ဒီနေ့ အားနေလို့ နည်းနည်း ပွါးပါရစေလေ။

အရင်တုန်းကတည်းက ပြောချင်တာမျိုးတွေ ရှိပေမဲ့ …

ချမရေးနိုင်တာရော …

ဆရာလုပ်သလိုဖြစ်မှာရော …

ကိုယ်တိုင်ကလည်း ခုပြောမဲ့ အကြောင်းအရာမျိုး တစ်ချို့တစ်လေကို မလိုက်နာနိုင်သေးတာတွေရော မို့

ကိုယ်တိုင်က ရေးထိုက်လား မရေးထိုက်လား ပြန်ပြန်စဉ်းစားနေရတယ်။

ခုတော့ ရေးပြီလေ။

ဟီးဟီးး

:mrgreenn:

အချက်အလက်တွေက ကိုယ်တိုင် နားလည်သလိုရေးမှာဖြစ်လို့ မှားတာတွေ့ရင် အဖတ်မတော်ရင် ပြောဆို ပြုပြင်ပေးကြပါလို့။

ကျနော် တွေးမိတာနဲ့ ကျင့်သုံးမိတာလေးတွေ အကျဉ်းချုံပြောတာမို့ မပြည့်စုံတာ နားမလည်တာရှိရင်လည်း ကျနော့ကိုသာ နာနာခွင့်လွှတ်ပြီး ဖတ်သွားကြပါလေ။

:k:

ဂလိုဗျ။ ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ နေပြီ လူတောထဲ ရောက်ပြီဆိုတာနဲ့ ကိုယ့်အပြောအဆို အပြုအမူတွေထဲက..

(ဒါမှမဟုတ်)

သူတပါးရဲ့ အပြုအမူ အပြောအဆိုတွေထဲကနေ  အမှား နဲ့အမှန်ကို ဆန်းစစ်ရပြီ ရွေးချယ်ရပြီ ။

အဲဒီမှာတင် ….

ဥပဒေ (LAW) တို့

ကျင့်ဝတ် (Ethics) တို့

ဘာသာရေး (Religion) တို့

ကိုယ်ပိုင်အတွေးအခေါ် အပြုအမူပိုင်း (Morality) တို့

စည်းကမ်း (Principle) တို့ ဆိုတာတွေနဲ့ ပတ်သက်ရပြီရယ်။

အဲ တစ်ချို့နေရာတွေမှာ အပိုရှိတာက ထုံးတမ်းတို့ ဓလေ့တို့ အစဉ်အလာတို့ (Tradition/Conservation/Superstation) ဆိုတာတွေက ရှိနေပြန်ရော။

(ဪ လူဖြစ်ရတဲ့ ဒုက္ခ)

:k:

ဥပဒေ ကတော့ ရှင်းတယ်။ နိုင်ငံ တစ်နိုင်ငံမှာ တရားဝင်ပြဌာန်းထားတဲ့ ဥပဒေကို လိုက်နာရုံပဲ။

ဘယ်နိုင်ငံရဲ့ ဥပဒေဖြစ်ဖြစ် အဲဒီနိုင်ငံသားတွေ ကောင်းဖို့ ပြဌာန်းထားတဲ့ ဥပဒေမျိုးလို့ ယေဘူယျလက်ခံလို့ရတဲ့ အတွက် ကျနော့ ကိုယ်ပိုင်စိတ်အရဆို လိုက်နာပေးဖို့ မခဲယဉ်းလှဘူးး

 

စည်းကမ်း ဆိုတာလည်း ကိုယ်ပါဝင်ပတ်သက်မဲ့ နေရာတစ်နေရာရဲ့ စည်းကမ်းပါ အချက်အလက်တွေကို စောင့်ထိန်းရုံပဲ။

ဥပမာဗျာ။ ကျနော်က မန်းဂဇက်မှာ စာရေးချင်နေရင် တဂျီး ချမှတ်ထားတဲ့ သူ့စည်းကမ်းလေး လိုက်နာရုံပါ့။ မခက်ခဲပါဘူးး။ မရေးချင်တဲ့ နေ့ ကန့်လန့်တိုက်ရုံပဲ။ အဟေးဟေးး

 

ဘာသာရေး ဆိုတာရောပဲ ကိုယ် ကိုးကွယ်တဲ့ ဘုရား ဟောကြားထားတာရယ် ကိုယ်ယူဆနှလုံးသွင်းထားတဲ့ ဘာသာတရားရဲ့ အဆုံးအမရဲ့ ကောင်းတယ် မကောင်းဘူး အချက်တွေနဲ့ ဆန်းစစ်ဆုံးဖြတ်ရုံပဲ။

ဒီနေရာမှ ဘယ်ဘာသာကောင်းတယ် မကောင်းဘူး ထိုင်ပြောနေတဲ့ ဂွစာတွေကို အရင်ဖယ်ထားကြည့်ရအောင်ဗျာ။ ဘယ် ဘုရားမှတော့ ကိုယ့် တရားကို လိုက်နာသူတွေ မကောင်းရာမကောင်းကြောင်းမဟောခဲ့လောက်ပါဘူး။

တဂျီးပြောသလို ဘယ်တရားက ဘုရားဟောစစ်လည်းမစစ်လည်း အရင်မငြင်းခင် ကိုယ့် စိတ်လေးနဲ့ကို အရင် ဆန်းစစ်ပြီးမှ လိုက်နာကြပေါ့။ ဘုရားဟောဆိုတာကို မျက်စိမှိတ် မယုံချင်သူတွေအတွက် ဥပမာပြောတာ။ ဘုရားက အရက်မသောက်ခိုင်းပေမဲ့ ဥပဒေမှာ အရက်မသောက်ရလို့တော့ ကန့်သတ်မထားဘူး ဆိုရင် ငရဲဆိုတာ နောက်မှ သောက်ချင်တဲ့သူက သောက်မှာပဲရယ်။ တားမရ။

အဲ! အမူးလွန်ပြီး ရမ်းကားတာတို့ ဟိုတိုက်ခိုက် ဒီဖျက်စီး ဆိုရင်တော့ ဥပဒေ ဆိုတဲ့ နီးရာဒါး နဲ့ တွေ့လိမ့်မပေါ့။ ဆိုတော့ကာ ကျနော် ကိုယ်တိုင်လည်း ဘာသာတရားက ဆုံးမထားမှုတွေ အပေါ်မှာ ချွင်းချက်နဲ့ လိုက်နာတတ်တယ်လို့ ပြောချင်တာပါ။ ဟီးးး

 

ကျင့်ဝတ် မှာလည်း ဆက်နွှယ်တဲ့ နယ်ပယ် တွေကွဲပြားပေမဲ့ နယ်ပယ်တိုင်း လိုက်နာရမဲ့ ကျင့်ဝတ်လေးတွေ ရှိတတ်ကြတာပဲ။

မြန်မာလို နီတိခေါ်ဦးမလားမသိ။ ငယ်တုန်းက သင်ဖူးတဲ့ ဆရာ့ဝတ်၊ တပည့်ဝတ် ဆိုတာမျိုးတွေပေါ့။

ကိုယ် ရောက်နေတဲ့ နေရာ အနေအထားလေး အပေါ် မူတည်ပြီး လူတွေသတ်မှတ်ထားတဲ့ ကျင့်ဝတ်ဆိုတာလေး နဲ့ ညှိနေဖို့ကလည်း မခက်သလို ဥပဒေမဲ့ မဟုတ်မချင်း ကျင့်ဝတ်ဆိုတဲ့အရာကို ဖောက်ဖျက်ဖို့ကလည်း လွယ်သဗျ။

ငရဲ နဲ့ ခြောက်ထားတာမျိုးမဟုတ်သလို ဥပဒေနဲ့ ပြဌာန်းထားတာမျိုးလည်း မဟုတ်တာမို့ ကျင့်ဝတ်ဆိုတာတွေက အဖောက်ဖျက်ခံရဆုံးလိုဖြစ်နေတာ။

ကျနော့ အမြင်ဆိုရင်တော့ ကျင့်ဝတ်ကို ထိန်းသိမ်းဖို့ လိုက်နာဖို့ဆိုတာ တစ်ဦးချင်းစီရဲ့ ရင့်ကျက်မှုရယ်၊ ပညာအရည်အချင်းရယ်၊ ကိုယ်ပိုင်အတွေးအခေါ်ရယ်ပေါ်မူတည်ပြီး အခြေအနေနဲ့ ကျင့်ဝတ်ကို ဘယ်လောက်ထိညှိနိုင်မလဲဆိုတာကွဲပြားသွားမှာပဲ။

 

ရှေးထုံးတမ်း၊ ဓလေ့၊ ရိုးရာ၊ ယဉ်ကျေးမှု ဆိုတာတော့ အနီးဆုံးကျနော်တို့ နိုင်ငံမှာသာကြည့်ဗျ။ နည်းတာမဟုတ်။

ဒီ အပိုင်းမှာကျ ကိုယ်နဲ့ အနီးကပ်ဆုံး အနီးစပ်ဆုံး ဝါကြီး အသက်ကြီးတဲ့ သူတွေရဲ့ ဆုံးမမှုအပိုင်းတွေ အများဆုံးပါဝင်တာပေါ့လေ။

ဥပမာ- ကိုယ်မှားမှားမှန်မှန် လူကြီးပြောရင် ပြန်မပြောရဘူးတို့၊ ထမင်းဝိုင်းမှာ အသက်ကြီးသူကို အရင် ဦးချရမယ်တို့၊ လူကြီးရှေ့လမ်းလျှောက်ရင် ခေါင်းငုံ့လျှောက်ရမယ်တို့၊

ထမင်းစားရင် တပြတ်ပြတ်မည်တာမကောင်းဘူးတို့၊ ဟင်းချိုသောက်ရင် တရှူးရှူးမမြည်သင့်ဘူးတို့တို့

ပစ္စည်းတစ်ခုခုပေးရင် လက်၂ဖက်နဲ့ပေးရတယ်တို့စသည်ဖြင့်ပေါ့ဗျာ။

လိုက်နာဖို့ ကောင်းတာတွေ အများကြီးပါသလို နိုင်ငံတကာမှာကျ ဘောင်မဝင်တဲ့ အရာတွေလည်း အများကြီးပေါ့။

လုပ်ကောင်းတယ် မလုပ်ကောင်းဘူးကနေ စ လိုက်တာမှာ အဲဒီ အရာတွေနဲ့ ချိန်ထိုးပီး လူကောင်း လူဆိုးတွေပါ ခွဲခြားကြတာ ခက်တာရယ်။

ခွဲခြားတဲ့လူတွေက ဘယ်လောက်မှန်နိုင်လည်းသာ မသိတာ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို တစ်ယောက် အဲဒီ အစဉ်အလာဆိုတာတွေနဲ့ ချိန်ထိုးပြီး Judgement လုပ်ပစ်ဖို့ သိပ်လွယ်ကူလွန်းတယ်။

ပစ်ပယ်လို့လည်းမရသလို ကျနော်အဖောက်ဖျက်မိဆုံးကိစ္စတွေမို့ ဒါတွေနဲ့ ယှဉ်တဲ့ အမှားအမှန်အကြောင်း အကျယ်ချဲ့ မပြောချင်တော့ပါဘူးးနော့။

 

ကျင့်ဝတ်မှာ ပြောခဲ့တဲ့ဟာလေးနဲ့ ပြန်ဆက်ရရင် Morality ပိုင်းမှာပေါ့…

အမှားအမှန်ပေါ်မှာ ကိုယ်ပိုင်ချမှတ်ထားတဲ့ အကျင့်၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ညာဏ်ရည်ကျတော့ ..

ကြီးပြင်းဖြတ်သန်းရတဲ့ အနေအထားရယ် …

သင်ယူထားရတဲ့ပညာရေးရယ် …

ပင်ကိုယ်သိစိတ်ရယ်ပေါ်မှာ မူတည်တာမျိုးလို့ လက်ခံထားတယ်။

ဥပမာဗျာ။

ချိန်းထားတဲ့ ကိစ္စတစ်ခုမှာ နောက်ကျမိရင် ဖုန်းလေး တကောလောက် ကြိုဆက်တောင်းပန်ဖို့ဆိုတာ ဥပဒေ အနေနဲ့ မပြဌာန်းထားဘူး၊ ဘာသာရေး အဆုံးအမထဲလည်း မပါဘူး၊ မိတ်ဆွေကျင့်ဝတ်ထဲလည်း မသင်ခဲ့ရဘူး၊ ရှေးထုံးတမ်း ဓလေ့ ရိုးရာယဉ်ကျေးမှုလည်းမဟုတ်၊ ဒါဟာ ချမှတ်ထားတဲ့ စည်းကမ်းလည်းမဟုတ်ပေမဲ့၊

ဖုန်းဆက်ပြီး ဆက်ဆက်စောင့်နေပေးဖို့ တောင်းပန်တာမျိုးကျ ကိုယ်ပိုင်တွေးခေါ်ထားတဲ့ လုပ်သင့်တယ် ဆိုတဲ့ အရာမျိုးကို ဆိုလိုချင်တာပါ။

နောက်ပြီး ချစ်ခင်သူအချင်းချင်းကြား အခြေအနေတစ်ခု တင်းမာတာလေးမြင်တာနဲ့ သူတို့ချင်းကွေကွင်းအောင် ကြားဝင် အဆင်းဘီးမတပ်ရဘူးဆိုတာမျိုးး၊

ကိုယ်နဲ့ ပုံစံ အတွေးအခေါ်မတူတာနဲ့ ရန်သူသတ်မှတ်ပြီး ကွယ်ရာ သောက်ဖောင်း မထုသင့်ဆိုတာမျိုးး စသည်ဖြင့်ပေါ့လေ။

ဒါမျိုးတွေကျ ဘယ် အချက်နဲ့ အလက်နဲ့မှ မှားတယ် မှန်တယ် ပြဌာန်းချမှတ်ထားတာမျိုးမဟုတ်ပေမဲ့ တစ်ဦးချင်းရဲ့ Morality နဲ့ပဲ သက်ဆိုင်တော့တာမျိုးပေါ့။

 

တဆက်တည်းမှာ ကျနော် စိတ်ထဲက အတွေးတစ်ချို့ ပွင့်ပွင့်လင်းလင်းပြောရရင် ဟိုး အရင်တစ်ချိန်က  ဆရာတော်တွေ ဆိုဆုံးမတဲ့ စာအုပ်တွေ ထွက်လာချိန် လူကြိုက်များချိန်ကတည်းက တွေးဖူးတာလေးပါ။

နိဗာန်ရောက်ကြောင်း ဟောရမဲ့ သံဃာတော်တွေက ..

ဆရာ ဆရာမတွေ မိဘတွေ လူကြီးသူမတွေ အချင်းချင်းလက်ဆင့်ကမ်းသင်ကြားရမဲ့ ကျင့်ဝတ်တွေ စိတ်ထားတွေ အတွေးအခေါ်တွေကို ကိုယ်စား လူလိုပြော တွေးပြီး ဆုံးမနေရတာ သာသနာအတွက် နာတယ်လို့ တွေးတာ။ တွေးရင်းနဲ့လည်း ဆုံးမမဲ့သူရှိတာ တော်ဦးမလားပဲ ဆိုပြီး ကြိုးစား စိတ်ဖြေနေရပြန်ရော။

ခု အခြေအနေတွေကကျ လူတွေဖိုမ ကိစ္စအထိပါ ပါပြီး ပိုဆိုးနေသဗျ။

ပြောချင်စိတ်ကုန်လို့ ဒီ စကား ဒီမှာတင် ရပ်ပါဦးမယ်။

 

ကိုယ့်ကိုယ်ကိုယ် နဲ့ ယှဉ် စဉ်းစားပြန်တော့လည်း “ငါ့ အသက်နဲ့ ငါ မှန်တယ် ထင်တာ ထင်ရာစိုင်းနေတာ .. ငါ့ထက် အသက်အငယ်မျိုးဆက်တွေ အနေမှန်ဖို့ကျ ငါ ဘယ်လို ဆုံးမ နိုင်ပါ့မလဲ” တွေးမိပြန်ရော။

ဒါတောင် ကိုယ့်ကိုယ်ကိုယ် Morality ပိုင်းမှာ လက်ခံထားမှုတွေက ရိုးရာဓလေ့ထုံးတမ်းတွေကလွဲရင် ကျန်တဲ့        အပိုင်း တွေမှာ ဘောင်ထဲက ရှိ နေတယ်လို့ မှတ်ကျောက်အတင်ခံနိုင်သေးတယ်။

ဒီ ခေတ် ကလေးတွေနေထိုင်ပုံရယ် လူကြီးဘယ်လိုဖြစ်လာမလဲရယ် သူတို့ ဆိုဆုံးမရမဲ့ မျိုးဆက်တွေကို သွားသွားတွေးမိရင် ဆုတ်ကပ် ဆိုတာပဲ ပြေးပြေး သတိရတာပဲ။

 

ကဲပါလေ။

အာ့ဒါတွေက နောက်မှ ဆိုပြီးပဲ အတွေးကို ဖြတ်။

ကိုယ့် အမှား ကိုကို .. ကိုယ့် အမှန်တရား ကိုကို .. ကိုယ့်ဟာကိုယ် ဆန်းစစ်နေတာပဲ အေးပါတယ်။

ဘာလုပ်ချင်ချင် ဘာပဲတွေးတွေး ဘာပဲပြောပြော၊

ဒါဟာ

၁) ဥပဒေဖောက်ဖျက်ရမဲ့အရာလား (Yes/No)

၂) ကိုယ့်အလုပ်ရဲ့ ကျင့်ဝတ်နဲ့ ညိလား (Yes/No)

၃) ကိုယ်နေတဲ့ နေရာရဲ့ စည်းကမ်းကို ကျော်မိမလား (Yes/No)

၄) တရားနည်းလမ်းကျရဲ့လား (Yes/No)

၅) ကိုယ့် ကိုယ်ပိုင် ခံယူချက်/စည်းမျဉ်းကရော ဘာလဲ (…………)

 

ဒီလိုနဲ့…………………………………………………………

ကျန်တဲ့သက်တမ်းမှာ နေလို့ဖြစ်မယ် မျှော်လင့်ရတာပဲ။

 

:k:

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120