ကားဂိတ်တွေမှာ ကားစောင့်နေတာပဲဖြစ်ဖြစ်၊ ကားလမ်းကူးချိန်မှာ တဖက်ယာဉ်ကြောမရှင်းသေးလို့ လမ်းလယ်မှာ ရပ်စောင့်နေရတာပဲဖြစ်ဖြစ်၊ လမ်းသွားနေရင်း ကားမလွတ်လို့ လူကရှောင်ပေးရချိန်မှာပဲဖြစ်ဖြစ်၊ နှပ်နှပ်တွေညှစ်လိုက်တဲ့အချိန်မှာဖြစ်ဖြစ်၊ ကိုယ်သွားတဲ့လမ်းမှာ ဓါတ်တိုင်လို ကိုင်စရာတွေ့ရင် သူမတို့ လူတတွေကတော့ အမှု့မဲ့အမှတ်မဲ့ လှမ်းကိုင်မိကြတာပါပဲ။ ဒီနေ့တောင် လမ်းထိပ်မှာ ရုံးဖယ်ရီစောင့်နေတဲ့သူတစ်ယောက်က ဓါတ်တိုင်ကို အသေအချာမှီပြီး ကျကျနန ဖုန်းပြောနေတာ ကို တွေ့လိုက်ရတော့ လောလောလတ်လတ်ဖြစ်ထားတဲ့ အဖြစ်အပျက်လေးကြောင့် စိုးရိမ်စိတ်တွေဖြစ်သွားတာတော့ အမှန်ပါပဲ။

သူမတို့ သံလမ်း လမ်းမကြီးရဲ့စည်ကားချက်ဆိုတာကလည်း မသိတဲ့သူများမြင်ရင်တော့ ပွဲဈေးကျင်းပနေတဲ့အတိုင်းပါပဲ။ ကားတွေ၊ စက်ဘီး၊ ဆိုက္ကားတွေအပြင် လူတွေနဲ့ပါ ကြိတ်ကြိတ်တိုးနေတဲ့ လမ်းဆိုတော့ လူလူချင်းရော၊ ကားတွေ ဆိုက္ကားတွေ ရှောင်ရတဲ့အချိန်မျိုးမှာ အနားမှာရှိတဲ့ ဓါတ်တိုင်တွေကို ကိုင်မိတတ်ကြတာပါပဲ။ ကလေးတွေဆိုလည်း ဓါတ်တိုင်ကိုဖက်ပြီးဆော့နေတတ်ကြတာပါပဲ။

အခုတော့ မေလ (၃၁)ရက်က လမ်းထဲက ကလေးတစ်ယောက် ဓါတ်တိုင်ကိုင်မိပြီး ဓါတ်လိုက်သေဆုံးသွားတဲ့ဖြစ်ရပ်တစ်ခု ကြုံခဲ့ရပြီးနောက်ပိုင်းမှာတော့ ဓါတ်တိုင်ဆိုရင် ယောင်လို့တောင် မကိုင်မိပါစေနဲ့လို့ ပဲ ပြောရတော့မလိုလို ဖြစ်နေပါပြီ။

လမ်းထဲမှာ သေချာစပ်စပ်စုစုလိုက်ကြည့်လိုက်တော့ သံဓါတ်တိုင် (၂)တိုင်တွေ့ရပါတယ်။ အခုတော့လည်း အဲဒီ တိုင်ဘေးမှာ နောက်ထပ် ကွန်ကရစ်ဓါတ်တိုင် တစ်ခု ထောင်ထားတာတွေ့ရပါတော့တယ်။ အရင့်အရင်တွေတုန်းက လမ်းထဲက သစ်သားဓါတ်တိုင်တွေကို ကွန်ကရစ်ဓါတ်တိုင်နဲ့ အစားထိုး လဲလှယ်ဖူးပါတယ်။ သံဓါတ်တိုင်ကတော့ လဲလှယ်တဲ့အထဲ ဘာလို့ မပါသွားတာလဲဆိုတာတော့ မပြောတတ်တော့ပါဘူး။

အဲဒါမို့ ရွာသူရွာသားတွေအတွက် “အိုင်တွေ့တိုင်း ခြေမဆေးနဲ့” ဆိုတဲ့စကားပုံနဲ့ ဆင်တူ “တိုင်တွေ့တိုင်း မကိုင်နဲ့” လို့သာ ပြောချင်ပါတယ်။

ဒါလေးကတော့ 7daydaily ကနေတင်ထားတဲ့ သတင်းလေးပါ။

http://www.7daydaily.com/story/66530

About Tawwin Pan

Tawwin Pan has written 12 post in this Website..

တချိန်တုန်းက ကိုယ်မှန်တယ်ထင်လို့ လုပ်ခဲ့တာဖြစ်ပြီး အချိန်ကျော်လွန်သွားတဲ့အခါမှာတော့ နောင်တရနေတတ်တဲသူ တစ်ယောက်