးစမ်းလေ့လာနေခြင်းဖြစ်ပြီး မဖြစ်နိုင်ပါက တရုတ်နောက်ဆုတ်သွားမည်သာဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ထို သို့ တရုတ်တို့နောက်ဆုတ်ပေးရပါက ထိုက်သင့်သောလျော်ကြေးကို မြန်မာတို့ပေးရလိမ့်မည်ဟု ယွန်ဆွန်က ဆိုပါသည်။
၂၀၁၅ အောက်တိုဘာလအတွင်း မြန်မာသတင်းသမားအချို့နှင့်တွေ့ဆုံစဉ် CPI ၏ဒုဥက္ကဌ Cao Junhua ၏ပြောကြားချက် အရ တရုတ်တို့အနေနှင့်မြစ်ဆုံစီမံကိန်းတွင် မဖြစ်မနေ တွယ်ကပ်နေမည်မဟုတ်ကြောင်း “သစ်ပင်တပင်အောက်တွင် ချည် ၍ အသေခံမည်မဟုတ်” ဆိုသည့် တရုတ်စကားပုံကိုကိုးကား၍ ဆိုခဲ့သည်။ CPI အနေနှင့် လက်ရှိတွင် အခြားနိုင်ငံများ၌ ရေအား လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေရာ ၄၀၀၀ဝ မဂ္ဂါဝပ် ခန့် ထုတ်လုပ်ထွက်ရှိနေသည်ဟု ဆိုပါသည်။
သို့ဖြစ်ရာ တရုတ်အစိုးရအနေနှင့်၎င်း CPI အနေနှင့်၎င်း မြစ်ဆုံစီမံကိန်းအား မဖြစ်မနေ တွယ်ကပ်လုပ်ကိုင်မည်ဆိုသည့်သ ဘောထက် ပြီးပြီးပြတ်ပြတ်ဖြစ်သော ဆုံးဖြတ်ချက်တခုကို ရယူလိုပုံရသည်ဟု ဆိုရပါမည်။
● လျော်ကြေး
အကယ်၍သာ မြစ်ဆုံစီမံကိန်းကိုရပ်ဆိုင်းပါက လျော်ကြေးပြဿနာသည် ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။ တရုတ်တို့စိုက်ထုတ် ကုန်ကျခဲ့သည်များ စီမံကိန်းရပ်ဆိုင်း၍ နစ်နာခဲ့သည်များသည် ထည့်သွင်းတွက်ချက်ရမည့် အချက်အလက်များဖြစ်လာ ပေလိမ့်မည်။ မည်သို့ဆိုစေ CPI အနေနှင့် ယခင်မြန်မာအစိုးရနှင့်သဘောတူညီမှုရယူဆောင်ရွက် ကုန်ကျခဲ့သည်ဖြစ်ရာ လက်ရှိမြန်မာပြည်အစိုးရအဖို့ ရှောင်လွှဲ၍ရသည့်ကိစ္စမဟုတ်ပေ။
အချို့ တက်ကြွ၍ တတ်နိုင်သူအချို့ကတော့ တဦးချင်း ပုဂ္ဂလိကပိုင်ငွေကြေးကို စိုက်ထုတ်ပေးလျော်မည်ဟုဆိုသည်။ မည် သို့ လျော်သည်ဖြစ်စေ တိုင်းပြည်၏ နိုင်ငံခြားငွေနှင့် လျော်ရမည်သာဖြစ်သည်။
မြန်မာပြည်ကဲ့သို့ ဆင်းရဲသော ဖွံ့ဖြိုးမှုနိမ့်ကျနေသော တိုင်းပြည်တခုအဖို့ ဒေါ်လာသန်းထောင်ချီလျော်ဖို့ဆိုသည်မှာ လွယ် ကူလှသည်မဟုတ်ပေ။ တိုင်းပြည် ဘက်စုံမှ ဖွံ့ဖြိုးတိုးတက်ရန် ရုန်းကန်နေသည့်ကာလတလျောက် ထိုသို့လျော်ကြေးပေးသည့် လမ်းကြောင်းကိုရွေးချယ်ခြင်းသည် သင့်တော်သည့်ရွေးချယ်မှု ဖြစ်မည်မဟုတ်ပေ။
အချို့ဆိုနေသကဲ့ စည်းကမ်းနည်းလမ်းတကျဆောင်ရွက်ခြင်းမရှိသည့် တရုတ် CPI အား ပြန်လည်တရားစွဲဆိုရေးဆိုသည် မှာလည်း ဖြစ်နိုင်မည်မဟုတ်ပေ။ တရုတ်တို့အနေနှင့် မိမိထင်ရာလုပ်ခဲ့သည်ဟု မည်သို့ပင်စွပ်စွဲသော်လည်း တရုတ်တို့လုပ် သမျှသည် ယခင်မြန်မာအစိုးရများ သဘောတူခဲ့သာကြောင့် တရုတ်တို့အားတရားစွဲသည်ဆိုသည်ထက် ကိုယ်ပေါင်ကိုယ် လှန်ထောင်းစရာသာ ရှိပေသည်။
ထို့ပြင် အချို့ဆိုသကဲ့ မြစ်ဆုံစီမံကိန်းမှ မြန်မာ့သယံဇာတများအား ကားကြီးကားငယ်ဖြင့် တရုတ်ပြည်သယ်သွားသည်ဟူ၍ စွပ်စွဲသည့်ကိစ္စမှာ အားလုံးလက်ခံနိုင်သည့်ဆိုရလျှင် တရားရုံးများက လက်ခံနိုင်သည့် သက်သေအထောက်အထား ခိုင်လုံ စွာ ဖေါ်ပြနိုင်မှဖြစ်ပေမည်။ သာမန်စွပ်စွဲ ပြောဆိုချက်များကိုယူ၍ အခိုင်အမာ အလုပ်လုပ်၍ မရပေ။ အထောက်အထား ခိုင်ခိုင်မာမာ ရှိသည်ဆိုပါက ကောင်းလေစွဟုဆိုနိုင်ပေလိမ့်မည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်မှ အာဏာပိုင်အချို့မှ အမေရိကန်ဒေါ်လာသန်းရာနှင့်ချီ၍ အဂတိ လိုက်စားမှုရှိသည်ဟူသော စွပ်စွဲပြောဆိုချက်များနှင့်ပတ်သက်၍မူ အချက်အလက် အခိုင်အမာဖေါ်ထုတ်ရရှိနိုင်ပါက CPI ကုမ္ပဏီကို အမည်ပျက်စာရင်း Black list ပင်သွင်း၍ရသည်။ သို့သော် ယခုအချိန်ကာလတွင် အဂတိလိုက်စားခဲ့သည့် ယခင် အာဏာပိုင်များအား ဖေါ်ထုတ်အရေးယူဖို့ဆိုသည်မှာ ကြောင်ကို ချူဆွဲရန်စဉ်းစားသည့် ကြွက်တသိုက်ကဲ့သို့ ဖြစ်ချေပေ လိမ့်မည်။ ယခုအချိန်တွင် ယခင်စစ်ဗိုလ်ချုပ်ဟောင်းများလက်ထက်က အဂတိလိုက်စားသည်များကို ဖေါ်ထုတ်အရေးယူ မည်ဆိုသည်မှာ အိပ်မက်ထဲတွင်တောင် ထည့်မက်၍ မရသေးပေ။
သို့ဖြစ်ရာ မြစ်ဆုံစီမံကိန်းအားတရားနည်းလမ်းကျစွာ ဆောင်ရွက်ခြင်းမပြုသည့် တရုတ်တို့အားတရားစွဲမည်ဆိုခြင်း မြစ်ဆုံမှ တရုတ်တို့ ကားကြီးကားငယ်နှင့် သယ်သွားသည့် သယံဇာတများရှိသည်ဆိုခြင်း မြစ်ဆုံစီမံကိန်းဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများရှိသည်ဆိုခြင်း စသည့် စသည့် ကိစ္စများသည် အခိုင်အမာသက်သေအထောက်အထား အချက်အလက်များ မရှိဘဲ ထည့်သွင်းစဉ်းစား၍ မရနိုင်ပေ။ ဤကိစ္စသည် နှစ်နိုင်ငံ စာချုပ်စာတမ်းနှင့်ဆောင်ရွက်သည့်ကိစ္ဇဖြစ်ပေရာ ထောက်ပြ လိုသည့်အချက်အလက်အားလုံးသည် ပြည်တွင်းပြည်ပတရားရုံးအားလုံးက လက်သင့်ခံနိုင်သည့် အချက်အလက်အ ထောက်အထားပြည့်စုံရန်လိုအပ်သည်။ သာမန် စွပ်စွဲပြောဆိုချက်များနှင့် တရားဝင်ဆောင်ရွက်၍မရပေ။
သို့ဖြစ်ရာ အခြား အခိုင်အမာအမှီပြုစရာမရှိသည့် အချက်အလက်များကို ဖယ်ထုတ်လိုက်ပါက မြစ်ဆုံကိစ္စဆက်လက်ဖြေ ရှင်းရာတွင် လျော်ကြေးဆိုသည်နှင့် ဖြေရှင်းမည်လော အခြားအကျိုးကြောင့်သင့်၍ ဖြေရှင်းမည်လောဟူ၍သာ ကျန်ပေတော့ သည်။ မိမိတစ်ဦးချင်းအမြင်အရပြောလျင် ဆင်းရဲမွဲတေ၍ ကမ္ဘာ့အလယ်တွင် အခြားနိုင်ငံများနှင့်ယှဉ်ပါက အောက်ဆုံးရောက် နေသည့် တိုင်းပြည်တပြည်အဖို့ ဒေါ်လာသန်းထောင်ချီသည့် လျော်ကြေးဆိုသည်မှာ အလွယ်တကူရွေးသင့်သည့် ဆုံးဖြတ် ချက် မဟုတ်ပေ။ ထိုသို့ပေလျော်ရမည့် ငွေကြေးသည် တိုင်းပြည်၏ နိုင်ငံခြားငွေဖြင့်ဖြင့် ပေးလျော်ရမည့်ငွေကြေးဖြစ်သည်ကိုလည်း သတိချပ်စေလိုသည်။
ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)
မှတ်ချက်။ ။ မြစ်ဆုံပြဿနာဆောင်းပါးအား Chronicles of Maung Maung Soe page တွင်လည်း ဖေါ်ပြပါမည်။
=
မောင်မောင်စိုး – မြစ်ဆုံပြဿနာ – အပိုင်း (၅)
၂၀၁၁ ခုနှစ် ယာယီမရပ်နားခင်အချိန်က မြစ်ဆုံဆည် ဆောက်လုပ်နေမှုမြင်ကွင်း (photo : Burmariversnetwork.org) |
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆
မိမိအမြင်
မြစ်ဆုံစီမံကိန်းအားဖျက်သိမ်း၍ လျော်ကြေးပေးရန် မသင့်တော်ဟုစဉ်းစားသည့် မိမိအနေနှင့် အောက်ပါအတိုင်း လုပ်ဆောင် ရန် သင့်တော်လိမ့်မည်ဟု သုံးသပ်ရပါသည်။
၁။ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်လျှင် တရုတ်အစိုးရ သို့မဟုတ် CPI ကုမ္ပဏီသက်သက်သာ ထည့်သွင်းစဉ်းစားခြင်းမပြုသင့် ပေ။ အဓိကဦးစားပေးစဉ်းစားသင့်သည်မှာ လျှပ်စစ်စွမ်းအင်ပြဿနာဖြစ်သည်။ လက်ရှိ မြန်မာပြည်၏လျှပ်စစ်စွမ်းအင် လို အပ်ချက်ပြဿနာကို အဓိကအလေးထားစဉ်းစားရန်လိုအပ်ပေမည်။
လက်ရှိမြန်မာပြည်တွင် လျှပ်စစ်စွမ်းအင်လိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်သည်။ ကိန်းဂဏန်းများအရ မြန်မာပြည် လူဦးရေ၏ ၃ဝ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးစွဲနိုင်သည်ဟု ဆိုသည်။ တပြည်လုံးလျှပ်စစ်ဓါတ်အား အလုံအလောက်ရရန် အလှမ်းဝေးနေ သေးသည်။ ထို့ပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးလုပ်ငန်းကြီးများလုပ်ဆောင်ရန် စက်မှုလုပ်ငန်းကြီးများ စက်မှု ဇုံများ ဖေါ်ထုတ်ရန်လိုအပ်သည်။ ထိုလုပ်ငန်းအတွက် လျှပ်စစ်စွမ်းအင်သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ သို့ဖြစ်ရာ မိမိ တို့အနေနှင့် တိုင်းပြည်အတွက်လူထုအတွက် လျှပ်စစ်စွမ်းအင်မည်သည့်နေရာမှ မည်သည့်ပုံစံဖြင့် ရယူမည်ဆိုသည်ကို စဉ်းစားတွက်ချက်ရန် လိုအပ်ပေသည်။
၂။ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် အောက်ပါအရင်းအမြစ်ကို အသုံးပြုသည်ကို တွေ့ရသည်။
က။ ရေအား
ခ ။ ကျောက်မီးသွေး
ဂ ။ သဘာဝဓါတ်ငွေ့
ဃ။ အနုမြူ
င ။ နေရောင်ချည်
စ ။ လေအား စသဖြင့် ထုတ်ယူသုံးစွဲကြသည်။
လက်ရှိမြန်မာပြည်အနေအထားအရ နေရောင်ချည်စွမ်းအင်မှ ဆိုလာပြားများအသုံးပြုထုတ်လုပ်ခြင်းအား စမ်းသပ်ထုတ်လုပ်ရန်ကြိုးစားနေဆဲဖြစ်ပြီး အဓိကရေအားလျှပ်စစ် ကျောက်မီးသွေးနှင့် သဘာဝဓါတ်ငွေ့တို့မှ ထုတ်လုပ်ကြသည်။ ၂၀၁၂ ခုနှစ် ဧပြီလကိန်းဂဏန်းများအရ မြန်မာပြည်တွင် သုံးစွဲနေသည့်လျှပ်စစ်ပမမာဏ ၃၄၅၄ မဂ္ဂါဝပ်အနက် ရေအားလျှပ်စစ်မှ ၇၆ ရာခိုင်နှုန်း၊ သဘာဝဓါတငွေ့မှ ၂ဝ ရာခိုင်နှုန်းခန့်နှင့် ကျောက်မီးသွေးမှ ၃. ၅ ရာခိုင်နှုန်းခန့်ရှိပါသည်။ လက်ရှိလျှပ်စစ်ထုတ် လုပ်နိုင်မှုအရ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် လျှပ်စစ်လိုအပ်ချက် မြင့်မားနေဆဲဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးနေသော ထိုင်းနိုင်ငံ၌ လျှပ်စစ်ဓါတ်အား ၂၉၉၀ဝ မဂ္ဂါဝပ် ဗီယက်နမ်နိုင်ငံ၌ ၂၀၀၀ဝ မဂ္ဂါဝပ် စသည်ဖြင့် ထုတ်လုပ်သုံးစွဲနေကြရာ မြန်မာနိုင်ငံထက်အဆများစွာကွာသည်ကို တွေ့မြင်နိုင်ပါသည်။
မြန်မာပြည်တွင် သဘာဝဓာတ်ငွေ့အများအပြားထွက်ရှိသော်လည်း တရုတ်နှင့် ထိုင်းတို့သို့ နှစ်ရှည်စာချုပ်များဖြင့် ရောင်းချ ထားရာ ပြန်လည်လှည့်ပြောင်းရန် မလွယ်လှပေ။ လောလောဆယ် ထားဝယ်၌ သဘာဝဓါတငွေ့သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံတခုအား ထိုင်းနိုင်ငံမှ ကုမ္ပဏီတခုနှင့် ယခုနှစ်ပိုင်းစာချ ုပ်ချ ုပ်ဆိုခဲ့ရာ ၂၀၂ဝ တွင် အပြီးတည်ဆောက်မည်ဟု ဆိုသည်။ သို့သော် သဘာဝဓါတငွေ့သုံးစက်ရုံများ ထပ်မံတိုးချဲ့ရန်မူ အကန့်အသတ်ရှိနေဦးမည်ဖြစ်သည်။
ကျောက်မီးသွေးစက်ရုံနှင့် ရေအားလျှပ်စစ်စက်ရုံတို့ တည်ဆောက်ရေးနှင့်ပတ်သက်လျှင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း ရေးခေါင်းစဉ် လာ၍ရင်ိနေလေ့ရှိသည်။ ကျောက်မီးသွေးစက်ရုံမှ မီးခိုးများသည် နိစ္စဓူဝဖြစ်သော်လည်း ရေအားလျှပ်စစ်ကြောင့် ရေမြုပ်ဧရိယာများဖြစ်ပေါ်မှုသည် လူအချို့ ဒေသအချို့ကို ထိခိုက်မှုရှိသည်ဆိုသော်လည်း ကောင်းမွန်စွာဖြေရှင်း၍ ရနိုင်ပါ သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးနေရာများကို ရွေးချယ်၍လည်းကောင်း၊ ထိုသို့ ထိခိုက်ဆုံးရှုံးမှုနှင့် ရ မည့်အကျိုးအမြတ်ကို တွက်ချက် ချိန်ဆ၍ လုပ်ဆောင်ရမည်သာဖြစ်သည်။
ကချင်ပြည်နယ်အတွင်းက ဧရာဝတီကိုမှီ၍ ရွှေရှာဖွေခြင်းကို လုပ်ကိုင်နေကြသူများ (Photo : Reuters) |
တကယ်တော့ မြန်မာပြည်၏အထင်ကရ မြစ်ကြီးများပေါ်တွင် ရေအားလျှပ်စစ်တခုမျှမရှိသေးချေ ။ ထို့ပြင် ရေအားလျှပ်စစ်မှ လျှပ်စစ်ထုတ်လုပ်မှုသည် ထုတ်လုပ်မှု စားရိတ်အနည်းဆုံးဖြစ်သည်။ သို့ဖြစ်ရာ လျှပ်စစ်ဖြင့် တိုင်းပြည်ဖွဲ့ဖြိုးတိုးတက်ရေးနှင့် သဘာပတ်ဝန်းကျင်ထိမ်းသိမ်းရေးတို့တွင် သဟာဇာတဖြစ်ရန်လိုသည် ခြင့်ချိန်လုပ်ဆောင်ရန်လိုအပ်သည်ဟု ယူဆပါသည်။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းသိမ်းရေးသက်သက်သာပြောပြီး လျှပ်စစ်ထုတ်လုပ်ရရှိရေးအတွက် နည်းလမ်းများကိုမရှာ ကြံနိုင်ပါက တိုင်းပြည်ကို ဖွဲ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် အကန့်အသတ်များစွာရှိပေလိမ့်မည်။
၃။ မြစ်ဆုံစီမံကိန်း ရ ခုတွင်ပါဝင်သော မြစ်ဆုံစီမံကိန်းနှင့် လာဆာ ခေါ်မလိယန်စီမံကိန်း ၂ ခုမှာ ရေနစ်မြှုပ်မည့်ဧရိယာကြီးမားခြင်းကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် အကျိုးသက်ရောက်မှုကြီးမားကြောင့်ဖြစ်စေ ငလျင်ကြောနှင့် နီးကပ်၍ဖြစ်စေ မြစ်ဆုံသည် ဒေသ၏အထင်ကရနေရာဖြစ်ခြင်းကြောင့်ဖြစ်စေ အဆိုပါစီမံကိန်း ၂ ခုကို ဖျက်သိမ်းခြင်း အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခြင်း ပြုလုပ်နိုင်သည်။ သို့သော် မေခမြစ်ပေါ်ရှိ ဆည်များနှင့်ပတ်သက်၍ တမျိုးတဖုံ စဉ်းစား သင့်သည်။
၄။ မေခမြစ်ပေါ်ရှိ ဆည်တည်ဆောက်မည့်နေရာများသည် မတ်စောက်သည့်တောင်ကြောများကြားတွင် ရှိသည်။ လူနေ အလွန် ကျဲပါးသည်။ သို့ဖြစ်ရာဆည်ဆောက်၍ ရေမြှုပ်သွားမည့်နေရာများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအလွန်နဲ သည်။ မူလသစ်တော (primary forrest ) များလည်း မရှိ။ မျက်မြင်တွေ့ရသည့်အခြေအနေအရပြောရလျှင် သစ်ပင်ကြီးများ မရှိသလောက်ဖြစ်ချေပြီ။ အကြောင်းအမျိုးမျိုးအောက်တွင် သစ်ခုတ်ရောင်းစားသွားသူများလက်ချက်ကြောင့် သစ်ပင်ကြီး များမှာ ငုတ်တိုများသာကျန်ပြီးသစ်ပင်ငယ်များနှင့် ဝါးပင်များသာကျန်တော့သည်။ ထို့ပြင် လူနေအိမ်ခြေ အလွန်နည်းပါးရာ လူမှုအကျိုးသက်ရောက်မှုကို ကောင်းမွန်စွာ ဖြေရှင်းနိုင်သည်။ ထို့ပြင် လူအများ စိုးရိမ်နေသည့် ငလျင်ကြောနှင့်လည်း ဝေး ကွာပါသည်။
၅။ သို့ဖြစ်ရာ တိကျစွာပြောရလျင် မြစ်ဆုံစီမံကိန်းအား ပြန်လည်သုံးသပ်၍ဆွေးနွေးကြမည်ဆ်ိုလျှင် မေခမြစ်ပေါ်ရှိ ချီဗွေ ရေ အားလျှပ်စစ်နှင့် ဝဆုတ်ရေအား လျှပ်စစ် ၂ ခုကို ဦးစွာ ပြန်လည်ခွင့်ပြု၍ ဆက်လုပ်ခွင့်ပေးရန် သင့်လျော်သည်ဟု သုံးသပ်ရ ပါသည်။ အဆိုပါ ရေအားလျှပ်စစ် ၂ ခုသို့ သွားရောက်နိုင်သည့် လမ်းပမ်းဆက်သွယ်ရေးအနေအထားအရ ဦးစွာလုပ်နိုင် သည့်အခြေအနေရှိပါသည်။ မေခမြစ်ပေါ်ရှိ ကျန် ဖီဆာ၊ ခေါင်လန်ဖူး၊ ယေနန်ရေအားလျှပ်စစ် ၃ ခုမှာ သွားလာရန် ခက်ခဲ သည့်နေရာများတွင်ရှိရာ လက်တွေ့လုပ်ရန်လည်း ခက်ခဲသည့်နေရာများဖြစ်သဖြင့် နောက်ဆက်တွဲအဖြစ်ချန်လှပ်ကာ သီး ခြားစဉ်းစားသင့်ပါသည်။
၆။ ချီဗွေရေအား လျှပ်စစ်မှာ ၂၈၀ဝ မဂ္ဂါဝပ် ထွက်ရှိနိုင်ပြီး ဝဆုတ်ရေအားလျှပ်စစ်မှာ ၁၈၀ဝ မဂ္ဂါဝပ် ထွက်ရှိနိုင်ပါသည်။ ၎င်း ရေအားလျှပ်စစ် ၂ ခုပေါင်း ၄၆၀ဝ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်သည်။ လက်ရှိ ရေအားလျှပ်စစ်တည်ဆောက်မှုစားရိတ်အဖြစ် အ ကြမ်းမျဉ်းတွက်ချက်မှုမှာ ၁ မဂ္ဂါဝပ် ထွက်ရှိရန် အမေရိကန်ဒေါ်လာ ၁ သန်းကုန်ကျမည်ဟုတွက်ချကြရာ ၄၆၀ဝ မဂ္ဂါဝပ် ထွက်ရှိမည့် ထိုလျှပ်စစ်ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၄၆၀ဝ (၄.၆ ဘီလီလျံ) ကုန်ကျမည်ဖြစ်သည်။CPI အတွက်လည်း မနစ်နာသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်စေနိုင်ပါသည်။
၇။ မေခမြစ်ပေါ် ဆည်များဆင့်ဆောက်ခြင်းအတွက် အန္တရယ်ရှိနိုင်ချေကိုုးရိမ်လျင် ချီဗွေရေအားလျှပ်စစ်ကို ဦးစားပေးစဉ်းစား ခွင့်ပြုနိုင်သည်။ ချီဗွေရေအားလျှပ်စစ်မှာ ၂၈၀ဝ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်းပေါင်း ၂၈၀ဝ (၂.၈ ဘီလီလျံ) လိုအပ်ပါမည်။
၈။ ချီဗွေရေအားလျှပ်စစ်တည်ဆောက်မည့်နေရာမှာ ချီဗွေမြို့မှ ကီလိုမိုင် ၂ဝ ခန့်သာဝေးပြီး ချီဗွေ ဆော့လော်ကားလမ်းပေါ် တွင်ရှိပြီး ကျောက်ကြမ်းကားလမ်းရှိသည်။ မြစ်ကြီးနားနှင့် ချီဗွေအထိကားလမ်းပေါက်သည်။ သို့ဖြစ်ရာဆည်တောက်ရေး အတွက် ပစ္စည်းပို့ဆောင်ရန် အခက်အခဲမရှိ။ ထို့ပြင် ချီဗွေမှတရုတ်မြန်မာ နယ်စပ်ကျောက်တိုင်အမှတ် ၄ ရှိ ပန်ဝါတောင် ကြားသို့ ကားလမ်းကောင်းစွာပေါက်သည်။ ပန်ဝါမှ တရုတ်ပြည် ယူနန်ပြည်နယ် ပေါက်စန်းတိုင်း ထိန်ချုံးခရိုင်မြို့သို့ ကား လမ်းကောင်းစွာပေါက်သည်။ သို့ဖြစ်ရာ တရုတ်ပြည်မှ လိုအပ်သောပစ္စည်းများ သယ်ဆောင်ရာတွင် တရုတ်တို့၏ဝေစု လျှပ် စစ်ပို့ဆောင်ရန်အတွက်သော်လည်းကောင်း အခက်အခဲမရှိဟုဆိုနိုင်သည်။
ထို့ပြင် ချီဗွေရေအားလျှပ်စစ်ကြောင့် ရေမြှုပ်ဧရိယာတွင်ပါဝင်သည့် ရွာမှာ၃ ရွာခန့်သာရှိပြီး အိမ်ခြေအနည်းငယ်သာရှိရာ ၎င်းတို့အတွက် လူမှုအကျိုးစီးပွားထိခိုက်မှုမရှိရန် ကောင်းစွာဖြေရှင်းနိုင်သည်။ ချီဗွေဆည်ကြောင့် ရေနစ်မြုပ်ရာတွင်ပါသွား မည့် ချီဗွေဆည်နှင့် ဖလရွာကြားကားလမ်းပိုင်း (ချီဗွေ – ဆော့လော်ကားလမ်းမှ) မှာ ၁ဝ မိုင်ခန့်သာရှိရာ အစားထိုးဖေါက်လုပ်ရန်
အခက်အခဲမရှိဟု ဆိုရမည်။
၂၀၁ဝ ခုနှစ်အတွင်းက မြစ်ဆုံဆည်ဆောက်လုပ်နေမှု မြင်ကွင်း (Photo : Burmariversnetwork.org) |
၉။ ဝဆုတ်ဆည်ဆောက်မည့်နေရာမှာ လက်ရှိမြန်မာပြည်တွင်းမှ ကားလမ်းမပေါက်ဟုဆိုနိုင်သည်။ လက်ရှိ ချီဗွေမှ ဆော့ လော်အထိ ကားလမ်းပေါက်သည်။ ဆော့လော်မှ မြောက်ဖက် ငေါ်ချမ်းခချောင်းဘေးရှိ ကျီးထန်ရွာထိကားလမ်းကြမ်းပေါက်သည်။ သစ်ထုတ်နေသောကားများသွားသည့် လမ်းကြမ်းဖြစ်သည်။ ကျီထန်မှ ဝဆုတ်အထိ တောင်ကြောတခုကို ကျော်သွား ရမည့်လမ်းမှာ မူလအင်္ဂလိပ်လက်ထက်က ဖေါက်လုပ်ခဲ့သော ဝန်တင်လားလမ်းကြောင်းရှိသည်။ ယခုတော့ အသွားအလာ မရှိ၍ လမ်းမှာပိတ်ဆို့နေ၍ ပြန်လည်ဖေါက်လုပ်ရန်လိုအပ်မည်။ သို့သော် လမ်းကြောအရပြောလျှင် ချီဗွေမှ ဆော့လော်အထိ တောင်တက်ဖြစ်သည်။ ဆော့လော်မှ ကျီးထန်ရွာအထိ အဆင်းဖြစ်သည်။ ကျီထန်မှ တောင်ကြောတခုကို ဖြတ်ကျော်ပြီး လျှင် မေခမြစ်ဘေးရှိ ဝဆုတ်သို့ရောက်မည်။ မူလလမ်းအူကြောင်းအတိုင်း ကားလမ်းပြန်လည်ဖောက်လုပ်ရမည်ဖြစ်သည်။
သို့သော် ဝဆုတ်မှ တရုတ်ပြည်နယ်စပ်အထိ ကားလမ်းပေါက်သည်။ဝဆုတ်၏ အရှေ့တည့်တည့် တရုတ်နယ်စပ်တွင် မြန် မာပိုင် ကန်ဖန်ရှိသည်။မြန်မာပိုင်ကန်ဖန်မှ ငေါ်ချမ်းခချောင်းကျော်လျင် တရုတ်ပိုင် ကမ်ဖန်ရှိသည်။ မြန်မာပိုင် ကန်ဖန်မှ အီ မောဘွမ်မြောက်ဖက်မှ ဖြတ်သန်းကာ ဝဆုတ်အထိ သစ်ထုတ်သည့်ကားများသွားရာ ကားလမ်းရှိသည်။ လမ်းကြမ်းသော် လည်း လမ်းအူကြောင်းရှိသည်။ ပြုပြင်ရန် မခက်ခဲပေ။ ထိုပြင် တရုတ်ပိုင် ကမ်ဖန်မှတရုတ်ပိုင် ဂါလန် တရုတ်ပိုင် ဖီမော် ( ဖဆ ပလခေတ်က တရုတ်သို့ပေးလိုက်သောနယ်များ) အတိုင်းသွားက သံလွင်မြစ်ဘေးရှိ တရုတ်ပိုင် လုခိုးဟုခေါ်သည့် လီ ဆူး ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းမြို့သို့ရောက်သည်။ လုခိုးမှ ယူနန်ပြည်နယ်မြို့တော် ခွင်းမင်းထိ ကားလမ်းဖြောင့်ဖြူးလျှက် ရှိသည်။ သို့ဖြစ်ရာ ဝဆုတ်တွင် ရေအားလျှပ်စစ်ဆောက်လုပ်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပို့ဆောင်သည်ဖြစ်စေ တရုတ် CPI ဝေစု လျှပ်စစ်ဓါတ်အားပို့ပေးသည်ဖြစ်ရာ မခက်ခဲလှဟုဆိုရမည်။
ဝဆုတ်ရေအားလျှပ်စစ်တည်ဆောက်ပါက ရေနစ်မြှုပ်မည့်ဧရိယာတွင်ကျရောက်မည့် ရွာငယ် ၃ ရွာခန့်သာရှိပြီး အိမ်ခြေ ဆယ်ဂဏန်းမျှသာရှိ၍ လူမှုဘဝထိခိုက်မှုများကို ကောင်းစွာပံ့ပိုးဖြေရှင်းရန် လွယ်ကူပါသည်။
၁၀။ ဤသို့ဖြစ်နိုင်ခြေရှိသော ရေအားလျှပ်စစ်ဆည် ၂ ခုဆက်လက်ဆောက်လုပ်ခြင်းဖြင့် မြန်မာပြည်လျှပ်စစ်လိုအပ်ချက်အားလည်း ဖြည့်စွမ်းနိုင်မည်။ တရုတ်မြန်မာ ဆက်ဆံရေးကိုလည်း ထိမ်းသိမ်းနိုင်မည်။ CPI ကုမ္ပဏီ၏ဆုံးရှုံးနစ်နာမှု များအား လည်း လျော်ကြေးမပေးဘဲ ဖြေရှင်းနိုင်မည်ဟု ယူဆပါသည်။
၁၁။ ဤသို့ မြစ်ဆုံစီမံကိန်းအစား သဘာဝပတ်ဝန်းကျင်နှင့်လူမှု ဘဝထိခိုက်ဆုံးရှုံးမှုမကြီးသည့်ပြင် လက်တွေ့လုပ်ဆောင်ရန် အခြေအနေရှိသည့် ရေအားလျှပ်စစ် ၂ ခု အားတည်ဆောက်ခွင့်ပြုလျင် စာချုပ်ပြန်လည်ချုပ်ဆို၍ မြန်မာပြည်အတွက် အ ကျိုးရှိစေမည့် အောက်ပါအချက်များ ပြန်လည်စီစစ်ရန်နှင့် လိုအပ်သည်များပြန်လည်ထည့်သွင်းရန်လိုအပ်မည်ဟု ယူဆပါ သည်။
က။ တည်ဆောက်မည့်ဆည်များ၏ ဒီဇိုင်းခိုင်ခန့်မှု များသေချာစီစစ်ပြီးတည်ဆောက်စဉ်ကာလ အရည်အသွေးစစ်ဆေးမှု မပြတ်ပြု လုပ်ရန်ခ။ ဆည်ကြောင့်ဖြစ်လာနိုင်သည့် ဆိုးကျိုးဖြစ်နိုင်ခြေများကို ထည့်သွင်းတွက်ချက်၍ ပြင်ဆင်မှု အခိုင်အမာ ပြု လုပ်ထားရန်
ဂ ။ မြန်မာအစိုးရ၏ရပိုင်ခွင့်နှင့် ပိုင်ဆိုင်မှုအချိုးအစား
ဃ။ ဆည်တည်ဆောက်ရာတွင် မြန်မာအဆင့်မြင်ဂျင်နီယာများအပါ မြန်မာပြည်မှ အလုပ်သမားခန့်အပ်မှုအချိုးအစား။
င။ ပြောင်းရွှေ့ရမည့် ဒေသခံများနှင့်ပတ်သက်၍ လူမှုဘဝအာမခံချက်ရှိသည့် စီမံချက်နှင့်လျော်ကြေး
စ။ ဆည်ဆောက်လုပ်ပြီးစီးပါက မြန်မာအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာန၏ ထိမ်းချုပ်မှု အောက်ထားရှိမှု
ဆ။ တရုတ်ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်ပေါ် အာမခံမှု
ဇ။ တရုတ်ကုမ္ပဏီနှင့် လုပ်သားများနှင့်ပတ်သက်၍ လုံခြုံရေးအာမခံမှု
ဈ ။ ဆည်တည်ဆောက်ရေးမြန်ဆန်ချောမွေ့စေရန် မြန်မာအစိုးရဖက်မှပူးပေါင်းကူညီမှု
ည။ ဆည်တည်ဆောက်ရာတွင် မြန်မာပြည်တွင်းမှ လိုအပ်သောပစ္စည်းများတင်သွင်းမှုနှင့်ပတ်သက်ပြီးလည်းကောင်း၊ အ ချို့လုပ်ငန်းဆောင်တာများအား ဆပ်ကန်ထရိုက်ပေးရာတွင်လည်းကောင်း၊ ဒေသခံ ကချင်ပြည်နယ်များရှိ ကုမ္ပဏီများ ဒေ သခံတိုင်းရင်းသားများအား ဦးစားပေးရန်စသည့်အချက်များကို ထည့်သွင်းစဉ်းစားတွက်ချက်ထားသင့်သည်ဟု ယူဆ ပါ သည်။
၁၂။ မိမိအမြင်သည် အောက်ပါအချက်များပေါ်တွင် အခြေခံပါသည်။
က။ တိုင်းပြည်အတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်
ခ ။ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကတိကဝတ်များ
ဂ ။ ဆင်းရဲသောတိုင်းပြည်တခုရင်ဆိုင်ရမည့် များပြားသည့်လျော်ကြေးငွေ
ဃ။ ဆည်ဆောက်မည့်နေရာရှိ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေတို့အပေါ်တွင် အခြေခံပြီး
င ။ ငလျင်ကြောနှင့်နီးသည့်ပြင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်သက်ရောက်မှု ကြီးမားသည့် မြစ်ဆုံဆည်နှင့် လာဆာခေါ် မလိယန်ဆည် တည်ဆောက်ရေးတို့အား ငြင်းပယ်ဆန့်ကျင်သည့်အမြင်အပေါ်မှ သုံးသပ်ခြင်းဖြစ်ပါသည်။
အထက်ဖေါ်ပြပါသုံးသပ်ချက်မှာ လက်ရှိမိမိလက်လှမ်းမှီသည့် အခြေအနေအကြောင်းအချက်များပေါ်မှ မိမိတစ်ဦးချင်း၏သုံး သပ်ချက်သာ ဖြစ်ပါသည်။ တရုတ်အစိုးရ CPI တို့နှင့်ပတ်သက်၍ ဖြေရှင်းရေးဖက်ကိုသာ ဦးတည်သုံးသပ်ထားပါသည်။ ဧရာဝတီမြစ်ကြောင်းနှင့်ပတ်သက်၍ သီးသန့်လေ့လာသုံးသပ်ရန် လိုပါလိမ့်မည်။
နိဂုံး
မြစ်ဆုံစီမံက်ိန်းနှင့်ပတ်သက်၍ အထက်တွင်တင်ပြသည်သည်များမှာ မြန်မာနိုင်ငံ၏လျှပ်စစ်လိုအပ်ချက် နှစ်နိုင်ငံဆက်ဆံရေး နှင့် ဆည်ဆောက်နိုင် သည့်အချက်အလက်များပေါ်တွင်အခြေခံသုံးသပ်ခြင်းသက်သက်သာ ဖြစ်သည်။ ဤမျှမပြည့်စုံသေးပါ။ ထည့်သွင်းစဉ်းစားရန် ကြီးမားသောအကြောင်းအချက်တခု ကျန်သေးသည်။ ၎င်းမှာ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိမှု ဖြစ်သည်။
အဆိုပါ မေခမြစ်ရိုးတလျောက်သည် KIA ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လှုပ်ရှားသည့်ဒေသဖြစ်သည်။ အထူးသ ဖြင့် မေခမြစ်အနောက်ကမ်းသည် KIA ၏ အခြေခံဒေသသဖွယ်ဖြစ်သည်။ မေခမြစ်အရှေ့ဖက်ကမ်းတွင်လည်း ၂၀၁၂ နောက်ပိုင်းမှစ၍ KIA တပ်ဖွဲ့များထိုးဖေါက်ဝင်ရောက်အခြေချသည်ကို တွေ့ရပါသည်။ ဆည်တည်ဆောက်ရေးအတွက် မြန်မာစစ်ဖက်မှ တပ်အင်အားတိုးချဲ့ချထားခြင်းပြုပါက KIA တပ်စခန်းအချို့ နောက်ဆုတ်သွားဖွယ်ရှိသော်လည်း ၎င်းဒေသ တလျောက် KIA မှ ပြောက်ကျားလှုပ်ရှားခြင်းကိုထိမ်းချုပ်ရန်ခက်ခဲမည်ဟု ယူဆရပါသည်။
သို့ဖြစ်ရာ ကချင်ပြည်နယ်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ချောမွေ့ရန်လိုအပ်သည်။ တိုင်းရင်းသားတန်းတူရေးပြ ဿနာ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဿနာ ဖက်ဒရယ်ပြဿနာ သယံဇာတခွဲဝေရေးပြဿနာများကို အောင်မြင်စွာဆွေးနွေးညှိနှိုင်း ဖြေရှင်းရန် လိုအပ်သည်။ သို့မှသာ အဆိုပါဆည်များတည်ဆောက်ရေးလုပ်ငန်း အဆင်ပြေချောမွေ့နိုင်ပါမည်။ ဆွေးနွေးရင်း လုပ် လုပ်ရင်းဆွေးနွေးလည်း ဖြစ်နိုင်သည်။ သို့သော် ကချင်ပြည်နယ်ငြိမ်းချမ်းရေးပြဿနာကို အောင်မြင်စွာဆွေးနွေးဖြေရှင်း ရန်တော့ လိုပေလိမ်မည်။
ပြီးပါပြီ။
မောင်မောင်စိုး (Mg Mg Soe)
မှတ်ချက်။ ။ မြစ်ဆုံပြဿနာဆောင်းပါးအား Chronicles of Maung Maung Soe page တွင် ဖေါ်ပြထားပါသည်။
5 comments
kai
April 26, 2016 at 1:19 pm
သဘောက… စီမံကိန်းရခုမှာ.. ၂ခုကို မီးစိမ်းပြလိုက်ပြီး.. ညှိယူတဲ့သဘောပဲ..။
NLD အစိုးရက.. ကမ္ဘာ့တန်းအဆင့် အနောက်နိုင်ငံ.. ဖြစ်နိုင်ရင်.. အမေရိကန်အကြံပေးတဖွဲ့လောက်ထပ်ငှားပြီး.. အကြံယူသင့်တယ်..။
ပြီးရင်တော့… ဒေါ်အောင်ဆန်းစုကြည်ရဲ့.. ကိုယ်တိုင်ကျော်ကြားမှုကိုသုံးပြီး.. ချိုင်းနားသမ္မတအထိ.. Deal လုပ်ပေတော့…။
ကံကောင်းရင်… ရင်းနှီးမြုတ်နှံမှုကြီးတွေအားလုံး.. ချစ်ကြည်ရေးလက်ဆောင်အဖြစ်တောင်.. ရသွားနိုင်…။
ချိုင်းနားအစိုးရအတွက်.. ဒေါ်လာ ၅ဘီလီယံ.. ဘာမှမရှိ..။ :k:
ယမကာကျော်စွာ အူးမြောက်မြောက်
April 26, 2016 at 1:49 pm
အား..မူးဒယ် သဂျီးရာ ဂေ့..
တရုတ် အစိုးရကလဲ အချောင်နှိုက်
မြန်မာအစိုးရ(အရင်) ကလဲ အူကြောင်ကြား
ဒေသခံအရေး မတွေး လက်နက်ကိုင်အရေး မတွေး ရှေ့ရေး နောင်ရေး ဝေလာဝေး အေဘေးလေး 😆
လျှပ်စစ်လိုအပ်ချက်အရ တနည်းမဟုတ် တနည်း လုပ်ရမယ့်အတူတူ နှစ်ဦးနှစ်ဘက် အဆင်ပြေမဲ့နည်း စဉ်းစားတာ အကောင်းဆုံးပေ့ါဗျာ
အဓိကကတော့ အန္တရာယ်ကင်း ဘေးရှင်း ပြည်သူသဘောတူ ကြည်ဖြူ တန်ရာတန်ကြေး လျော်ကြေးပေး တန်ရာတန်ကြေး အကျိုးမြတ်ယူ တာဝန်ယူ စသဖြင့် ဘက်ပေါင်းစုံ အရေး ကြိုတွေးပြီးမှ အကောင်ထည်ဖော်ရင်
ကျနော့်အနေနဲ့ စောဒက တက်စရာအကြောင်းမရှိပါဘူး ခွင့်ပြု ပါတယ်လို ့
အလဲ့..အလဲ့… 😀
Safe side တော့ယူထားပေါ့ဗျာ
ဝှမီသိဝူးလေ လု ပိုင်တယ်နိုင်တယ်ဆိုပြီး လက်မှတ်ထိုးလုပ်တာပဲ တက်တဲ့ ပြတ်တီနာ ဝှနဲ့ မီဆိုင်ဝူး.ဆို နားကားမယ်
Thint Aye Yeik
April 27, 2016 at 10:15 am
အဲ့ဒီ သုံးသပ်ချက်ကို သဘောတူတယ်။
ဆိုတော့ စပ်ပြဲနေတဲ့ဟင်း(စာချုပ်ထဲ) အချိုလေး အငန်လေး အချဉ်လေး …စသည် … အရသာကောင်းသွားအောင် ပြင်ထည့်ခွင့်ရအောင် ညှိယူပြီး… အဲဒီဟင်းခွက်ကို အိမ်နီးချင်း(တီရုတ်)ကိုလည်း ကျွေးနိုင်… ကိုယ်တိုင်လည်း ခူးခပ်စားသုံးနိုင်…
အဲ့လို လုပ်နိုင်ရင် ကောင်းလိမ့်မယ်ထင်တယ်။
uncle gyi
April 27, 2016 at 10:26 am
ဘယ်လှ ျပ်စစ်ထုတ်လုပ်မှုမှရေအားလောက်မသန့်ရှင်းစေ ျးမခ ျို
မြန်မာမှာလဲလှ ျပ်စစ်ကလိုနေတာ
အကောင်းဆုံးအဖြေတခုကိုရှာပြီးဖြေရှင်းသင့်ပြီ
ကထူးဆန်း
April 28, 2016 at 11:07 am
ကျွန်တော် ဘဲ ဗဟုသုတ မရှိလို့လား မသိ .. ကမာ္ဘမှာ မြန်မာတွေ စိတ်ကူးယဉ်နေတဲ့ နေရောင်ချည် တို့ လေအား လျှပ်စစ် စသည်တို့ က အလှမ်း အများကြီး ဝေးနေသေးလားလို့ … ဈေး တွေ လဲ ကြီး ပြီးတွက်ချေမကိုက်လို့ သူဌေးနိုင်ငံ တွေ တောင် သိပ် မသုံးနိုင်သေးဘူး ထင်တာဘဲ ..
နု ကလီးယား က တော့ များ များ ထွက် နိုင်ပါရဲ့ .. ဒါပေမဲ့ သူ့ ထိန်းသိမ်းဖို့က ဂ ျပန် တောင် ပြာ နေတာ ဆိုတော့ ကိုယ်တွေနဲ့ မဖြစ်သင့်ပြန် ..
ကေ ျာက်မီးသွေး ရယ် ဂတ်စ် ရယ် ရေ အား ရယ် ဆိုရင် တော့ မြန်မာတွေ ရွေးသင့်တာ ရေအားဘဲ လားလို့..
လောလောဆယ်တော့ ရွှေပြည်ကြီး နေ့စဉ် system break ဆိုပြီး သဘာဝ လရောင် နဲ့ ခြင်တောထဲ ယပ်ခပ် နေရ လေရဲ့ ……..