Latest Hair Style

moonpoemMarch 29, 20111min922
images (1)

ကျွန်မသည် ကလေးဘဝက ဆံပင် မကြာခဏ ညှပ်ရတာ ကြိုက်သူတစ်ယောက်ဖြစ်ပါသည်။

အဲဒီတုန်းက အမရပူရ မှာ အခုလိုမျိုး ဆံပင်ညှပ်ဆိုင်တွေ အများကြီး မရှိသေးပါ။ မှတ်မိသလောက်

ဆိုရင်တော့ ကျွန်မတို ့နေသော အနီးတစ်ဝိုက်တွင် ဆံပင်ညှပ်ဆိုင်သည် ၁ဆိုင်တည်းသာရှိပါသည်။

ထိုရှိသောတစ်ဆိုင်ကလည်း ဆံပင်ပုံစံ၂မျိုး ကလွဲပြီး ဒိ့ထက်ပို မညှပ်တတ်သောဆိုင်လည်းဖြစ်ပါသည်။

သူ ့ကို ဆံပင်အတို ညှပ်မည်ဟုပြောလိုက်လျှင် ရှေ့တစ်လက်မလောက် ဆံပင်အသိုက်လေးထားပေးပြီးနောက်စေ့အပြောင် ဒီဇိုင်း ၊ မတိုမရှည်ဆိုလျှင်တော့ ဗိုက်ကလေးပုံစံ ရှေ့ရော နောက်ရော ဆံပင်ကိုအုန်းမှုတ်ခွက်ကဲ့သို ့ညှပ်ပေးသော ဒီဇိုင်း ဖြစ်ပါသည်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် သူ ကတော့ ဒီပုံကိုပဲ တရားသေညှပ်ပေးသူ

ဖြစ်ပါသည်။

ဖေဖေက သမီးမိန်းကလေးမို ့ဆံပင်အရှည် ထားစေချင်သော်လည်း မေမေကဆံပင်ကိုတိုမှကြိုက်ပါသည်။ ထို ့ကြောင့် အလယ်တန်းကျောင်းသူ ဘဝထိကျွန်မသည် ထိုပုံစံ၂မျိုးနှင့်သာ

အကျိုးပေးခဲ့ပါသည်။ အထက်တန်းမှာတော့ ဆံပင်ကို ဂျပန်ဆံတောက်စထားပါသည်။

တက္ကသိုလ်အရောက်တွင်တော့ ဆံပင်ဖြောင့်တာတွေ ခေတ်စားလာချိန် သူများတွေ လှတာကိုအားကျပြီး

ဖြောင့်ခဲ့မိပါသည်။ ဒီနေရာတွင် တစ်ခုလိုက် ရှင်းပြချင်ပါသည်။ ဆံပင်ဖြောင့်ချိန်တွင် စက်ဖြင့်ဆွဲသည့် အခါ ဆံပင်အရင်းမှ ၂စင်တီမီတာလောက် အနည်းငယ်ခွာပြီးမှသာ ဖြောင့်ရပါသည်။ သို့မှသာ ဖြောင့်ပြီးသည့်အခါ ဆံပင်တွေ ခေါင်းမှာတောင့်တောင့်ကြီး ကပ်မနေမှာဖြစ်ပါသည်။ သို ့သော် ကံဆိုးစွာနှင့်

ကျွန်မကို ဖြောင့်ပေးသည့် အမရပူရက ဆိုင်ကဒါကို သိပုံမပေါ်ပါ။ ဆံပင်ကို အရင်းမှနေပြီး စက်ဖြင့်ဆွဲချပါသည်။ ထို ့အတွက်ကြောင့် ပူလည်းပူပါ၏။ ဖြောင့်ပြီးသောအခါ ဆံပင်များသည် အတောင့်လိုက်ဖြစ်နေပြီး သရဲကားထဲမှ သရဲမပုံစံပေါက်နေပါသည်။ အိမ်ပြန်ရောက်တော့ အမေက

ဆူပါ၏။ ဒါပေမယ့်လည်း မတတ်နိုင်တော့ပါ။ ထိုသို ့သရဲဆံပင်ပုံစံသည် ဆံပင်အသစ်ထွက်လာသောအခါ

အတောင့်လိုက်ဆံပင်မှထွက်သည့် ဆံပင်အသစ်ဆိုတော့ထောင့်ချိုးကြီးများ ဖြစ်လာပြန်သဖြင့် အာဖရိကလူမျိုးများ နေထိုင်ရာ ကောက်ရိုးတဲဒီဇိုင်းပုံစံဖြစ်လာပြန်ပါသည်။ (တော်သေးတာပေါ့

ရှာကီရာ ဝင်ပြီး ဝါကာဝါကာ မဆိုလို့ )

စိတ်ညစ်ညစ်ဖြင့် ၃လလောက်နေပြီးသည့် အချိန်တွင် အမရပူရမှ ဆိုင်တွေကို စိတ်ကုန်ကာ မန ္တလေးသို ့

သွားပြီး ဆံပင်ကောက်လိုက်ပြန်ပါသည်။ (တော်တော်လျှာရှည်တယ်နော်) ကျားကြောက်လို့ ရှင်ကြီးကိုး

ရှင်ကြီး ကျားထက်ဆိုး ဆိုသလိုပင် ဆံပင်ကောက်သောအခါ လုပ်ပေးသောဝန်ထမ်းက ကျွန်မ၏ ဆံပင်

ဘယ်ဘက်ပိုင်းကို နံပါတ်၂၃ ဖြင့် ညာဘက်ပိုင်းကို နံပါတ်၂၁ ဖြင့် ကောက်ပေးလိုက်ပါသည်။

အမရေ ရပြီဆိုပြီး ကျွန်မကို ပြောလိုက်ချိန်တွင် တစ်ခြမ်းက ရေလှိုင်းများသဖွယ်အကြီးကြီ်းကောက်နေပြီး တစ်ခြမ်းကခေါက်ဆွဲဖတ်များသဖွယ်သေးသေးလေးကောက်နေသော ကိုယ့်ကိုကိုယ်မြင်လိုက်ရချိန်တွင်ရူးမတတ်ခံစားလိုက်ရပါသည်။

ဝန်ထမ်းကောင်မလေးလည်းသူ ့အပြစ်ကို သူသိပုံပေါ်ပါ၏။ ကြောက်လန် ့ပြီး တုန်နေလေသည်။

ကျွန်မသူ ့ကို ဒေါသမထွက်ပါ။ သိပ်ကို လျှာရှည်လွန်းသော ကိုယ့်ကိုကိုယ်ပင် သေဟဲ့ နနိ္ဒယ လို့ပဲ

အော်လိုက်ချင်ပါသည်။ဒီပုံစံနှင့်တော့ ကျောင်းလည်းမသွားရဲ တော့ပါ။ အိမ်လည်း မပြန်ရဲတော့ပါ။

ထို ့ကြောင့် နောက်ဆုံးတွင်တော့ ကျွန်မသည် ဒွေးကေညှပ်လိုက်ပါသည်။ အိမ်ပြန်ရောက်သောအခါ မေမေကငယ်ငယ်ကဆံပင်အတိုထားခိုင်းတယ်ဆိုတာကလေးတန်မဲ့ အလုပ်ရှုပ်မှာစိုးလို ့မထားခိုင်းတာ။ အခု ယောက်ျားပုံပြီးဘာလို ့ညှပ်လာသလဲဆိုပြီး အော်ပါသည်။

တက္ကသိုလ်ရောက်မှ ဝမ်းဆက်ဝတ်ပြီး ဒွေးကေထားသောကျွန်မကို အမေသည် ကြည့်ရပုံမပေါ်ပါ။

ထိုနှစ်သင်္ကြန်တုံးကတော့ ကျွန်မ မယ်သီလရှင်ဝတ်ပါသည်။

 

2 comments

  • juttue.gyi

    March 29, 2011 at 9:58 am

    ဟီးးးး အစ်မ အဖြစ်ကလည်း မလွယ်ပါလားနော် ထိုင်နေတာမှ အကောင်းသား
    ထသွားတော့ အကျိုးမှန်းသိတယ်။ အဖြစ်က မနှစ်ကနဲ့ မတူပါလားနော် ဟဲဟဲ
    နောက်ဆုံးတော့ မကောင်းကျောင်းပို့လိုက်တာ ကောင်းပါတယ်။

  • MaMa

    March 29, 2011 at 2:12 pm

    သာဓု သာဓု နှစ်ခါတော့ ခေါ်ပေးလိုက်မယ်နော်။ နောက်တစ်ကြိမ်ကိုတော့ ကိုယ့်စိတ်အတိုင်း သာသနာကို ကြည်ညိုတဲ့စိတ်နဲ့ သာသနာ့ဘောင်ဝင်တော့မှ ခေါ်တော့မယ်နော်။

Leave a Reply