ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကပေါ့…ရွှေဟင်္သာကွန်ဒိုမှာ ကျောင်းသားတစ်ယောက်ကို ကွန်ပျူတာအိမ်လိုက်သင်ပေးဖူးပါတယ်။ တစ်ရက်တော့ အဲဒီကျောင်းသားက ဆရာမကို ကျွန်တော် ဒီနေ့တော့ အပြင်မှာ အကျွေးအမွေးနဲ့ ဧည့်ခံပါရစေဆိုပြီး ပြောလာပါတယ်။ နောက်ဆုံးငြင်းမရတော့ လက်ခံလိုက်ရပါတယ်။ ကွန်ဒိုရှေ့ကနေ ဖြတ်လာတဲ့ တက္ကစီတစ်စင်း တားပြီး ပါရမီလမ်းကို ငှားပါတယ်။ ကားဆရာကို ရှေ့နားကလမ်းတိုလေးကနေ သွားခိုင်းတာကို ကားသမားက မသွားဘဲ ပြည်လမ်းပေါ်ကနေ တဆင့် ဓမ္မာရုံလမ်းကို သွားဖို့ ပြင်ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတော့တာပါပဲ။ တက္ကစီဆရာကို သွားခိုင်းတဲ့လမ်းအတိုင်းမသွားလို့ဆိုပြီး ကားပေါ်မှာ ဗျစ်တောက်ဗျစ်တောက်လုပ်ပါတော့တယ်။ ကားဆရာက နားညည်းတယ်ဗျာ။ ပိုက်ဆံလည်းမပေးနဲ့တော့ ခင်ဗျားအခုဆင်းဆိုပြီး ပြည်လမ်းပေါ်မှာ ကားကိုထိုးရပ်လိုက်ပါရော။ ဟိုကျောင်းသားကလည်း စိတ်ဆတ်တဲ့သူဆိုတော့ ကားပေါ်ကချက်ချင်းဆင်းပြီး နောက်က တက္ကစီကိုတားပြီး တက်ကော။ ပထမစီးတဲ့ကားဆရာကလည်း တက္ကစီခပေးဆိုပြီးတောင်းကော။ ကိုယ်တော်ချောကလည်း မပေးနိုင်ဘူးဆိုပြီး တင်းခံနေပြီး နောက်စီးတဲ့ကားဆရာကို အတင်းမောင်းခိုင်းပါလေရော။ ဓမ္မာရုံလမ်းကနေအင်းစိန်လမ်းမပေါ်ရောက်တဲ့အထိ ပထမကားသမားက ဟွန်းသံတွေတီးပြီး ကျော်တက်လိုက် ကားခတောင်းလိုက်နဲ့…သူမကတော့ ဘယ်ချောင်ကပ်နေရမှန်းမသိတော့ပါဘူး။ ကိုယ်တော်ချောကလည်း ဟေ့ကောင် ဒါဒီမိုကရေစီခေတ်ကွ။ အရင်လို မင်းလုပ်ချင်သလိုလုပ်လို့မရတော့ဘူး။ မင်း ပိုက်ဆံမယူဘဲ ဆင်းဆိုလို့ ငါဆင်းပြီး နောက်ကားငှားတာ မင်းကို ဘာမှ ပေးစရာမလိုဘူးကွ နဲ့ တလမ်းလုံး ရန်တွေဖြစ်ပါလေကော။ နောက်ဆုံးတော့ ကိုယ်တော်ချောက ရဲစခန်းကိုသွားမယ်နဲ့ဖြစ်ပါလေကော….ပထမတက္ကစီသမားကလည်း တလမ်းလုံးလိုက်လာတာပါ….အနီးဆုံး ဖြစ်တဲ့ သံလမ်းမှတ်တိုင်နဲ့ ဘာတာမှတ်တိုင်ကြားက လှိုင်ရဲစခန်းကို ရောက်သွားပါလေရော။ သူမကံကောင်းတာကတော့ သက်သေမလိုက်ပေးရတာပါပဲ…ကားပေါ်မှာကျန်နေခဲ့တဲ့အချိန် ဆင်းပြီး အိမ်ကိုပဲပြေးရမလိုလိုနဲ့ (အိမ်ကသံလမ်းမှာပါ)……နာရီဝက်လောက်ကြာမှပဲ အားလုံးစာရင်းရှင်းပြီးပါတော့တယ်။ ပထမတက္ကစီသမားကတော့ တက္ကစီခမရတဲ့အပြင် ခံဝန်ကတိတွေပေးခဲ့ရတယ်လို့ပြောပါတယ်။ ကိုယ်တော်ချောကတော့ ဆရာမကို အားနာလိုက်တာဆိုပြီး မုန့်တွေအဝဝယ်ကျွေးပါရဲ့။

(မှတ်ချက်။   ။ ကျောင်းသားသည်လူပျိုကြီးဖြစ်ပါသည်)

About Tawwin Pan

Tawwin Pan has written 12 post in this Website..

တချိန်တုန်းက ကိုယ်မှန်တယ်ထင်လို့ လုပ်ခဲ့တာဖြစ်ပြီး အချိန်ကျော်လွန်သွားတဲ့အခါမှာတော့ နောင်တရနေတတ်တဲသူ တစ်ယောက်