” မင်္ဂလာပါဆရာ “
” အေး မင်္ဂလာပါကွယ် ထိုင်ပါ “
” ဟုတ်ကဲ့ အနာဂတ် ကံကြမ္မာကို မေးချင်လို့ပါ “
” ရတယ်လေ အရင်ဘယ်တုန်က ဘာဖြစ်ခဲ့မယ် အခုဘာတွေဖြစ်နေတယ် နောင်အနာဂါတ်မှာ ဘာတွေဖြစ်အုံးမယ် အဲလို ဘာတွေဖြစ်မယ့်ထဲ အဆိုးတွေများပါရင် အဲဒီအဆိုးတွေပျောက်အောင် ဆရာယတြာပါ တွက်ချက်ပေးလိုက်အုံးမှာ “
” အရင်ကဘာတွေဖြစ်ခဲ့တာနဲ့ အခုဘာတွေဖြစ်နေတာကိုတော့ သိနေပြီးသားမို့မသိချင်တော့ပါဘူး ဆရာရယ် နောင် အနာဂတ်မှာဘာတွေဖြစ်မလဲတာ လိုရင်းဟောရင်ရပါတယ် “
” အေးလေ အဲဒါဆိုလဲ ဆရာလေကုန်နည်းနည်းသက်တာတာပေါ့ကွယ် အဲ ဆိုစမ်းပါအုံး မောင်ရင်မွေးနေ့က “
” ကျွန်တော်မွေးနေ့က ဘာလုပ်မလို့လဲဟင် “
” ဟ မောင်ရင်ဘဲ အနာဂတ် ကံကြမ္မာအတွက် ဗေဒင်မေးမလို့မဟုတ်လား “
” ဟုတ်တယ်လေ “
” အေးလေ အဲဒါကြောင့် ဆရာတွက်ရအောင် မောင်ရင်မွေးနေ့ပြောလေ “
” ဆရာပြောတာလဲ ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့်မဟုတ်ဘူး ဖြစ်နေတယ် “
” ဟေ့ မောင်ရင် အူကြောင်ကြောင်မလုပ်နဲ့ ဒါဆို မောင်ရင်အတွက်မဟုတ်ရင် ဘယ်သူ့အတွက်လဲ မောင်ရင်ကောင်မလေးလား အမေအတွက်လား အဖေအတွက်လား မေးမယ့်သူရဲ့ မွေးနေ့ပြောပေးလေကွာ “
” အဲဒီမေးမယ့်သူရဲ့ မွေးနေ့ကို မသိတာ “
” ဟကောင်ရ ကိုယ်မေးမယ့်သူရဲ့ မွေးနေ့မသိဘဲနဲ့ ငါကဘယ်လိုတွက်ဟောရမှာလဲကွာ ဒါနဲ့ နေပါအုံး မင်းမေးမဲ့သူက ဘယ်သူဖြစ်နေလို့ လဲ ဆိုစမ်းပါအုံး “
” ဒီလိုပါဆရာ ကျွန်တော်သိချင်တဲ့ အနာဂတ်ကံကြမ္မာက ဒီမြန်မာနိုင်ငံကို ပြောတာပါ အဲဒါဟောပေးလို့ ရသလားဆရာ “
” သြော် ဒီမြန်မာနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာလား ဟောလို့ရတာပေါ့ သိပ်ရတာပေါ့ကွာ “
” ဒါဆို ဟောပြပါလား ဆရာ “
” အေး ငါအတိအကျ ဟောလိုက်မယ် ဒီမြန်မာနိုင်ငံရဲ့ အနာဂါတ်ကံကြမ္မာက မင်း လိုဘဲ ယောင်ဝါးဝါးပါကွာ ကဲ ရှင်းပြီလား “

Win Lwin Lay

About Win Lwin Lay

has written 1 post in this Website..