အခုတလောမှာ ကျနော့်ကို အမေးအများဆုံး မေးခွန်းကတော့ မဲမပေးရင် ဖမ်းနိုင်သလား ဆိုတဲ့ မေးခွန်းပါပဲ။ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ညီတွေ၊ ညီမတွေ တော်တော်များများ မေးကြပါတယ်။ ကိုယ်ကလည်း ရွေးကောက်ပွဲ ဥပဒေတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့နေသူဖြစ်တော့ သူတို့မေးတာကို ကိုယ်သိသလောက် ပြန်ဖြေဖြစ်ပါတယ်။ တဆက်ထဲမှာပဲ မန္တလေးဂေဇက်က ဘော်ဒါတွေလည်း မသိသေးသူရှိရင် သိရအောင် ပို့စ်ကလေးတင်လိုက်ဦးမှလို့ စိတ်ကူးမိတာနဲ့ ဒီပို့စ်ကလေး ရေးလိုက်ပါတယ်။

မဲမပေးရင် မဖမ်းနိုင်ပါ

မဲပေးချင်လည်း ရပါတယ်။ သို့သော် ပါတီတွေအကြောင်း မသိလို့၊ ရွေးကောက်ပွဲကို နားမလည်လို့၊ ကိုယ့်မြို့နယ်မှာ ၀င်အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းတွေ ဘယ်သူမှန်း မသိဖြစ်နေခဲ့ရင် မဲမပေးဘဲ နေလို့ရပါတယ်။ ဘုမသိ ဘမသိနဲ့ မဲပေးရမယ့် လူမရှိဖြစ်နေရင်တော့ မဲမပေးသင့်ပါဘူး။ မဲမပေးရင် လုံးဝ မဖမ်းနိုင်ပါ။

ရဲ၊ ရယက၊ ပြည်ခိုင်ဖြိုးစသဖြင့် ဘယ်သူပဲ ဖြစ်ပါစေ။ အာဏာ ငွေကြေး တခုခုနဲ့ မဲပေးအောင် ဆွဲဆောင်စည်းရုံးရင်၊ အတင်းအကြပ် ဖိအားပေးရင် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ရာ ကျပါတယ်။

ဘာလို့ဆိုတော့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁ အပိုဒ် ၂ ပုဒ်မခွဲ (ဎ) မှာ ဖော်ပြထားတာက ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး ဖြစ်သည် လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မြန်မာပြည်သူတိုင်း မဲပေးချင်ရင် ပေး၊ မပေးချင်ရင် မပေးပါနဲ့။ ကျနော်ကတော့ ပေးပါလို့လည်း မပြောဘူး။ မပေးပါနဲ့လို့လည်း မတိုက်တွန်းပါဘူး။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြပါ။

မဲပေးမယ်ဆိုရင် တခုစဉ်းစားဖို့ ပြောချင်တာကတော့ စစ်အစိုးရဟာ ဘယ်တုန်းကမှ ပြည်သူကို အလေးထားတဲ့ အစိုးရ မဟုတ်ပါဘူး။ သူတို့အကျိုးအတွက် လိုမှသာ ပြည်သူကို သုံးတာပါ။ ဥပမာတခု ပြရရင် ဘာထောက်ခံပွဲ၊ ညာထောက်ခံပွဲဆိုရင် တအိမ်တယောက် မလာမနေရ။ မလာရင် ဒဏ်ငွေဘယ်လောက်ဆိုပြီး အတင်းခေါ်တာပါ။ မင်းတို့ လိုက်ချင်သလား။ လိုက်ချင်တဲ့လူ လိုက်ခဲ့ပါ။ မလိုက်ချင်လည်း မင်းတို့ဆန္ဒကို ငါတို့ လေးစားတဲ့အနေနဲ့ အတင်း မခေါ်ပါဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါ။

ထိုနည်းတူစွာပဲ ရေမြောင်းဖော်လည်း ကိုယ့်ဟာကိုယ်။ မဖော်ရင် ဒဏ်ငွေရိုက်၊ ခြံစည်းရိုး ထုံးသုတ်ဖို့လည်း မလုပ်မနေရ။ အမိန့်နဲ့ပါ။ ပြည်သူလူထုရဲ့ ဆန္ဒဆိုတာကို ဘယ်တုန်းကများ အလေးထားဖူးပါသလဲ။

အခု သတင်းစာထဲကနေ ပြည်သူတွေ လွပ်လပ်စွာ ဘယ်လိုမဲပေးနိုင်တယ်။ မဲပေးကြစို့ ဘာညာလို့ တိုက်တွန်းနေတာက အကြောင်း ရှိပါတယ်။ မဲပေးလို့ ဒီရွေးကောက်ပွဲ အတည်ဖြစ်သွားရင် သူတို့ကို အကာအကွယ်ပေးထားတဲ့ အချက်တွေ အများကြီး ထည့်သွင်းရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြိးကို အတည်ပြုနိုင်သွားပါပြီ။ ဒါဆိုရင် သူတို့က ဒီဥပဒေနဲ့ တိုင်းပြည်ကို ဆက်လက် ဗိုလ်ကျ အုပ်ချုပ်ပါတော့မယ်။

ကျနော်ကတော့ ရှင်းရှင်းပါပဲ။ ဘယ်ပါတီကိုမှ မဲမပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတာကို သဘောမတူလို့ပါ။ ဘာလို့ သဘောမတူသလဲဆိုတော့ ၁၉၉၀ ခုနှစ်တုန်းက ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ပြီးပါပြီ။ အဲဒီတုန်းက ပြည်သူတွေက ကျနော် ကျမတို့ကို အုပ်ချုပ်ပါလို့ ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိနေပါပြီ။ ဘာကိစ္စနဲ့မှ နောက်တကြိမ် ရွေးကောက်ပွဲ လုပ်စရာ အကြောင်း မရှိပါ။

စစ်တပ်က လုပ်ရမှာသည် အနိုင်ရကိုယ်စားလှယ်တွေကို တိုင်းပြည်ရဲ့ အာဏာတွေ လွှဲပြောင်းပေးပြီး သူရဲ့ မူလတာဝန်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးကိုပဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ကတည်း အဲဒီလို လုပ်ခဲ့ရင် အခုလောက်ဆို ကျနော်တို့တိုင်းပြည်ဟာ အတော်လေးကို တိုးတက်နေပါပြီ။ အခုတော့ ၉၀ ခုနှစ် အနိုင်ရပါတီတွေကို ဖျက်သိမ်း၊ ရွေးကောက်ပွဲ နောက်တခုကျင်းပတာကိုက လုံးဝ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်မို့လို့

မဲမပေးဖို့ ဆုံးဖြတ်တာပါ။

မဲမပေးရင် ဘာဆက်ဖြစ်မလဲ။

ရှေ့မှာ ဘာဖြစ်မလဲ ဘယ်သူမှ အတိအကျ မပြောနိုင်ပါ။ ကျနော့်အတွက်တော့ ဒီရွေးကောက်ပွဲမှာ စစ်အစိုးရရဲ့ လုပ်ရပ်ကို မနှစ်သက်ကြောင်း ကျနော်ရဲ့ ဆန္ဒကို ဖော်ထုတ်နိုင်တဲ့ အခွင့်အရေးအရ မဲမပေးဘဲ သဘောမတူ၊ ဘ၀င်မကျကြောင်း ဖော်ထုတ်ပြသသွားမှာ ဖြစ်ပါတယ်။

မတရားတဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးနဲ့ ရွေးကောက်ပွဲတွေ အကြိမ်ပေါင်း ထောင်သောင်း ကျင်းပပါစေ။ ကျနော် ဘယ်တော့မှ မဲပေးမှာ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ အုပ်ချုပ်မယ့် ဥပဒေကိုက မကောင်းဖြစ်နေရင် ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်လောင်းပဲ ဖြစ်နေပါစေ ပြည်သူအကျိုးကို လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော် ယုံကြည်နေလို့ပါ။ လူကောင်းပြီး မူမကောင်းရင် ရွေးကောက်ပွဲ လုပ်တာ ဘာများထူးနိုင်မတုန်း။

အခု ၂၀၀၈ ဥပဒေမှာက စစ်တပ်က စစ်ဗိုလ်တွေက ဥပဒေပြု အုပ်ချုပ်မယ့် ပါလီမန်ရဲ့ ၂၅ ရာခိုင်နှုန်း နေရာကို အလကား သောက်ရှက်မရှိ အချောင်နေရာဝင်ယူထား၊ ပြည်ခိုင်ဖြိုးကလည်း ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကို ၀င်လုနေတော့ ရွေးကောက်ပွဲအပြီး နောက်တက်မယ့်အစိုးရကို အခုကတည်းက ပုံဖော်ကြည့်ကြပါ။ ပြည်သူ့အတွက် လုပ်ပေးမယ်ဆိုနေတဲ့လူတွေ ဘယ်အပေါက်က လွှတ်တော်ထဲ ၀င်ကြပါ့မလဲ။

ပြည်သူ့အကျိုးကို တကယ်လုပ်ချင်သူတွေကိုရော လွှတ်တော်ထဲကို ၀င်ခွင့်ပေးပါ့မလား။ စဉ်းစားကြည့်ကြပါ။ သူတို့ လုပ်ချင်တာကို ဘာမဆို ဖြစ်အောင်လုပ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူတို့ လက်အောက်က ဖြစ်နေတာပဲ မဟုတ်ပါလား။ ခေါင်းတချက်ခါလိုက်ရင် ပြီးသွားပါပြီ။ ပြည်တွင်း၊ ပြည်ပ ဘယ်ကို တိုင်ချင်သလဲ။ တိုင်ချင်ရာကိုသာ တိုင်။ အစိုးရက အရေးလုပ် ဂရုစိုက်မည် ထင်ပါသလား။

အဲတော့ ဒီလိုအခြေအနေ ဖြစ်နေတဲ့ ရွေးကောက်ပွဲကို မဲမပေးဖို့ ဆုံးဖြတ်တာ ကျနော့်အလွန်တော့ မဟုတ်ဘူး လို့ ကိုယ့်ကိုယ်ကို ထင်မိပါတယ်။ တချိန်ချိန်မှာ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်တဲ့အခါကျရင်တော့ မဲရုံကို ကျနော်ရှေ့ဆုံးက ပြေးပြီး မဲပေးပါ့မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကို စိုးမိုးအုပ်ချုပ်မယ့် ဥပဒေနဲ့ လူပုဂ္ဂိလ်ကို ကျနော်ကိုယ်တိုင် လွပ်လွပ်လပ်လပ် ရွေးချယ်ခွင့်ရနေမှတော့ ဘာကြောင့် ရှေ့ဆုံးကပြေးပြီး မဲမပေးဘဲ နေရမှာတုန်းဗျ။ မဟုတ်ဘူးလား။

အားလုံးကို လေးစားလျှက်…

Good Idea

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။