IMG-20140901-WA0014စင်စစ်လူသည်အသားစားသတ္တဝါမဟုတ်ပေ။ အသားစားသတ္တဝါတို့တွင် အစွယ်နှင့်ရှည် လျားချွန်ထက်သောခြေသည်းလက်သည်းတို့
ပါရှိသည်။ သားကောင်ဖမ်းသည့်အခါတွင်မှ ထုတ်သုံးလေ့ရှိသဖြင့်သာမာန်အား ဖြင့်မမြင်နိုင်၊ မတွေ့နိုင်ပေ။ ထို့ကြောင့်မြန်မာစကား၌ ကြောင်လက်သည်းဝှက်ဟု ခိုင်းနှိုင်းလေ့ရှိကြသည်။ ရေကိုသောက် သည့်အခါတွင်လည်း လျှာဖြင့် ပလက်ပလက်မြည်အောင်လျှက် သောက်တတ်၏။ အစာဟောင်း အိမ်၌ အသားငါးတို့အလွန် အပုပ်မြန် တက်သဖြင့် အစာဟောင်းမြန်မြန်စွန့်ထုတ်ပစ်နိုင်ရန်လိုအပ်၏။ ထို့ကြောင့်အသားငါးသတ္တဝါတို့၌ အူသည်အလျှားတိုရသည်။အခန်းတစ်ခုထဲ၌ လိမ္မော်သီးတစ်ခြင်းပုပ်နေလျှင် မသိသာသော်လည်း ကြွက်တစ်ကောင်သေနေပါက မနေနိုင်မထိုင်နိုင်အောင် အနံ့ဆိုးလှသည်။ အသီးအနှံသည် သားငါးတို့ကဲ့သို့ အပုပ် မမြန်သောကြောင့် သီးနှံစားသတ္တဝါ တို့၏ အူအကန့်သည် ရှားလျားသည်။
ထိုအချက်တို့ကိုနှိုင်းယှဉ်၍ လေ့လာကြည့်မည်ဆိုပါက လူသည် အသားစားသတ္တဝါ အမျိုးအစား၌ မပါဝင်ကြောင်း ပေါ်လွင်သိသာပါသည်။ လူ၏အူမှာလည်း မထင်မှတ်လောက် အောင် ရှည်လျားလှပါပေသည်။
သို့သော်လူတို့သည် အမဲသားငါးတို့ကိုနေ့စဉ်လိုလို တရှိုက်မက်မက်စား သောက်နေကြပေသည်။
လွန်ခဲ့သော ၁၉၇၈ခုနှစ်ပတ်ဝန်းကျင်ခန့်က မြန်မာပြည်တွင် လူသားကိုလူကပြန်၍စား သောက်နေခဲ့သော ဖြစ်ရပ်သည်ရှိခဲ့ဖူး၏။ ဖြစ်ရပ်မှန်သော်လည်း ယနေ့အသက်လေး ဆယ်အရွယ်ရှိသူများပင် ကောင်းစွာသိမိလိုက်ကြမည်မဟုတ်ပေ။ ရန်ကုန်မြို့တောင်ဥက္က လာပမြို့နယ်၊ အမှတ်(၁)ကျောင်းဝိုင်းရှိ သီရိမင်္ဂလာကန်ပေါ်ကျောင်း၌ ဦးလာဘဟူသောသင်္ကန်း ဝတ်တစ်ဦးရှိခဲ့ဖူးသည်။ သူ့၌မယားပါ သမီး(၁)ယောက်နှင့် မယားပါသား(၂) ယောက်ရှိခဲ့ဖူး၏။ မယားပါသမီးဖြစ်သူ မသန္တာမင်း (၁၈)နှစ်(အမည်လွှဲ)က ရန်ကုန် -မော်လမြိုင်ရထားဖြင့် မှောင်ခိုကုန်ကူးသည်။ မယားပါသား(၂)ယောက် ကိုလည်း ကိုရင်ဝတ်ပေး ထားသည်။
ဒုစရိုက်သမားအချို့ကပြင်ပ၌ ခိုးဆိုးနှိုက်အမှုများ ကျူးလွန်ခဲ့ကြပြီး ဦးလာဘကျောင်း အတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြသည်။ သူတို့အတွက်က ထိုကျောင်းသည် လွတ်မြောက်ရာ နယ်မြေဖြစ်နေသည်။ ရဲက ဦးလာဘကျောင်းအတွင်း ဝင်ရောက်မရှာဖွေရဲ ဝင်မဖမ်းရဲ၊
ထိုအလစ်သုတ်သမားများကို ဦးလာဘက အရက်ဝိုင်း၊ ဖဲဝိုင်းတို့ဖြင့် ကောင်းစွာဧည့်ခံ ထားသည်။ ထိုကြောင့် ထိုသီရိမင်္ဂလာကံပေါ်ကျောင်းသည် ဒုစရိုက်ရိပ်မြုံဖြစ်နေခဲ့၏။ ထိုရိပ်မြုံ၌ ခုံလုံလာကြသော ငမိုက်သားတို့သည် ဦးလာဘအလွန်ကြိုက်သော ဟင်းလျာများ ဖြစ်ကုန်ကြ၏။
ကျောင်းနားပတ်ဝန်းကျင်၌ ကလေးအချို့ပျောက်ပျောက်သွားတတ်ခြင်းကြောင့် မိဘများကသင်္ကာမကင်း ဖြစ်ကြသည်။ ရပ်ကွက်မှသတိထားစောင့်ကြည့်သည့်အခါ ကျောင်းတွင်း၌ ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ယူဆလာကြပြီး တိုင်ကြသည်။ တိုင်စာများတိုင်စာ
ဌာနသို့ မကြာမကြာရောက်လာသော်လည်း အမည်မဖော်သော ပစ်စာတိုင်စာများသာဖြစ်နေသဖြင့် ဖတ်ပြီးအမှု၌သာတွဲထားခဲ့
ရသည်။အမည်ဖေါ်ပြတိုင်ကြားခြင်း မရှိသော တိုင်စာများကို အရေးမယူရဟူသော ညွှန်ကြားချက်ကရှိသဖြင့် ဖိုင်၌တိုင်စာစာရွက်တို့ထူသထက်သာပို၍ထူလာ၏။
ရဲပင်ဝင်မရှာရဲသောကျောင်းတွင်းမှတင်းကို တိုင်သူတို့ဖက်မှ မည်သို့မည်ပုံသတင်းရသွားကြသည်မသိ။ ဦးလာဘက ကလေးတွေဖမ်းပြီး သတ်စားနေသည် ဟုပင် တဆင့်ထပ်၍တိုင်ကြားလာကြပြန်သည်။ ထုံးစံအတိုင်းပင် ပစ်စာတိုင်စာ အဆင့်တွင်သာရှိနေ၏။ ထိုအချိန်က သံဃာအဖွဲ့အစည်းအခြေခံစည်းမျဉ်းတို့၊ ဝတ်နည်းဓမ္မကံမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေတို့၊ သံဃာအဖွဲ့အစည်းအဆင့်ဆင့်တို့ အခုလို မပေါ်ပေါက်သေး သောကာလဖြစ်၍ ဘုန်းကြီးတွေဘာလုပ်လုပ် ဖမ်းဆီးအရေးယူရန် အလွန်ခက်ခဲသည်။
သို့သော်သည်အခါမှာဖြင့်ဦးလာဘဇာတာညှိုးပါပြီ။ ဆရာဝန်တစ်ဦးကအမည်ဖော်ပြ၍တိုင်သည်။ ကလေးမိဘတစ်ဦးကလည်း သူ့သားဦးလာဘ ကျောင်းနားတွင် ပျောက်သွားသဖြင့်မိဘအမည်ဖော်ပြ၍ တိုင် လာပါတော့သည်။ ထိုအခါကျမှ လိုအပ်သည် များကို မိမိကိုယ်တိုင်ကွင်းဆင်းစုံစမ်းစစ်ဆေးပြီး သဘောထားမှတ်ချက်နှင့်တကွ ပြန်လည်တင်ပြပါဟူသော ညွှန်ကြားချက်ကို တိုင်းပြည်သူ့ကောင်စီဥက္ကဋ္ဌထံမှရရှိသည်။ ဦးလာဘကိုရုံးသို့ ခေါ်ယူစစ်ဆေးပြီး သူ၏ထွက်ဆိုချက်များကို ကတ်ဆက်တိပ်ခွေဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ လား…လား…. ဦးလာဘ ကလည်း ပေါ့ပေါ့လူမဟုတ် ဗမာပြည်ကွန်မြူနစ်ပါတီကော်မီတီဝင်လည်းဖြစ်နေသေး၏။
သူသည်ကလေး၊လူကြီး စုစုပေါင်းတစ်ဆယ့်နှစ်ဦးအသားကိုစားခဲ့၏။သူကိုရင်ဝတ်ပေးထားသော ကလေး(၂) ယောက်လဲ လူသားကိုစားကြ
သည်ဆို၏။သူ၏သားကောင်များမှာကျောင်းနားသို့မယောင်မလည် ရောက်လာကြသော ကလေးအချို့နှင့် ပြင်ပ၌ခါးပိုက်နှိုက် အလစ်သုတ်ပြီး ကျောင်းထဲဝင်ရှောင်နေကြသော ခိုးဆိုးနှိုက်ဒုစရိုက်သမားများဖြစ်ကြသည်။
ထိုသူများမူးမူးရူးရူးဖြင့် အိပ်ပျော်နေစဉ် ခေါင်းကိုရဲဒင်းဖြင့်ထုပြီး ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်နေခြင်းဖြစ်၏။ ထိုအခြေအနေမဲ့တို့ လူမြင်ကွင်း၌ပျောက်နေ သော်လည်း မည်သူကမျှအရေးတယူ လူပျောက်မတိုင်ခဲ့၍လည်း ဦးလာဘအတွက် ဟင်းလျာဈေးကွက်မိနေခြင်းဖြစ်သည်။
လူ လူချင်းပင် လူ၏အသားကိုနှစ်သက်စွာစားနေသော ဦးလာဘသည် သူ့အတွက် ဘာမျှမထူးဆန်းသလို ဘာမျှထူးထူးဆန်းဆန်း
လုပ်သည်မဟုတ်သလို တည်တည်ငြိမ်ငြိမ်ပင်အစစ်ခံခဲ့သည်။
သူ့ကိုစစ်ဆေး မေးနေစဉ်အခိုက် “ အင်း….သူ့ကိုတို့ကသာခေါ်စစ်နေတာ၊ သူကတို့တွေကိုကြည့်ပြီး သရေများကျနေမလားမသိ ” ဟု စာရေးသူတွေးမိသေး၏။ ဘာကြောင့် လူသားစားတာလဲဟူသောမေးခွန်းကို ပေါရိဿရဆေးထိုးထားလို့စားရတာ ဟု ပေါ့ပေါ့ပါးပါးပင် သူကဖြေသွားသည်။
ဦးလာဘကို သေဒဏ်ချမှတ်လိုက်သော်လည်း ထိုကာလက သေဒဏ်ဆိုသည်မှာ ထောင်အနှစ်(၂၀)သာဖြစ်သည်။ မြန်မာပြည်၏
အစဉ်အလာအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ရရှိပြီး ပြစ်ဒဏ်မှလွတ် မြောက်သွားကြောင်းသိရသည်။ ထိုကာလက ဦးလာဘထောင်ကလွတ်လာပြီး ဒို့မြို့ဒို့ရွာ ဘယ်တောဘယ်တောင်မှာရောက်နေတယ်ဟု ကောလာဟလ စကားကြားရုံနှင့်ပင် ကလေးရောလူကြီးပါကြောက်ကြသည်။ အသွားအလာ ဆင်ခြင်ကြသည်။ စာရေးသူရန်ကုန်တိုင်း၌ နောက်ဆုံးဆောင်ရွက်ခဲ့ရသောကိစ္စမှာ အင်းစိန်ထောင်ရှိဦးလာဘကို သင်္ကန်းချွတ်လူဝတ်လဲဖို့ ဆောင်ရွက်ရခြင်းဖြစ်သည်။
စင်စစ်လူသည် အသားစားသတ္တဝါအမျိုးအစား၌မပါ။ ထိုလက္ခဏာ များလည်းမရှိ။ သို့သော် ထိုလူသားသည် အခြားတိရိစ္ဆာန်အသားများကိုသာမက ဇာတ်တူသားကိုပင်စားခဲ့လေပြီ။

မှတ်ချက်။  ။ မြန်မာ့ဂဇက် ဇူလိုင်၂၀၁၆ထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

kai

About kai

Kai has written 897 post in this Website..

Editor – The Myanmar Gazette ||
First Amendment – Religion and Expression –
Congress shall make no law respecting an establishment of religion, or
prohibiting the free exercise thereof; or abridging the freedom of speech, or of
the press; or the right of the people peaceably to assemble, and to petition the
Government for a redress of grievances.