‌ကျွီ!!!

.

.

.

အဖွင့်အပိတ် မလုပ်တာကြာပြီဖြစ်တဲ့ တံခါးဆီမှ အသံက တိတ်ဆိတ်နေတဲ့ အခြေအနေ တစ်ခုကို လှန့်နှိုးလိုက်သလိုပါပဲ။

မဖွင့်တာကြာပြီဖြစ်တဲ့ကဗျာ ပြခန်းလေးး၊ ခုတလော စိတ်မကြည်တာနဲ့ လျှောက်မိလျှောက်ရာ ပြခန်းအဟောင်းလေးဆီ သွားမယ်ဆိုပြီး ထွက်လာခဲ့တာမို့ ရောက်တဲ့ အချိန် ဘာလုပ်ရမယ် မယ်မယ်ရရမသိပဲ… အခန်းထဲမှာ လှည့်ပတ်ကြည့်နေမိတယ်။

တဆက်တည်း သတိရလိုက်တာ အရင် တစ်ခေါက်က လူ။ ဘယ်သူရယ်မသိပေမဲ့ တစ်ခါ တွေ့လိုက်ပြီး စိတ်ထဲ မှတ်မှတ်ရရရှိနေမိသူ။

.

.

.

အမေ့!!!

.

.

.

သတိရစိတ်နဲ့ အပြင်ကို လှမ်းအကြည့် တံခါးဝက လူအရိပ်မို့ ရုတ်တရက်လန့်သွားမိတာ။

“မမချွိ နေကောင်းပါစ”

“ရှင်  ရှင်  .. ဘယ်က ဘယ်လို ရောက်လာတာလဲ”

“ခင်များလာနေတာ ကျုပ် တွေ့သားပဲ။ စိတ် ထွက်ပေါက် မရှိတိုင်း ဒီ ကို ခများလာမယ်လို့ တွက်ပြီးသားပဲ”
“ဒါနဲ့ ဒီ တစ်ခေါက်ရော စာအုပ် တစ်အုပ်လောက် ဖတ်ဖို့အချိန်ရှိရဲ့လားး”

ဘာမှပြန်မဖြေနိုင်ခင် စာအုပ်လေးတစ်အုပ် လက်ထဲ ရောက်လာတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ချက်တင်တောင် ..
ချက်တင်တောင်သည် အွန်သိုင်းလောကသားတို့ဆုံဆည်းရာဖြစ်လေသည် ။
သင်သည် အွန်သိုင်းလောကသားတစ်ယောက်ဖြစ်သည်ဆိုပါက ချက်တင်တောင်သို့ အလည်တစ်ခေါက်တော့ရောက်ဖူးရပေလိမ့်မည် ။
ချက်တင်တောင်ကုန်းသည် မည်သည့်နေရာ၌ရှိသနည်း ? ..

.
.
လျှို့ဝှက်သောနေရာ၌ ရှိနေသည်မဟုတ်ပါ ..

မဟာဖွဘုတ်တော်ပြည် ၊ မက်ဆင်ဂျာခရိုင်အတွင်းတွင် တည်ရှိပါသည် ။

အွန်သိုင်းလောကသားတို့၏ ဆွေးနွေးဖလှယ်ရာနေရာတစ်ခုဖြစ်သကဲ့သို့ ငြင်းခုံ အတင်းတုတ်ရာနေရာလည်းဖြစ်ပေသည် ။ထို့ကြောင့် … ချက်တင်တောင်ထိတ်တွင် အွန်သိုင်းလောကသားတို့ဖြင့်အစဉ်အမြဲစည်ကားလျှက်ရှိလေတော့သည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

လမိုက်ည ။

လမထွက်သောည ဟုဆိုရမည်ထက် လမထွက်နိုင်သောည ဟုပြောရပေလိမ့်မည် ။

တိမ်မည်းညိုများဖုံးလွှမ်းနေသဖြင့် တခ်ြမ်းပဲ့လသည် ကြောက်လန့်တကြားပုန်းခိုနေလေပြီ ။

ချက်တင်တောင်ထိတ်တွင်လည်း လေပြင်းများတိုက်ခတ်လျှက်ရှိရာ ယခင်စည်ကားလှသောနေရာတွင် လူရိပ်ပင်မတွေ့ရတော့ပေ… ချက်တင်တောင်ကား လေသံမိုးသံ မှတပါး သက်ရှိတို့အသံဟူသမျှဆိတ်သုန်းနေလေပြီတည်းးးး ။။

ရုတ်တရက် …သန်းကောင်ယံချိန်တွင် ချက်တင်တောင်ထိတ်၌ လူရိပ်သဏ္ဌန်တစ်ခု ထွက်ပေါ်လာခဲ့လေသည် …
လူလော ..?
နာနာဘာဝလော ? …
တန်ခိုးရှင်လော ???? …
.
.
အမှန်စင်စစ် .. အွန်သိုင်းလောကသား မိန်းမပျိုတစ်ဦးပင်ဖြစ်သည် ။
တိတိကျကျဆိုရပါမူ အွန်သိုင်းလောက၌ “မျက်နှာဖုံးရှင်”ဟန်လုလု” ဟူ၍ နာမည်ကျော်ကြားသောသူပင်ဖြစ်လေသည် ။ သူမ၏ ပကတိမျက်နှာအား တွေ့မြင်ဖူးသူ ရှားလှပေသည် ။ သို့သော် သူမ၏ အနတ္တဝါဒလက်ဝါးသိုင်းကွက်မှာမူ အစွမ်းထက်လှသည်ဖြစ်ရာ တော်တော်တန်တန်သိုင်းသမားများအဖို့ မယှဉ်ဝံ့ကြပေ ။
ထိုသို့သော အစွမ်းသတ္တိများကြောင့်ပင် လူသူကင်းမဲ့လှသော ချက်တင်တောင်ထိတ်သို့ တစ်ယောက်တည်းလာဝံ့ သည်မဟုတ်ပါလား …..။
အကြောင်းမှာမူ ဤသို့ဖြစ်လေ၏။

ချက်တင်တောင်ထိတ်တွင် တစ်စုံတစ်ဦးဖြင့်ချိန်းဆို၍ သိုင်းပညာသဘောတရားများဆွေးနွေးရန်အတွက်ဖြစ်သည် ။
ထိုသူသည် မည်သို့သောသူဖြစ်မည်နည်း ဟုဆိုသော် ……

……………………………………………………
တစ်ချိန်က အွန်သိုင်းလောက၏ ဥသျှောင်ဖြစ်ခဲ့လေသော ” မန်းဂွဇွတ်ရွာ” ဟု အမည်ရသည့် ရွာကြီးတစ်ရွာရှိခဲ့ဖူးလေသည် ။
အဆိုပါရွာကြီးမှ ဘလော့ဂါသိုင်းသမားအများစုအားမွေးထုတ်ပေးသည့်အားလျော်စွာ အွန်သိုင်းလောကတခွင်၌ နာမည်ကျော်သိုင်းသမားများအဖြစ်ရပ်တည်နေကြလေပြီ ။

ယခုလည်း မျက်နှာဖုံးရှင်ဟန်လုလုနှင့်ချိန်းဆိုထားသူမှာ မန်းဂွဇွတ်ရွာမှ “တဇွတ်ထိုးဘွားတော်ဝင့်ဝင့်” ပင်ဖြစ်ပေတော့သည် ။

ဘွားဘွားဝင့်မှာ တချိန်က ဇီးကွက်မင်းအပြုံးမျက်နှာဝင့်ဝင့်ဟူ၍ နာမည်ကျော်ခဲ့သူပင်တည်း ။

သေလည်ကြောင်ဂိုဏ်းမှမင်းလေးပါးအနက် ဇီးကွက်မင်းဖြစ်သော သူ၏ ” မဟာလစ်ဗြဲ ဗျန်းဗျန်းကွဲ “ သိုင်းမှာ ယှဉ်ပြိုင်နိုင်သူရှားလှပေ၏ ။

မကြာသေးသောကာလမှ မအူကျွန်းတွင် ဂူပိတ်လေ့ကျင့်အောင်မြင်ခဲ့သော ” တယူသန် တဖက်ပိတ် အတွင်းအားကျင့်စဉ်နှင့် အတ္တဝါဒီကိုယ်ပျောက်လက်သီးသိုင်း ” တို့ဖြင့် အွန်သိုင်းလောထဲသို့ တဖန်ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်လေသည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ဇီးးးးကွက် ”
“ဇီးးးးးးးးးးး ကွက် ”
” ဇီးးးးးးးးးးးးးးးးးး ကွက် “”

လေသံ မိုးသံ မိုးချိန်းသံတို့ကြားမှ အထက်ပါ အတိုင်း စူးရှသော အသံရှည်သုံးချက်မည်သံထွက်ပေါ်လာသည် ။
အသံအဆုံး၌ ချက်တင်တောင်ထိတ်ဆီသို့ လူရိပ်တစ်ရိပ် ဝဲပျံ၍ရောက်ရှိလာခဲ့လေတော့သည် ။ ခြေသံမဆိုထားနှင့် .. လေတိုးသံပင်မကြားရ ။
အဆင့်လွန်ကိုယ်ဖော့ပညာဖြစ်သော ” ဇီးကွက်လေဝဲ “ ဟန်ဖြင့် ညင်သာစွာရောက်ရှိလာသူကားးးးးး ….ဇီးကွက်မင်းအပြုံးမျက်နှာဝင့်ဝင့် ( ခ) တဇွတ်ထိုးဘွားတော်ဝင့် ပင်ဖြစ်လေတော့သည် … ။

” ဂွတ်အီးဗနင်း or ဂွတ်မောနင်း sis ဟန်လုလု “

အချိန်ကာလအား အတိအကျမပြောနိင်သဖြင့် အီးဗနင်း မောနင်းများဖြင့်ရောနှောနှုတ်ဆက်လိုက်ခြင်းဖြစ်လေသည် ။

” ဝေါ မိ တော ဖော .. ရှရီ နမော ဗုဒ္ဓါယ …ခြုံ .. ရှင်း .. ယုန်..ရှာ … မင်င်္ဂလာပါ ဘွားဘွား “

ဟန်လုလုမှာ ရှောင်လင်ဘုန်းတော်ကြီးများနှုတ်ဆက်ဟန်ဖြင့် ရင်ဝတွင်လက်ဝါးတစ်ဖက်ထောင်လျှက် ဦးညွှတ်နှုတ်ဆက်လိုက်လေသည် ။

ရုတ်တရက် ဘွားတော်ဝင့်မှာ မျက်မှောင်ကုတ်သွားပြီးလျှင် ..

” ဒီမှာ ဟန်လုလု .. ကျုပ်ကိုနှုတ်ဆက်ပုံက ရှောင်လင်ဘုန်းကြီးတွေရဲ့ဟန်နဲ့ဆိုတော့ ညီးက သူတို့နဲ့ဘယ်လိုပတ်သက်သတုန်း “

” ဒီလိုပါ အစ်မတော်ဝင့်ရယ် … ကျမရဲ့ဆရာက ရှောင်လင်ကျောင်းတော်ကဘုန်းတော်ကြီးတစ်ပါးရဲ့တပည့်ပါ .. ကျမက ရှောင်လင်ကျောင်းရဲ့ မြေးတပည့်ပေါ့ …
ကျမရဲ့ အနတ္တလက်ဝါးသိုင်းကလည်း ရှောင်လင်ကျောင်းရဲ့ သစ္စာပန်းခူးလက်ဝါးသိုင်းက ခွဲထွက်လာခဲ့တဲ့ပညာပါရှင် … “”

“” ဘာာာာ !! ညီးက ရှောင်လင်ရဲ့ အဆက်အနွယ်ပေါ့ ဟုတ်လား… ဒါဆိုရင်တော့ ညီးကို သတိထားရတော့မှာဘဲ … ကျုပ်တို့နဲ့ ရှောင်လင်ကျောင်းနဲ့က ရန်ကြွေးတွေရှိခဲ့တယ်ဆိုတာ သိတယ်မှတ်လား … ကဲ …ပြောနေတာကြာတယ် ညီးတို့ရှောင်လင်ရဲ့ အနတ္တလက်ဝါးသိုင်းကို ကျုပ်ရဲ့ အတ္တဝါဒီကိုယ်ပျောက်လက်သီး သိုင်းနဲ့ယှဉ်ကြည့်မယ် .. ကဲ အကွက်ကြည့် .. “”

ဟန်လုလုမှာ ပြာပြာသလဲဖြင့် ..

” မဟုတ်သေးပါဘူး အစ်မတော်ရယ် …
ညီမတို့ချိန်းထားတာ သိုင်းပညာသဘောတရားတွေဖလှယ်ဖို့မဟုတ်လား .. စိတ်ထိန်းပါအစ်မတော်ရယ် .. အော် မေ့ တော ဖော … ရှရီ နမောဗုဒ္ဓဿ … ခြုံ .. ရှင်း .. ယုန် .. ရှာ .. ယုန်ရှာ မြွေတွေ့ … “

” အို … !!! ဘာမှ လာရှင်းမပြနေနဲ့ .. ညီးတို့ရှောင်လင်ကိုယ်တော်တွေက အာဏာရှင်တွေ .. ဒီတိုင်းပြည်မှာ အာဏာရှင်စနစ် တည်မြဲနေတာ ဒီရှောင်လင်ဘုန်းကြီးတွေဂျောင့်ဘဲ …
ဒါကြောင့် အာဏာရှင်စံနစ်ပပျောက်ဖို့ဆိုရင် ရှောင်လင်ကိုအရင်ရှင်းမှရမယ် ..
ကဲ လုပ်စမ်းပါ ညီးရဲ့ အနတ္တဝါဒီလက်ဝါးသိုင်းနဲ့ ဥပေက္ခာအတွင်းအား …”

ဤသို့ဖြင့် ရှောင်လွှဲ၍မရသည့်အဆုံး၌ ဟန်လုလုမှာ ဇီးကွက်မင်းအပြုံးသခင်မဝင့်ဝင့်နှင့် သိုင်းပညာယှဉ်ပြိုင်ရလေတော့သည် ။

သိုင်းကွက်အရာ၌ လက်ရည်တူသော်လည်း အတွင်းအားပညာနှင့် အတွေ့အကြုံပရိယယ်တို့၌ ဝါစဉ်ကြီးသော ဘွားတော်ဝင့်ကို ယှဉ်ပြိုင်ရန်ခက်ခဲလှသောကြောင့် လက်ရည်မညီသကဲ့သို့ဖြစ်ခဲ့ရလေ၏။

သို့နှင့် သိုင်းကွက်ပေါင်းတစ်ရာခန့်ယှဉ်ပြိုင်ပြီးသောအခါ၌ ….

‘” အစ်မတော် ဝင့်ရေ … ဒီညတော့ ဒီလောက်နဲ့ဘဲ ခဏနားကြပါစို့နော် … ကျမမှာ လုပ်စရာအလုပ်လေးတွေရှိနေသေးလို့ …..”

ပြောပြောဆိုဆိုဖြင့် ဟန်လုလုမှာ ချက်တင်တောင်ထိတ်မှ ထွက်ခွာသွားလေတော့သည် ။

တဇွတ်ထိုးဘွားတော်ဝင့်တစ်ယောက်လည်း မကြေမနပ်ဖြင့် ခြေဆောင့်ရင်း …

“” ဟေးးး ဟန်လုလု … ဂွဇွတ်ရွာမှာပြန်တွေ့မယ်ဟေ့ … အနတ္တနဲ့ အတ္တ ဘယ်သူကအမှန်တရားလဲဆိုတာ ကျုပ်တို့ဆက်ပြိုင်ကြမယ် .. ဆက်ဆက်လာခဲ့ပါ … ကျုပ်စောင့်နေမယ် .. “”

ဟန်လုလုမှာ အဝေးသို့ပြေးထွက်သွားရင်း ပျောက်ကွယ်သွားလေတော့သည် …။
အရှေ့ဖက်မိုးကုတ်စက်ဝိုင်းတွင် ဒေါင်းဖန်ဝါနေမင်းသည်ကား ငွားငွားစွင့်စွင့် ထွက်ပေါ်လာလေပြီတကားးးးးးး ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်တစ်ထောင်ကျိန်စာသိုင်းသမား အဘိုးအိုလူကွေ့ရှောင်ခိုင် …
အထက်ပါနာမည်ကိုအွန်းသိုင်းလောကတခွင်တွင်မသိသူရှားလှပေသည် ။

တချိန်က သေလည်ကြောင်ဂိုဏ်း၏ ဂိုင်းချုပ်ဖြစ်ရုံမက ဂွဇွတ်ရွာကြီးအားတည်ထောင်သောသူလည်းဖြစ်သည် ။

သဂျီးဝါဒသတင်းစာနှင့် သဂျီးဝါဒလေပုတ်ထုတ်ဆေးတို့ကိုရောင်းချခြင်းဖြင့်လည်း လွန်စွာကြီးပွားချမ်းသာလာသူဖြစ်ပေ၏ ။ သူ၏ အခြားသောဝါသနာတစ်ခုမှာ လက်ဝှေ့ပွဲကန်ထရိုက်အလုပ်ပင်ဖြစ်လေသည် ။

လတ်ဗီးဂတ်စ်ရှိ ကန်ထရိုက်တာဒွန်ကင်းကိုတိတ်တခိုးအားကျနေလျှက် ရှိရာ မကြာခဏဆိုသလိုပင် ဂွဇွတ်ရွာ၌ သိုင်းပြိုင်ပွဲများကျင်းပလေ့ရှိသည်။

ယခုလည်း ….. အကွက်ကောင်းတစ်ခုပေါ်လာလေပြီ…
ဇီးကွက်မင်းဘွားတော်ဝင့်ဝင့်နှင့် ဟန်လုလုတို့အား ဂွဇွတ်ရွာတွင်ယှဉ်ပြိုင်စေရင်း မျက်မုန်းကျိုးလျှက်ရှိသော ရှောင်လင်ဘုန်းကြီးများအား နှိတ်ကွတ်နိုင်ပေတော့မည် ။

ထိုမှတပါး … နှစ်ပေါင်းများစွာပျောက်ကွယ်နေခဲ့သော ကျောက်ပုံဂိုဏ်း၏ ” လူသေလူဖြစ် မိုးပြာချစ် “ သိုင်းပညာအား တိတ်တခိုးလေ့ကျင့်အောင်မြင်ထားသည်ဖြစ်ရာ လက်ရည်စမ်းရပေတော့မည် ။

ဂိုဏ်းချုပ်ခိုင်သည်ကား ပျော်မဆုံး မော်မဆုံးးးး … ။

ဇီးကွက်မင်းဘွားတော်ဝင့်နှင့် တကိုယ်တော်ဟန်လုလုတို့၏ မပြီးဆုံးသေးသောယှဉ်ပြိုင်မှုအတွက် ဂွဇွတ်တရွားလုံးစိတ်ဝင်စားလျှက်ရှိလေသည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
တိတ်ဆိတ်ငြိမ်သက်နေသော ဂွဇွတ်ရွာသည် တစ်စ တစ်စ အသက်ဝင်လှုပ်ရှားလာခဲ့လေပြီ …..

ရွာထိတ်တွင်ဖွင့်လှစ်ထားသော ” ချင်ကျားပူ ကစ်ချင်း ” ထမင်းဆိုင်လေးသည်လည်း ကြက်ပျံမကျစည်ကားလာလေပြီ …

ထမင်းဆိုင်ပိုင်ရှင်မှာ တစ်ချိန်က မင်းလေးပါးထဲမှ ” ပျံလွှားမယ်ဘာကာခုနှစ်လွှာသိုင်းသမား ဇာယိခိုင် “ ပင်ဖြစ်လေ၏။

ယခင်ကာလများဆီက ထမင်းတစ်ပွဲစားလျှင် ဘီယာတစ်လုံးအလကားတိုက်၍ ဖောက်သည်ခေါ်ရသော်လည်း ယခုအခါတွင်မူ ဈေးနှစ်ဆတင်၍ ရောင်းနေရပြီဖြစ်လေ၏ ။

ဘာကာခုနှစ်လွှာဇာယိခိုင်မှာ မီးဖိုဆောင်အတွင်းမှ မထွက်နိုင်အောင်ပင် ချက်ပြုတ်နေရလေပြီ ။

ထိုစဉ် ….အရိုးရှည်ထီးကောက်ကြီးကိုလက်တွင်ချိတ်၍ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးဆိုင်ထဲသို့ဝင်ရောက်လာခဲ့သည် ။
ချောင်ကျကျစားပွဲတွင် နေရာယူလျှက် …

” ဟေ့ .. ဆိုင်ရှင်ကြီး .. ဈေးအပေါဆုံးဟင်းတစ်ခွက်နဲ့ ထမင်းခတ်ညံ့ညံ့ တစ်ပန်းကန်ပေးပါ “

‘” ပိုက်ဆံမပါလဲ အလကားသာစားသွားတော်ရေ့ .. ဘယ့်နှယ် ဆိုင်ကိုများ အပေါစားရောင်းတဲ့ဆိုင်များမှတ်နေသလား ..ဒီမှာ .. ဒီဆိုင်ကိုလာစားတဲ့သူတွေက ဒိတ်ဒိတ်ကျဲတွေချည့်ဘဲ.. အမေဂျီးကားသတင်းစာမှာတောင် ဆိုင်ကဟင်းတွေအကြောင်း အမြဲပါနေကျတော့ .. ဟင်းဟင်း … “

” စိတ်မရှိပါနဲ့ဗျာ.. ကျုပ်က ခရီးသည်ဆိုတော့ အကြောင်းမသိလို့ပါ .. ဒါဆိုလဲ တော်ရိရော်ရိ တစ်နပ်စာလောက်ရောင်းပေးပါဗျာ.. “

ခရီးသည်ကြီးမှ အထက်ပါအတိုင်းပြောလျှက် ဆိုင်ပြင်သို့ ငေးကြည့်နေလေတော့သည် ။

ထိုစဉ် … ကျောက်သင်ပုန်းပြားကြီးအားပိုက်လျှက် အရပ်မြင့်မြင့်အမျိုးကမီးကြီးတစ်ဦးဆိုင်ထဲဝင်ရောက်လာခဲ့သည် ။ ဆိုင်ရှင်ဇာယိခိုင်မှာ ထိုအမျိုးသမီးကြီးအားခရီးဦးကြိုပြုပြီးလျင် စားသောက်ဖွယ်ရာအစုံစုံအားချပေးလေတော့သည် ။

ခရီးသည်ကြီးမှာ အဆိုပါအမျိုးသမီးကြီးအားကြည့်၍ လွန်စွာအံ့သြဟန်ဖြင့် …

” အလို ! ဗြိတိန်ကျွန်းက သခင်မကြီးမြစာလေးပါလားးး … ကြည့်ရတာတော့ ဇီကွက်မင်းနဲ့ ထိတ်တိုက်တွေ့တော့မယ်ထင်ပါ့ …

ကောင်းလေလေ့ ကောင်းလေလေ့ ..” နားဦးတည့်ရာသင်ပုန်းကွန်ခြာ” သိုင်းကွက်တွေတော့ ပြန်မြင်ရဦးတော့မှာဘဲ… “ ဟု တကိုယ်တည်း ရေရွတ်လျှက်နေလေသည် ။

ထိုခဏ၌ ထမင်းဆိုင်ရှေ့မှ တသုတ်ပြီးတသုတ် အွန်သိုင်းလောကသားများဖြတ်ကျော်သွားလေရာ ခရီးသည်သိုင်းသမားကြီးသည်လည်း အောက်ပါအတိုင်းနာမည်များကိုရေရွက်လျှက်ရှိနေလေတော့သည် …။

” ဘာမထီ ဝါ့းဝူဝေါင်း ..

အော်မေ့ဂိုဏ်းချုပ်ကြာပန်းမယ်တော် ..

ဘီအီးသိုင်းသမားစိန်ဗိုက်ဗိုက် …

စိုင်းဆောရိုး(ဂျိန်းဖောမြေ) ….

စွာတေးလန်လုံမွန်မွန် …

တကိုယ်တော်ပါကျိရှောင် …

ဂွစာသိုင်းသမား ခင်ခက်ခက်ခေါ …

ဂျန်ဘိုမင်းသားကြီးကြိုက်မီး … …

သင့်အရိပ်လင်းဆက်ဆက်….

ပရိုဂျူဆာမိုးသူ ….

တဏှာကြောင်အောင်ကြူး … …အင်းးး တကယ့်ကိုလူစုံတက်စုံပါလား .. ကြုံကြိုက်တုန်း ပွဲကြီးပွဲကောင်းတော့ကြည့်သွာံးဦးမှပါလေ ….”

ထို့နောက် ခရီးသည်ကြီးမှာ ထမင်းဖိုးကျသင့်ငွေရှင်းပြီးလျှင် ဂွဇွတ်ရွာတွင်းရှိ တည်းခိုဆောင်သို့ ထွက်ခွာသွားလေသည် ။

သူ၏ခြေလှမ်းများသည်ကား … ..အော်မေ့ဒုဂိုဏ်းချုပ် ဖွင့်လှစ်ထားသော ကေကေမိုတယ် သို့တလှမ်းချင်းလှမ်းလျှက် ……….။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း (၂) ဆက်ရန်။
စကားချပ်- ဒီ ဇာတ်လမ်းမျိုးကို မရင်းနှီးရင် ဒီ လင့်က ပို့(စ) တွေ အရင် သွားဖတ်ကြည့်ကြနော်။

:mrgreenn:

 

လေဘုရင်၏အတ္ထုပ္ပတိ (သို့) အောင်ကျူးနှင့် နှစ်တစ်ထောင်အမြုတေလေပုတ်ထုတ်ဆေး
အပိုင်း (၁) http://myanmargazette.net/211697
အပိုင်း (၂) http://myanmargazette.net/211803
အပိုင်း (၃) http://myanmargazette.net/211861

ဇီဇီ

About ဇီဇီ

ဇီဇီ has written 343 post in this Website..

CJ # 129120