ကျနော့် သီချင်းရေးသူ ဘဝမှာ
ဂုဏ်အယူရဆုံး ကိစ္စကတော့
ကျနော့် ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ကို
ဒစ္စကို ကွင်းကြီး နော်လီဇာ ဆိုခဲ့ဖူးတာပါပဲ။
အဲ့ဒီ အတွက် ကီးဘုတ် ကို မောင်လတ် ကို
ကျေးဇူးတင်ရမှာပါပဲ။
နော်လီဇာ ကို အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။
နှလုံးသားမက္ကဆီကို စီးရီးစ် ကို
ကလေးဘဝကတည်းက
ညွတ်ခဲ့ရသူမို ့စိတ်ထဲကတော့
လေးစားရင်းစွဲရှိနေသူပါ။
တစ်ည ကိုမောင်လတ် ဖုန်းဆက်လာပါတယ်။

“ကိုဘလက် မနက်ဖြန် မနက်အားရင်
အလုံလပ်ကီးဆဲဗင်းမှာ breakfast စားရအောင်၊
နော်လီဇာလည်း လာမယ်
သူ ့သီချင်း အဟောင်းထဲက
ကောင်းတာလေးတွေ ပြန်ရွေးပြီးလုပ်ချင်လို ့တဲ့၊
ခင်ဗျားက သီချင်းတွေ အကြောင်း
အတော် နှန် ့နှန် ့စပ်စပ် သိတယ်လို ့
ပြောထားလို ့
ခင်ဗျားကို ပါ ခေါ်ထားပေးပါ တဲ့”

အိုခေ ပေါ့။
လပ်ကီးဆဲဗင်းမှာ ကွီးလတ်၊ အစ်မကြီးနော်လီဇာ တို ့နဲ ့
ထိုင်ပြီး စကားတွေ အများကြီးပြောဖြစ်ကြပါတယ်။
breakfast စားပြီး ကွီးလတ် ရဲ ့စတူဒီယိုကို
ချီတက်ကြပါတယ်။
ကျနော် နဲ ့ ကိုလတ် ဝိုင်းရွေးပေးတဲ့
သီချင်းတွေကို
အစ်မကြီးက မကြိုက်ဘူး ဖြစ်နေချိန်မှာ
ကျနော်က
“နောက်ဆုံးနှစ်လောက်တုန်းက မာလာဆောင်သူ
သူငယ်ချင်း တစ်ယောက်အတွက် သီချင်းလေးတစ်ပုဒ်
ရေးပေးခဲ့ဖူးတယ်ဗျ။
အစ်မ နားထောင်ကြည့်မလား”
ဆိုတော့ မနော်လီဇာ က အားနာလို ့ထင်ပါရဲ ့
“ဆိုပြလေ” တဲ့။
အဲ့ဒါနဲ ့ကျနော်လည်း ဂစ်တာကိုယူပြီး
သီချင်းအကြမ်းထည်လေးကို ညည်းပြလိုက်ပါတယ်။
ရေးထားတာကလည်း ကြာ
မိန်းကလေးသီချင်းကလည်း ဖြစ်ဆိုတော့
စာသားတွေတောင် မေ့နေပါပြီ။
ဒါပေမယ့် နော်လီဇာ is နော်လီဇာပါပဲ ခင်ဗျာ။
သံစဉ်လေးကို လိုက်ညည်းကြည့်ပြီး
စာသားကို ကျနော့်လွယ်အိတ်ထဲ ပါလာတဲ့
ဆေးဘောက်ချာတစ်ရွက်ရဲ ့နောက်ကျောမှာ
လိုက်ရေးပါတော့တယ်။
ကွီးလတ်က နော်လီဇာ ဆိုနိုင်မယ့် ကီး ကို
ချက်ခြင်း ချိန်ပေးပါတယ်။
မနော်လီဇာ အစမ်းဆိုကြည့်လိုက်တဲ့ အချိန်မှာ
သီချင်းက အတော်ကောင်းနေတယ် ခင်ဗျ ။
အဲ့ဒီမှာပဲ နော်လီဇာ ဟာ
ကျနော် မမျှော်လင့်တဲ့ အပြုအမူတစ်ခုကို
ပြုလုပ်ပါတယ်ခင်ဗျာ။

“ကိုဘလက် ချော နှင့်
တွေ ့ဆုံခွင့်ပေးခဲ့ခြင်း အတွက်…၊
ကိုဘလက်ချောရေးတဲ့ သီချင်းလေးကို
ဆိုခွင့်ပြုပေးတဲ့အတွက်…၊
ကျေးဇူးတော်ကို ချီးမွမ်းပါ၏။”

ဆိုပြီး ဘုရားသခင်ကို တိုင်တည်နေတာ ခင်ဗျ ။
နောက်နေ ့ ကွီးလတ် အတီးအကြမ်းပြီးတော့
နော်လီဇာ အဆိုထပ်ပါတယ်။
တကယ်တီးတော့
The Green Band နဲ ့တီးတာပါ။
အဲ့ဒီသီချင်းကို ကျနော့်မိတ်ဆွေ အတော်များများ
ကြိုက်ကြတယ်ခင်ဗျ။
“ရက်စက်ပါမောင်”လို ့ အမည်ရပါတယ် ခင်ဗျာ။
အွန်လိုင်းကပဲ ဖြန် ့ခဲ့တာမို ့
လူသိတ်မသိလိုက်ပါဘူး။
ဘလက်ချော နာမည်နဲ ့ရေးတဲ့
ပထမဆုံးသီချင်းလေးပါ။

(BC)

 

About black chaw

black chaw has written 332 post in this Website..