မြန်မာစာပို့စ်ကိုဖတ်ရင်း အတွေးတစ်ခုဝင်လာပါတယ်။ အဲဒါကတော့ ဘာသာစကားပါ။ ဘာသာစကားဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ပြောကြတယ့် ကြားခံဆက်သွယ်ရေးပေါ့။ စကားမပြောတတ်တယ့်သူလဲ သူများနားလည်အောင် body language နဲ့တော့ ဆက်သွယ်ရတယ်လေ။ မိခင်ဘာသာစကားနဲ့ ကိုယ့်လူမျိုးအချင်းချင်းကြားမှာ လွယ်လွယ်ကူကူပြောဆိုနိုင်ပေမယ့် တခြားနိုင်ငံနဲ့လူမျိုးတွေကြားထဲရောက်သွားတယ့်အခါမှာတော့ အချင်းချင်းနားလည်တယ့် ဘာသာစကားတစ်ခုကို အလိုလိုတီထွင်မိသွားပါတော့တယ်။ ကျွန်မတရုတ်ပြည်မှာ ကျောင်းတက်ဖို့ရောက်သွားတယ့်အချိန်မှာပေါ့။ နိုင်ငံခြားသားကျောင်းသားတွေနေတယ့်အဆောင်တစ်ခုမှာ နေရတယ်။ နိုင်ငံပေါင်းစုံဆိုတော့ စကားလဲ ပေါင်းစုံပေါ့။ အင်္ဂလိပ်စကားပြောတတ်တယ့်သူနဲ့ သိပ်မခက်ခဲလှပေမယ့် စပိန်စကား ရုရှစကားနဲ့ ပြင်သစ်စကားကိုပဲ ပြောတတ်တယ့်သူတွေနဲ့တွေ့တယ့်အခါမှာတော့ အချင်းချင်းနားလည်ဖို့ ကြိုးစားပြီးပြောရပါတော့တယ်။ တရုတ်စကားတစ်မျိုးထဲကိုပဲတတ်တယ့် တရုတ်လူမျိုးနဲ့စကားပြောတယ့်အခါမှာပဲ အခက်အခဲတွေရှိပါတယ်။ ဗမာသူငယ်ချင်းကလဲ ရှိနေတော့ ကျွန်မမှာ ဘာသာစကား ၃ ခုနဲ့ ပတ်ချာလည်နေပါတော့တယ်။ တရုတ်ဘာသာသင်တယ့်အတန်းထဲမှာတော့ ကျွန်မတို့ကျောင်းသားအချင်းချင်းကြားမှာ Chinglish ဆိုတယ့်စကားတစ်ခု အလိုလိုတီထွင်ပြီးသားဖြစ်သွားပါတယ်။ အချင်းချင်းနားလည်ပြီး အဆင်ကိုပြေလို့ပါပဲ။ ကျောင်းပိတ်ရက်တွေမှာ ကျွန်မတို့ ဗမာကျောင်းသားအချင်းချင်းဆုံကြတယ့်အချိန်မှာ ကျွန်မတို့ကလဲ Chimyanglish ဆိုတယ့် ၃ ဘာသာပေါင်းထားတယ့် စကားတစ်ခုကို တီထွင်ပြီးသားဖြစ်နေကြတာကို တော်တော်နဲ့တော့ သတိမထားမိကြဘူး။ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘာသာစကားပြောင်းလဲလာတယ့် သဘာဝကို ဆိုလိုတာပါ။ စားလို့ကောင်းလားလို့ မေးတယ့်အခါ ပြန်ဖြေတယ့်သူက သူ့အလိုလို hao ဟောင်လို့ ပြန်ဖြေမိနေပါတယ်။ ဒီနေ့ နေရတာ မ ရှူးဖူ (shufu) လိုက်တာလို့ ပြောမိတယ်။ shufu ဆိုတာက သက်တောင့်သက်တာရှိတာကိုပြောတာပါ။ ဗမာလိုပြောရင် ရှည်မယ့်စကားတွေကို ကျွန်မတို့က အလိုလို တရုတ်လိုပြောမိနေပြီး အချင်းချင်းလဲ အလိုလိုနားလည်နေတော့တာပဲ။ ငါ့လောင်ရှစ် (laoshi) က မမိုက်ပါဘူးဟာလို့ ပြောမိတယ်။ laoshi ဆိုတာ ဆရာလေ။ register လုပ်ပြီးပြီလား စသဖြင့် ကျွန်မတို့သုံးနေကျ အင်္ဂလိပ်စာကလဲ ပါလိုက်သေးတယ်လေ။ ချောင်းရှစ် (chaoshi) သွားလိုက်အုန်းမယ်။ ချောင်းရှစ်ဆိုတာ supermarket ကိုပြောတာပါ။ အဲဒီလိုနဲ့ မသိမသာ တရုတ်စာလုံးတွေက ကျွန်မတို့သူငယ်ချင်းတွေရဲ့ကြားထဲမှာ နေရာယူလာခဲ့ပါတယ်။ သောင်ရှီးက ငါ့ paper ကို ပုဟောင်တယ့်။ သောင်ရှီးဆိုတာက supervisor ပါ။  အဲဒီလိုနဲ့သာသာ ၃ ခုကို ပြောတာအကျင့်ပါရင်း ရန်ကုန်ကို ပြန်ရောက်လာပါတော့တယ်။ အိမ်လဲရောက်ရော စကားတစ်ခါပြောတိုင်း စဉ်းစားနေရတော့မှ သတိထားမိသွားတယ်။ ခဏပါ တစ်လလောက်ကြာတော့ မိခင်စကားနဲ့အများနားလည်အောင်ပဲ ပြန်လည်အကျင့်ပါသွားပါတယ်။

ရီစရာအဖြစ်အပျက်လေးတစ်ခုပြောပြချင်သေးတယ်။ ကျောင်းပိတ်ရက်တစ်ခုမှာ ကျွန်မနဲ့ဗမာသူငယ်ချင်းရယ် အာဂျင်တီးနားက သူငယ်ချင်းရယ် ၃ ယောက် ခရီးအတူထွက်ကြတယ်။ တစ်ပတ်ခရီးပါ။ စထွက်တာနဲ့ ကျွန်မတို့ ဗမာ ၂ ယောက်က ဗမာစကားပြောတာပေါ့။ သူက အင်္ဂလိပ်လို ဒါမှမဟုတ် တရုတ်လိုပြောတယ့်။ ကျွန်မတို့ကလဲ ကျောင်းပိတ်တုန်းတွေ့ရတာရော အမြင်မတော်တယ့်သူတွေအတင်းကိုပြောချင်တာရောဆိုတော့ သူများတွေနားမလည်တယ့် ဗမာစကားနဲ့ပဲပြောတာပေါ့။ ဒါပေမယ့် ၃ ရက်လောက်လဲနေရော အာဂျင်တီးနားသူငယ်ချင်းက သိသွားပါလေရော။ ကျွန်မတို့အံ့သြသွားတယ်။ ဘယ်လိုလုပ်ပြီးသိလဲလို့မေးလိုက်တော့ နင်တို့ပြောတယ့်အထဲမှာ အင်္ဂလိပ်စာလုံးတွေအများကြီးပါနေတယ်တယ့် … တရုတ်လိုကလဲ တစ်ခါတစ်လေပါသွားသေးတယ်လေ။ သူက ကျွန်မတို့အကြောင်းကိုလဲ သိတယ့်သူငယ်ချင်းဆိုတော့ ဘာပြောတယ်ဆိုတာကို မှန်းလို့ရတယ်တယ့်။ အဲဒါနဲ့ ကျွန်မတို့ ၂ ယောက်လဲ တိုင်ပင်တာပေါ့။ ငါတို့ ဗမာစကားစစ်စစ်ပဲပြောတော့မယ်ပေါ့လေ။ ဒါပေမယ့် တစ်ချို့စာလုံးတွေက မွေးစားစာလုံးတွေများနေတာရော အကျင့်ပါနေတာရောနဲ့ ဗမာစကားစစ်စစ် (၁၀၀%) ပြောဖို့ အတော်ပင်ပန်းခဲ့ပါကြောင်း …..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....