လက်ဖက်ရည် ဋီကာ
လက်ဖက်ရည် အဖန်သောက်လျှင်ဖြင့် ကျက်သရေအမှန် ရောက်ပေလိမ့်၊ ကြံသလောက်ပြီးတဲ့ ရေ
=================
လက်ဖက်ရည်ကြမ်း
ဘိုးဘွားစဉ်ဆက်၊ တို့လက်ထက်ထိ
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို
လက်ကမ်း၍သာ၊ သောက်သုံးလာသည်
မြန်မာဓလေ့ တို့ကြည်မွေ့။
ခေတ်သစ်ကမ္ဘာ၊ ဆေးပညာက
ကျန်းမာရေးတွက်၊ ဆေးတလက်ဟု
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို
ဖော်ညွှန်းထုတ်ပြ၊ သုတေသန။
ထိုရောအခါ၊ စာဆိုငါလျှင်
ဝမ်းသာအားတက်၊ လွန်နှစ်သက်၍
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို
ဝမ်းမြောက်ဝမ်းသာ၊ သောက်သုံးရာမှ
မြေမှာလျောင်းသွား၊ တို့ဘိုးဘွား၏
ကြီးမားကျေးဇူး၊ ဂုဏ်ရည်ထူးကို
ချီးကျူးမဝနိုင်ပါတကား။
မင်းယုဝေ
(၂၀၀၆-ခု နိုဝင်ဘာလထုတ် မင်္ဂလာမောင်မယ် စာစောင်)
==========================
အပေါ်ကရေးကြတာ ..အဖန်ခေါ်တဲ့ လက်ဖက်ခြောက်အကြမ်းခြောက် အကြောင်းတွေပါပဲ..။
ကျုပ်က လက်ဖက်ရည်ကြိုက်တေ့ာ.. ဋီကာလေးများရေးမလားစိတ်ကူးပါတယ်..။ အဲဒါ သိသူတတ်သူတွေ ဝင်အားဖြည့်ကြပါဦး…။
အင်း.. ခေါင်းစဉ်ကြည့်ပြီးလန့်မသွားပါနဲ့..။ လွယ်လွယ်ပါပဲ..။ လက်ဖက်ရည်ဆိုင်သွားထိုင်ရင်..လက်ဖက်ရည်ကို ..ဘယ်လိုတွေအမည်တပ်ခေါ်နေကြသလည်း.. အဲဒါလေး ချရေးမလို့ပါ..။
ကဲ..စမယ်နော..။
ပုံမှန် (ပုံမှန် ချက်နိုဆီနှင့်ဖျော်သော)
ရှယ် (ဗူးနို့ဆီနှင့်ဖျော်သော)
ပေါ့ဆိမ့် ( အကျရည်နည်းပြီး နို့ဆီများသော)
ပေါ့ကျ ( အချိုပေါ့ပြီး အကျရည်များသော)
ချိုဆိမ့် ( သကြားနှင့် နို့ဆီများသော)
ချိုကျ( သကြားများပြီး အကျရည်ကဲသော)
ကျဆိမ့်( အကျရည်များပြီး နိုဆီများသော)
ဖန်ချို ( အကျရည်နှင့်သကြားများသော)
ဖန်ခါး(အကျရည်များသော)
ကျောက်ပန်းတောင်း( ကျကျပြင်းပြင်း နို့ဆီနှင့်လက်ဖက်ရည်)
သုံးရောင်ချယ် ( လက်ဖက်ရည်အရောင်၊ နိုငဆီအရောင်၊ ကြားစပ်အရောင်သုံးမျိုးကွဲနေသော)
စင်္ကာပူ ( ကော်ဖီနှင့်လက်ဖက်ရည် အရော)
အခုဘေးကပုံက..Shahrzad Barooti Pure Indian Tea ဖြစ်ပါတယ်..။ အမေရိကားက အိန္ဒိယသားတွေရဲ့ဆိုင်မှာ ရောင်းတဲ့ လက်ဖက်ရည်အချိုခြောက်ဗူးပါ..။
အဲဒီလက်ဖက်ခြောက်ဟာ မြန်မာ လက်ဖက်ရည်အချိုခြောက်နဲ့ အရသာတော်တော့်ကိုတူပြိး.. ဆေးမဆိုးထားပဲ.. အရသာအင်မတန်လည်းပြင်းပါတယ်..။
အခု ယူအက်စ်မှာ စွဲစွဲမြဲမြဲသောက်ဖြစ်နေတဲ လက်ဖက်ခြောက်ဆိုပါတော့..၊
တခြား တံဆိပ်တွေဖြစ်တဲ့ Lipton တို့ Brooke Bondတို့ထက်အများကြီးကောင်းပါတယ်..။
မြန်မာပြည်တုံးက တရက် ၄-၅-၁ဝခွက်လောက်ချနေတာဆိုောတ့.. အဲဒီ Tea Bag ဆိုလုံးဝကို မတိုးပါဘူး..။ တခွက်စာကို ၃-၄ခုလောက်ထည့်တာတောင် အရသာမတွေ့မိပါဘူး..။
ဆိုင်မှာထိုင်ရင်တေ့ာ .. အပေါ်ဆုံးကပုံဖြစ်တဲ့.. Hong Kong milk tea ကိုမှာဖြစ်ပါတယ်.။အဲဒါက အကျခြောက်ကို နိုဆီပုလင်းလိုက်ဖြစ်ဖြစ် အလွတ်ချပြီး ကိုယ်တိုင်ရောချင်သလိုရောရတာရှိသလို့.. ဆိုင်ကရောပေးလာတာလည်း ရှိပါရဲ့..။
မြန်မာလက်ဖက်ရည်နဲ့ တော်တော်တူပါတယ်.။ ထင်သလောက်တေ့ာ မကျဘူးပေါ့လေ..။
အဲဒီလက်ဖက်ရည်ကို.. ကဗျာဆရာကြီးဦးတင်မိုးရယ်..။ ယူအက်စ်မှာ ပွင့်သစ်စာစောင်ထုတ်တဲ့..ကိုမိုးရယ်…။ စာရေးတဲ့ ဦးဇင်းတပါးရယ်နဲ့ ထိုင်သောက်ဖူးတာလေး အမှတ်ရမိပါရဲ့..။
နောက်ပိုင်း.. ဟောင်ကောင်တရုတ်ဆိုင်တွေထိုင်ရင်..အဲဒါပဲ အမြဲမှာသောက်ပါတယ်..။
စဉ်းစားကြည့်ရသလောက်တေ့ာ.. မြန်မာတွေလက်ဖက်ရည်အကျ သောက်တတ်သွားတာ.. အိနိ္ဒယသားတွေ လုပ်ပေးတာလို့ထင်မိပါတယ်..။
တရုတ်က..အကြမ်းခြောက်သောက်တာများပြီး ..ရှေးမြန်မာတွေလည်း အကြမ်းခြောက်ပဲ သောက်ကြတယ်လို့မှတ်ဖူးတာကိုး..။
မသေချာတာက.. အင်္ဂလိပ်တီးဆိုပြီး နို့ှဆီရောတဲ့ လက်ဖက်ရည်ရှိနေတာမို ့.. အင်္ဂလိပ်က..အိန္ဒိယကပဲယူသလား..။ အိနိ္ဒယက..အင်္ဂလိပ်ဆီကယူသလားတော့ မသိပါ..။
ဟောင်ကောင်ဟာ အင်္ဂလိပ်လက်အောက် နှစ်ရာချီနေခဲ့ရတာမို ့.. ဟောင်ကောင်တီးက .. နို့ဆီနဲ့ဖြစ်နေတာဖြစ်ပါတယ.်.။
Starbucks မှာလည်း .. လက်ဖက်ရည်ရောင်းပါတယ်..။ သူတို့ဟာက ပေါ့ရွတ်ရွတ်နဲ့.. အကျရည်ထဲ.. ပျားရည်ထည့်သောက်ကြတာပါ..။ အကုန်လုံး အအေးတွေပါ။
ဂျပန်ရော..ယူအက်စ်ရော.. လက်ဖက်ရည်ကို အအေးသောက်ကြတာများပြီး.. ကော်ဖီကို အပူသောက်တာများပါတယ်..။
http://www.starbucksstore.com/tazo-tea/?CCAID=SBPTPAHP1SHTZ&Redir=/tazo-tea/
ကဲ.. နိုင်ငံတကာနဲ့..မြန်မာပြည်က ရွာသားအပေါင်းတို့.. သိသလောက်လေးတွေ.. ဝေမျှကြပါဦး..။ 🙂
32 comments
eros
April 20, 2011 at 10:01 am
လက်ဖက်ရည် ဆိုင် အကြောင်းတင်မလို့ သူကြီးလက်ဦးမှုရယူသွားတယ်။ ဓာတ်ပုံတွေက အကြမ်းပဲရိုက်ထားရလို့ မတင်ဖြစ်သေးတာ။
ဆူး
April 20, 2011 at 11:24 am
အိနိ္ဒယက လက်ဖက်ရည် ကို ကုလားတွေက အိုးကြီးနဲ့ ဖျော်ပြီး လမ်းမှာ လိုက်ရောင်းတယ် တခါသောက် ခွက်ကလေးတွေနဲ့.. ဈေးတော့ မမှတ်မိတော့ဘူး။ အေးတဲ့ အချိန်သွားတော့ ရာသီဥတု ခပ်အေးအေးမှာ မနက် စောစော စောင်ပတ်ပြီး အိမ်အပြင်ထွက် စောင့်ကြောင့်လေးတွေ ထိုင်ပြီး သောက်ကြတယ်။ ဟိုးအရင်က မြန်မာပြည်က ရေခဲရေသည်တွေ ရေရောင်းသလိုမျိုး.. ချိုင့်လေးနဲ့ ခွက်ကလေးတွေနဲ့ လိုက်ရောင်းတယ်။ ဝယ်သောက်မိတာ စိတ်ပျက်သွားတယ်.. လက်ဖက်ရည်ထဲ ဂျင်းထဲ့ဖျော်ထားတယ် သောက်လို့ကောင်းဘူး။ အေးတဲ့ အချိန်မို့ အအေးဒဏ် ခံနိုင်အောင် လုပ်တာလားတော့ မသိပါဘူး။ သောက်ရတာ မကောင်းဘူး။
ဆူး
April 20, 2011 at 1:10 pm
စိတ်ကြိုက် လက်ဖက်ရည် ဖျော်နည်း…
လက်ဖက်ခြောက် အချိုခြောက်ကို ဝယ်..
ရေနွေးနဲ့ နှပ်..
အရောင် အတန်အသင့် ရင့်ရင့် ဖြစ်တဲ့ အချိန်.. မှာ နို့နဲ့ သကြား နို့ဆီ စိတ်ကြိုက်ရောသောက်…
သို့တည်းမဟုတ်… လက်ဖက်ခြောက် အချိုခြောက် အပြင်.. အရောင်မှုန့်ပါ ရောဝယ်.. ပြီးတော့ ရေနွေးနဲ့ နှပ်.. ကျကျလေး ဖြစ်အောင် ကြာကြာ နှပ်.. နို့နဲ့ သကြား နို့ဆီ စိတ်ကြိုက်ထည့်.. ဆိုင်ဖျော် အရသာ စိတ်ကြိုက်ရမည်။
antimoe
April 20, 2011 at 2:04 pm
ဂျပန်က ပရော်ဖက်ဆာအဖွဲ့နဲ့ လက်ဖက်သုတေသန လုပ်ဖူးပါတယ်။
နမ့်ဆမ် (ကျောက်မဲနားက) အချိုခြောက်ကို အင်္ဂလိပ်တွေ လက်ထက်က မက်မက်မောမော သောက်ခဲ့တယ် ဆိုပါတယ်။
အလွန်မွှေးပြီး သောက်ပြီးတဲ့အခါ လျှာပေါ်မှာ ကျန်ခဲ့တဲ့အရသာက ဖန်တန်တန် ဖြစ်မနေဘူး။ ညမျက်လုံးကြောင်တာတွေ မရှိဘူးဆိုပြီး ပရော်ဖက်ဆာကိုယ်တိုင်လည်း အခုထိ သောက်နေတုန်းပဲ။
အရောင်ကတော့ သိပ်ဆွဲဆောင်မှုမရှိတော့ လှတာမက်ရင်တော့ တခြားအချိုခြောက်တွေနဲ့ တွဲသုံးရမှာပေါ့။
ကျောက်မဲမှာ အချဉ်ခြောက်လုပ်ပုံက ဂျပန်နဲ့ တထေရာတည်း..။
နောက်တနှစ် သွားတော့ လုပ်နည်းကို ဖွက်ထားတယ်။
ဒါနဲ့ပဲ…တဝက်တပျက်နဲ့…သုတေသနကို နားလိုက်ရတယ်…..။
antimoe
April 20, 2011 at 2:31 pm
နဲနဲထပ်ဖြည့်လိုက်ပါတယ်။
သူငယ်ချင်းတချို့နဲ့ လက္ဘက်ရည်ဆိုင်ထိုင်တော့…
ဘာမှာမလဲတဲ့။
ရှိတာချ..ဆိုတော့…စားပွဲထိုးကလေးက..သဂျီးပြောတာတွေ…အကုန်ရွတ်ပြတယ်။
ဒါနဲ့…ပြီးပြီးရော ဆိုပြီး..ပုံမှန်..လို့ ပြောလိုက်တယ်။
ခွက်ကို ရှေ့မှာလာချတာနဲ့ ကိုယ်ကလည်း ရေငတ်နေတာနဲ့ တကြိုက်တည်းမော့ချလိုက်တယ်။
ခွက်ပြန်ချပြီးမှ….တွေ့တယ်။
သကြားရယ်…
နို့ဆီရယ်…
အောက်မှာ….ဒီအတိုင်း…ကျန်နေတာ။
မွှေရမယ်မှန်းမသိလို့….။
နောက်တော့မှ…သူများသောက်တာ ကြည့်မိတယ်။
သံပရာသီးလုံးလောက်ရှိတဲ့ ခွက်ထဲက….
တစက်စီမျှဉ်းပြီး စုတ်သောက်နေတာတွေ့တော့မှ…
လက္ဘက်ရည်ဆိုင်ထိုင်တာ…မော့ဖို့ထက်..
လေဆော့ဖို့…ဆိုတာ…သဘောပေါက်တော့တယ်။
လက္ဘက်ရည်ဆိုင်ထိုင်ရင်…အဲဒီmannerကတော့သိရမယ်နော…။
kopauk mandalay
April 20, 2011 at 3:37 pm
သူကြီးရေ မန်းလေးလက်ဖက်ရည်ဆိုင်တွေမှာသကြားမသုံးတော့ဘူးဗျာ။
အရင်က ရန်ကုန်ရောက်လို့ လက်ဖက်ရည်သောက်ရင် မဝဘူးခွက်သေးလို့ ။
နောက်ပြီး အသင့်ဖျော်ပြီးသားထဲက နေ ခပ်ထည့်ပေးလို့။
မန်းလေးကတော့ အဖန်ရည်သပ်သပ်နှပ် ပြီး သောက်ခါနီးမှ နို့ဆီနဲ့ ရောပေးတာ။
အရင်က မန်းလေးဆိုင်တွေက နွားနို့ အစစ်သုံးတယ်။
အခုတော့ နို့ိစိမ်းပြောင်းသုံးကြတယ်။
ကျနော်က တော့ တစ်ရက်ကိုလက်ဖက်ရည်အနည်းဆုံးသုံးခွက်လောက်သောက်တယ်။
ကျနော်သောက်တဲ့ပုံစံက “ဖန်ဆိမ့် နို့စိမ်းကဲ”(နို့ဆီနဲနဲ့ အဖန်ရည်ကျကျ နို့စိမ်းများများ)
မန်းလေးရောက်ရင်လာခဲ့ နော် လိုက်ပြီးလက်ဖက်ရည်တိုက်မယ်နော် သူကြီးရေ
parlayar46
April 20, 2011 at 5:49 pm
ကျုပ်ကဇွတ်မေ့ထားတာ။ ဒီ ပိုစ့် ဖတ်မိမှ ကျုပ်တို့ခေတ်က လဘက်ရည်ဆိုင်တွေ ပြန်သတိရမိတယ်။ ငယ်ငယ်တုန်းက ကျောင်းသားဘဝမှာ တောင်ငူဆောင်နောက်က ဦးချစ်ဆိုင်ကိုသွား ၊ ပေါ့ကျတိုင်ကီ တစ်လုံးမှာပြီး ရွှေနှင်းဆီဆေးပေါ့လိပ်ကို လက်လှည့် ရေနံဆီမီးခြစ်ကြီးနဲ့ သွားညှိရတာ … အခုပြော အခုလွမ်းတုန်း။ ကျုပ်အတွက်တော့ လဘက်ရည်ဆိုတာ ကျန်တဲ့ဟာလေးတွေနဲ့ တွဲသောက်မှ အရသာပိုကောင်းလာတာမျိုး။
တညင်သား
April 20, 2011 at 5:53 pm
တိုင်ကီ ( နှစ်ခွက်စာကို တခွက်ထဲထည့်သောက်ရသော) ဈေးနှုံး ကတော့ တခွက်ခွဲဈေးပဲပေးရတယ် … တခွက်နဲ့ မဝသောသူများသောက်တယ်..လက်ဖက်ရည်က်ို ကျွန်တော်လဲကြိုက်တယ်… မန ္တလေးမှာ သကြားမသုံးပဲ ထန်းလျှက်နဲ့ ဖျော်တာ သောက်ဘူးတယ် …ကိုပေါက်ရေ အသင့်ဖျော် ပြီးသားက တချို့ရန်ကုန်ကလူတွေ ကြိုက်မှ ကြိုက် နပ်ထားတဲ လက်ဖက်ရည်လေ…..ကျွန်တော်ကတော့မကြိုက်. ကိုပေါက်ရန်ကုန်လာရင် ရန်ကင်း မြို့နယ်က ရန်ကင်းလက်ဖက်ရည်ဆိုင်ကို ကျွန်တော့နာမည်မေးလိုက်ရင်သိတယ်….လှည်းကလေးနဲ့ဒိန်ချဉ် ကိုပါ အဝ တိုက်မယ်..
မိုက်ကယ်ဂျော်နီအောင်ပု
April 20, 2011 at 7:34 pm
ကျေးဇူးပြုပြီး
အရက်အကြောင်းလည်းပြောကြပါဗျို ့
eros
April 21, 2011 at 9:35 am
ဘာမှမပူနဲ့ ဝီစကီ ဘီယာ အကြောင်းရေးဖို့ ကုန်ကြမ်းစုထားတယ်။
bigcat
April 21, 2011 at 1:11 am
လဖက်ရွက်ကို နတ်တွေညွှန်ပြလို့ မြန်မာပြည်မှာ အစဦးဆုံးတွေ့ပြီး တလုပ်နဲ့ကုလားပြည် ရောက်သွားတာပါ။ အဲဒီမှတဆင့် ကမာ္ဘကိုပြန့်ပါတယ်။
ဒါကြောင့် နတ်မယုံရင် လဖက်မငုံနဲ့ဗျို့….
weiwei
April 21, 2011 at 2:48 am
လက်ဖက်ရည်မကြိုက်တတ်လို့ လက်ဖက်ရည်ဋီကာတော့ မချဲ့တတ်ဘူး … YTU ကင်တင်းက မေတ္တာပေါင်းကူးမှာတော့ ၂ နှစ်ဆက်တိုင်း ကျောင်းဖွင့်ရက်တိုင်းမှာ တစ်နေကုန် လက်ဖက်ရည်ထိုင်သောက်ခဲ့ဖူးတယ် … ပထမဆုံး လက်ဖက်ရည်သောက်တတ်ခဲ့တဲ့ဆိုင်ဆိုတော့ အမှတ်တရဖြစ်ခဲ့သလို လက်ဖက်ရည်အရသာကလဲ ဖန်တန်တန်နဲ့ သောက်လို့ကောင်းပါတယ် …
တရုတ်ပြည်မှာ လက်ဖက်ရည်အကျသောက်တဲ့ အလေ့အထမရှိဘူး … အခုနောက်ပိုင်းမှာတော့ KFC မှာ လက်ဖက်ရည်အအေးရပါတယ် … တော်တော်ဖန်ပြီး ခွက်လဲကြီးတော့ ကုန်အောင်မနဲသောက်ရတယ် …
winkyawaung
April 21, 2011 at 8:55 am
ဆရာတို့ တင်တာတွေကို ဖတ်ပြီး လက်ဖက်ရည်ဆိုင်ထောင်တော့မယ်ဗျာ။
kai
April 21, 2011 at 9:03 am
အယ်ဒီတာနှင့် လက်ဖက်ရည် ယဉ်ကျေးမှု
ရေးသူ- ဒဂုန်တာရာ
(က)
အယ်ဒီတာနှင့် လက်ဖက်ရည်
ဆိုင်ချင်မှ ဆိုင်မည်။ အယ်တီတာသည် သူ့အိမ်တွင်လည်း လက်ဖက်ရည်ဖျော်၍ သောက်နိုင်သည်။ သို့သော် အယ်ဒီတာဘဝနှင့် လက်ဖက်ရည်ဆိုင်ကတော့ ဆိုင်ကို ဆိုင်သည်။ အယ်ဒီတာဘဝဆိုသည်မှာ အယ်ဒီတာဘဝ၏ စားဝတ်နေရေးကို ဆိုလိုရင်းမဟုတ်။
သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် အယ်ဒီတာ၏ ဘဝကို ဆိုလိုခြင်း ဖြစ်သည်။ လှုပ်ရှားနေသော အယ်ဒီတာဘဝ။ အယ်ဒီတာစားပွဲတွင် ထိုင်ကာ ငြိမ်သက်နေ၍ မဖြစ်။ အယ်ဒီတာသည် လူအများနှင့် ထိတွေ့ရမည်။ လူအများ၏ ခံစားမှုကို သိရမည်။ စာရေး ဆရာများနှင့် ထိတွေ့ရမည်။ လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လူအများ လွယ်လွယ်ကူကူ ထိတွေ့ဆုံစည်းရာ နေရာတခု။
ကျွန်တော်ငယ်စဉ် အသက် ၂ဝ မတိုင်မီ ကျောင်းသားဘဝက စာကလေး ပေကလေး တောက်တိုမယ်ရ ရေးရင်းက အယ်ဒီတာများနှင့် ထိတွေ့ခဲ့ရသည်။
ကျွန်တော်သည် စစ်ကိုင်းကျောင်းဆောင်မှ ဖြတ်ကာ သထုံကျောင်းဆောင်ရှေ့ရှိ နဂါး ဘတ်စ်ကားကို စီးကာ ဆူးလေဘုရားလမ်းတွင် ဆင်းလိုက်သည်။ ထို့နောက် ဆူးလေဘုရား လမ်းရှိ ဝိတိုရိယဘုရင်မ ပန်းခြံရှေ့ ဒဂုန်မဂ္ဂဇင်းတိုက်သို့ ဝင်သွားသည်။ ထပ်ခိုးလေးသို့ တက်လိုက်ရသည်။ ထိုထပ်ခိုးလေးတွင် အယ်ဒီတာ၏ အခန်း။ အယ်ဒီတာစားပွဲတွင် ကြာကြာ ထိုင်ချင်မှ ထိုင်မည်။ ထိုအခါက ဒဂုန်မဂ္ဂဇင်း အမှုဆောင်အယ်ဒီတာများ ဖြစ်ကြသော ကိုလှဘူး၊ ကိုစန်းငွေ၊ ကိုချင်းစိန်(ရွှေညာမောင်) တို့နှင့် အောက်သို့ဆင်းကာ ဆူးလေဘုရားလမ်း မှ ကွေ့လိုက်ပြီး ၃၂ လမ်းထိပ်ရှိ သဟာယလက်ဖက်ရည်ဆိုင်သို့ အတူသွားကြသည်။ သူတို့ကတော့ လက်ဖက်ရည်မှာသည်။ ကျွန်တော်ကတော့ မရင်းနှီးခင်က လက်ဖက်ရည် မှာသည်။ တငုံနှစ်ငုံသာ သောက်သည်။ ကျွန်တော်က လက်ဖက်ရည် သိပ်သောက်တတ်သူ မဟုတ်။
နောက်ကျွန်တော့်အကြောင်း သိသွားသောအခါ ကျွန်တော့်အတွက် ဗီတာမို၊ ကိုကိုး စသည်တို့ မှာတတ်သည်။ သူတို့က နားလည်နေသည်။ ကျွန်တော်ရောက်လာလျှင် ကိုချင်းစိန်က လက်ဖက်ရည်တိုက်ဗျာဟုခေါ်ပြီး အောက်သို့ ဆင်းတတ်သည်။ ကိုချင်းစိန်က ကျွန်တော့်ထက် ဆယ်နှစ်ခန့် ကြီးမည်။ လက်ဖက်ရည်ဆိုင်ထိုင်၍ စကားကောင်းနေကြစဉ် ပန်းချီဆရာ ကိုလေး၊ ပန်းချီဆရာ ကိုဘရင်ကြီးတို့လည်း ရောက်လာတတ်သည်။ သူတို့နှင့် ဝိုင်းဖွဲ့ကြပြန်သည်။
(ခ)
၁၉၄၆ တွင် ကျွန်တော် တာရာမဂ္ဂဇင်းထုတ်ဝေခဲ့ရာ လက်ဖက်ရည်ဆိုင်နှင့် မကင်းပဲ ဖြစ်ရပြန်သည်။ ကျွန်တော့်ထံသို့ လာကြသော စာရေးဆရာများကို ခဏတဖြုတ် စကားပြောပြီး လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားတတ်သည်။ တာရာမဂ္ဂဇင်းတည်ရာ ၁၄ လမ်းရှိ အခန်းသည် ကျဉ်းသည်။ အိမ်တွင်လုပ်ထားသော အခန်းဖြစ်၍ အလုပ်မဆန်ပဲ အိမ်ဆန်နေသည်။ ဧည့်သည်များကလည်း ဤအခန်းကျဉ်းလေးတွင် ကြာရှည် စကားပြောရန် ဆန္ဒရှိချင်မှ ရှိမည်။ ကျွန်တော့်ထံတွင် ရေးသားကြသော တက္ကသိုလ်ကျောင်းသား လူငယ်များကို ၁၄ လမ်းနှင့်ကပ် လျက် ရွှေတောင်တန်းထိပ်ရှိ အီကော်နောမစ်ကဖီးသို့ ခေါ်သွားလေ့ရှိသည်။
သည်ဆိုင်က ကော်ဖီကောင်းသည်။ ကော်ဖီခပ်ခါးခါး ဖျော်တတ်သည်။ အိမ်မှာ စကားပြောရသည်က သိပ်မလွတ်လပ်သလို ခံစားရသည်။ မြင်ကွင်းကတော့ စိမ်းနေတတ် သည်။
လက်ဖက်ရည်ဆိုင်ကတော့ မြင်ကွင်းက မစိမ်း။ လူအများ ဝင်ထွက်နေကြသည်။ တစိမ်းမဆန်။ ထို့ကြောင့်ပင် လက်ဖက်ရည်ဆိုင် ထိုင်ရသည်မှာ အရသာရှိသည်ဟု ထင်မိသည်။
ထို့နောက် ကျွန်တော်၏ တာရာမဂ္ဂဇင်းစာပုံနှိပ်တိုက်မှာ ကိုင်းတန်းသို့ ရွှေ့ပြောင်းသွား ရာ ယင်းကိုင်းတန်းထိပ်တွင်လည်း လက်ဖက်ရည်ဆိုင် ရှိသည်။ ဤလက်ဖက်ရည်ဆိုင်သို့ လည်း ကျွန်တော်တို့ သွားတတ်သည်။
ကိုင်းတန်းထိပ်တွင် စေတီတဆူ ရှိသည်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ယင်းစေတီမှ ဆည်းလည်းသံ ကြားရသည့်အခါ တမျိုးခံစားရသည်။ လက်ဖက်ရည်ဆိုင် ရောက်သွားသော အခါ လွတ်လပ်သွား၍ မိမိခံစားမှုကို လွတ်လွတ်လပ်လပ် ပြောချင်လာသည်။ ကိုယ့်ဝိုင်းနှင့် ကိုယ် အခြားသူများကိုလဲ ဂရုစိုက်စရာမလို။ အိမ်တွင်ကျတော့ တမျိုး။ အိမ်မှာတော့ အိမ်သူ အိမ်သားများ ရှိနေ၍ မလွတ်မလပ် ဖြစ်နေတတ်သည်။
တာရာမဂ္ဂဇင်းမှာ ၁၉၅ဝတွင် ရပ်စဲသွား၍ ကျွန်တော်တို့သည် ဗန်းမော်တင်အောင်၏ လင်းယုန်ဂျာနယ်ဝိုင်းသို့ ရောက်သွားပြန်သည်။ လင်းယုန်ဂျာနယ်မှာ လမ်း ၄ဝ တဝိုက်ရှိ စစ်အတွင်းက ဗုံးကျထား၍ ပြန်မဆောက်နိုင်သော တိုက်ပြိုတိုက်ပျက် နံရံများကြား မြေစိုက်ဓနိမိုး ဝါးကာအိမ်ကလေးများ ဖြစ်ကြသည်။ လင်းယုန်ဂျာနယ်အခန်းမှာ သိပ်ကျယ် ကျယ်ပြန့်ပြန့်မရှိ။ စာစီခုံများနှင့် ပြည့်ကျပ်နေသည်။ ထိုင်စရာ ကုလားထိုင်များကလည်း သိပ်မများ။ လူများလာလျင် ကျွန်တော်တို့သည် အနီးအနားရှိ လက်ဖက်ရည်ဆိုင်သို့ သွားကြသည်။
ကိုတင်အောင်ထိုင်တတ်သော လက်ဖက်ရည်ဆိုင်မှာ မဟာဗန္ဓုလလမ်းပေါ်ရှိ ပလက်ဖောင်း လက်ဖက်ရည်ဆိုင် ဖြစ်သည်။ ကိုတင်အောင်က သူ့အကြိုက် ရွေးထားသော ဆိုင် ဖြစ်သည်။ သူက လက်ဖက်ရည်ကြိုက်သူ။ သူက ဧည့်သည်ဘယ်နှစ်ယောက်လာလာ ဧည့်သည်ကို လက်ဖက်ရည်တိုက်ရင်း သောက်လေ့ရှိသည်ကို ကျွန်တော်က အံ့ဩမိသည်။
ကျွန်တော်ကတော့ ထုံးစံအတိုင်း လက်ဖက်ရည်သောက်သူမဟုတ်။ ကော်ဖီ သို့မဟုတ် လျှင် နို့ဘာညာ မှာတတ်သည်။
တခါက ကျွန်တော့်ထက် အသက် ၁၅နှစ် အနှစ်၂ဝ ခန့်ကြီးသော စာရေးဆရာကြီး တဦးက ကျွန်တော့်ကို ဝေဖန်ဖူးသည်။ ကျွန်တော်က ဓနရှင်ဆန်သတဲ့။ ကျွန်တော်ဘာမျှ မတတ်နိုင်။ ကျွန်တော့်အကြိုက်နှင့် ကျွန်တော်သောက်ခြင်းသာ ဖြစ်သည်။
‘သူများကတော့ လက်ဖက်ရည်သောက်တယ်။ သူကတော့ ဟောလစ်သောက်တယ် ဗျား’ ဟု ရယ်မောကာ ပြောလေသည်။ လက်ဖက်ရည်ဆိုင်ထိုင်ရသည်ကို ကျွန်တော်က ကြိုက်သည်။ လူစုံသည်။ ဆွေးနွေးရသည်။ ငြင်းခုန်ကြရသည်။ အငြင်းအခုန်ထဲမှ ခေတ်ပေါ်ခံစားမှု ရလာတတ်သည်။ လက်ဖက်ရည်ဆိုင်သည် အခမ်းအနားမပါ။ ခမ်းမဆောင် တောက်ပြောင်မှု မရှိ။ စကားအခြေကျအောင် ထိန်းကျောင်းကွပ်ကဲသော သဘာပတိ မရှိ။ ထိုကြောင့်လည်း ခေတ်ပေါ်စာပေ ရေစီးကြောင်းသည် လက်ဖက်ရည်စားပွဲမှ စီးဆင်းတတ်မြဲ ဖြစ်သည်ကို ကျွန်တော်က သဘောကျသည်။
နောက်ပိုင်းတွင် လမ်းဘေး လက်ဖက်ရည်ဆိုင်များ ခေတ်စားလာသည်။ အိမ်ခန်းများ ကလည်း စရိတ်ကြီးလှသည်။ အပျောက်ကြီးလှသည်။ အိမ်ခန်းများမငှားနိုင်။ ထိုအခါ လမ်းဘေးပလက်ဖောင်းပေါ်တွင် ခွေးခြေတို ခွေးခြေပုကလေးများဖြင့် ဆိုင်ဖွင့်ထား တတ်ကြ သည်။ ပလက်ဖောင်းဘေးဟု အထင်သေး၍မရ။ လက်ဖက်ရည် အရည်အသွေးက ကောင်း သည်။ ဈေးကလည်း သိတ်သေးသည်မဟုတ်။ လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် စာပေသမားများသာမဟုတ်။ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ ဗွီဒီယိုဆရာ စသော အနုပညာရှင် များ၏ ဗဟိုအဖြစ်လည်း ဆုံရာ၊ ထိတွေ့ရာနေရာ ဖြစ်သည်ကို ကျွန်တော်က ကြိုက်သည်။
စာရေးဆရာ အယ်ဒီတာဆိုသည်မှာ လူထုနှင့် ကင်းကွာ၍ မဖြစ်၊ ပြည်သူ့ဘဝနှင့် ကင်းကွာ၍ မဖြစ်။ ပြည်သူ့ဘဝနှင့် ကင်းကွာလျှင် လူထုခံစားမှုကို သိမည်မဟုတ်။ ပြည်သူ့ဘဝနှင့် ကင်းကွာလျှင် ခေတ်ပေါ်စာပေကို ဖွဲ့နိုင်မည်မဟုတ်ဟု ကျွန်တော်က ထင်နေသည်။
(ဂ)
ကျွန်တော်ငယ်စဉ် ၅-၆ နှစ်သား အရွယ်က ဖြစ်မည်။ လွန်ခဲ့သော နှစ် ၆၀- ၇ဝ နှစ်ခန့်က ဖြစ်မည်။ ကျွန်တော်တို့ ရန်ကုန် ကိုင်းတန်းတွင် နေဖူးသည်။ ကမ်းနားလမ်းနှင့် ကိုင်းတန်းလမ်းထိပ် တအိမ်ကျော် ထောင့်အိမ်နှင့် လမ်းကြားတခုသာ ခြားသည်။ အိမ်ပေါ်မှနေ၍ ကုလားလက်ဖက်ရည်ဆိုင်ကို မြင်နေရသည်။ ကျွန်တော်တို့ အိမ်တွင် စပါးလုပ်ငန်းနှင့် ကျွန်တော့်အဖေက ဆက်စပ်နေ၍ သူတို့က လက်ဖက်ရည် မပြတ်မှာ သောက်နေကြသည်။ အိမ်ပေါ်မှနေ၍ ကြိုင်းရေးပြားလားဟု အော်လိုက်လျှင် ကုလားက လက်ဖက်ရည်တခွက် လာပို့သည်ကို မှတ်မိနေသေးသည်။
ထိုခေတ်က ကုလားစကားဖြင့် ပြော၍ လက်ဖက်ရည်ကို မှာကြားရသည်။ ကျွန်တော် လက်ဖက်ရည်ကို မြည်းကြည့်ဖူးသည်။ လက်ဖက်ရည်ပေါ်တွင် နို့မလိုင်များက ပေါ်နေသည်။ တခါတရံ နို့မလိုင်ဖတ်မှာ လက်ဖက်ရည်ပန်းကန် ပန်းကွက်ပေါ်တွင် တင်၍နေသေးသည်။ ထိုခေတ်က ကုလားများသာလျှင် လက်ဖက်ရည်ဆိုင် ဖွင့်ကြသည်။ ကုလားဗမာ အဓိကရုဏ်းများ ပေါ်ထွန်းလာသောအခါ မြန်မာလက်ဖက်ရည်ဆိုင် အနည်းအကျဉ်း ပေါ်ထွက် လာသည်။ ဂျပန်ခေတ်တွင်ကား မြန်မာလက်ဖက်ရည်ဆိုင်များ အတော်ပေါ်လာသည်။
စစ်ပြီးခေတ်တွင် မဂ္ဂဇင်း ဂျာနယ် အယ်ဒီတာ အခန်းများသို့ ရောက်သောအခါ စာစီသမားများက နို့ဆီခွက်ဖြင့် လက်ဖက်ရည် မှာသောက်သည်ကို တွေ့နေကြသည်။ ပုံနှိပ်စက်အလုပ်သမား စာစီသမားများက လက်ဖက်ရည် အတော်ကြိုက်ကြသည်။ ကျွန်တော်တို့စာများ စီနေသည့်အခါတွင် ကျွန်တော်တို့က လက်ဖက်ရည်တိုက်လျှင် သူတို့က ရွှင်ပြနေကြသည်။
၁၉၅၃ တဝိုက်က ကျွန်တော်သည် ဆိုဗီယက်ပြည်ထောင်စုသို့ သွားရာလမ်းခရီး လေယဉ်ပေါ်တွင် လက်ဖက်ရည် တိုက်သည်။ ရုရှားလက်ဖက်ရည် ပုံစံကတမျိုး။ ငွေရောင် ပန်းကနုတ်ကွက်ဖော်ထားသော လက်ကိုင်အောက်တွင် ဖန်ခွက်၊ ယင်းဖန်ခွက်ထဲတွင် လက်ဖက်ရည် သကြားနှင့်ဖျော်သည်ကို သံပုရာ ညှစ်ထားသည်။ ရုရှားတို့ကလည်း လက်ဖက်ရည်ကို ချိုင်းဟု ခေါ်ကြသည်။ တရုတ်ပြည်ရောက်တော့ ဆွေးနွေးပွဲများတွင် လက်ဖက်ရည် လာချသည်။ လက်ဖက်ရည်စိမ်း။ စိမ်းဝါနုရောင်ထဲတွင် လက်ဖက်ရွက် စိမ်းဖတ်များက လတ်လတ်ဆတ်ဆတ်ကဲ့သို့ တွေ့နေရသည်။ လက်ဖက်ရည်နက် ဆိုတာလည်း ရှိသေးသည်။ သူကတော့ ဆေးနံ့လို ခပ်မွှေးတေးတေး။ တရုတ်လက်ဖက်ရည်တွင် စံပယ်နံ့၊ နှင်းဆီနံ့များ သင်းနေတတ်သည်။
ကျွန်တော်တို့တွင်လည်း လက်ဖက်ရည်ကြမ်းကို ရိုးရာအခင်းအကျင်းတမျိုးအဖြစ် တွေ့နိုင်သည်။ ရှမ်းပြည်ရောက်တော့ လှော်ထားသော လက်ဖက်ရည်နံ့ကလည်း တမျိုး။ ၁၉၃ဝ က လားရှိုးတွင် ပထမ ခံစားရခြင်းဖြစ်သည်။ သူတို့ကတော့ အခါးရည်ဟု ခေါ်သည်။
ခေတ်များစွာကို ဖြတ်သန်းရင်း လက်ဖက်ရည်ကို ကျွန်တော် ထိတွေ့နေရသည်။
ယနေ့ခေတ်တွင်ကား လမ်းဘေးပလက်ဖောင်းတွေမှာ ခွေးခြေပုလေးနှင့် လက်ဖက် ရည်ဆိုင်များကို တွေ့နေရသည်။
ကျွန်တော်က ဒါကို လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ဟု ခေါ်လိုက်ချင်သည်။ သူ့ခေတ်နှင့် သူ။
ကျွန်တော့် စာပေမိတ်ဆွေထဲတွင် လက်ဖက်ရည်ကြိုက်သူမှာ ဗန်းမော်တင်အောင်။ သူကတော့ တနေ့ကို ဘယ်နှစ်ခွက် သောက်ရမလဲ၊ သောက်နိုင်သူ ဖြစ်သည်။ သူ့ကြောင့်ပင် ကျွန်တော်သည် လက်ဖက်ရည်ဆိုင်များကို ရောက်ခဲ့ရသည်။ သူအကြိုက်ဆုံးက ရွှေလှေကား လက်ဖက်ရည်။ အခြားဆိုင်ဆိုလျှင် သိတ်မသွားချင်။ မသောက်။ သူ၏ ဒေါက်တာရေချမ်း ဝတ္ထုထဲတွင် သူ့ဇာတ်လိုက်သည် မသေခင်ကလေးတွင်ပင် လက်ဖက်ရည်ခါးခါးတခွက် တောင့်တသည်ကို ဖတ်ခဲ့ရဖူးသည်။ ဝတ္ထုဖတ်ပရိသတ်ကလည်း ဝတ္ထုထဲက ဇာတ်ကောင်၏ အတိုင်း လက်ဖက်ရည်ကို စွဲလန်းသည်ဟု ကြားဖူးရသည်။
လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လူစုံသည်မှာ သဘာဝ။ တချို့က လူစုံသည့်အတွက် မကြိုက်။ လူစုံတော့ အယူအဆစုံ ခံစားမှုအစုံ ကြားရသည်။ မတူသော ခံစားမှုလည်း ပါချင်ပါမည်။
ကိစ္စမရှိပါ။ ဒါက သဘာဝတရား။ ယင်းသို့ မတူသော အယူမဆရှိသူများ တဝိုင်းတည်းတွင် အတူငြိမ်းချမ်းစွာ ရှိနေခြင်းက ကောင်းသည့်သဘော။ မတူသည်ကို အတင်းအဓမ္မ တူအောင်လုပ်စေခြင်းက သဘာဝတရားမဟုတ်။ မကြိုက်တာချင်း တူချင်မှ တူမည်။ အကြိုက်ချင်းတူမည်။ ကိစ္စမရှိ။
ယနေ့ခေတ်သည် ဗဟုဝါဒခေတ်။ ယနေ့ လူငယ်အယ်ဒီတာ (လူလတ်ပိုင်းလည်းဖြစ်နိုင် သည်။) တို့၏ ခံစားမှု၊ သူတို့၏သမိုင်းကို ဖြတ်သန်းခဲ့သော အတွေ့အကြုံများအရ သိနေကြသည်။
ခေတ်ပြိုင် ခံစားမှု ဆိုသည်ကလည်း ဗဟုဝါဒ။
ဒဂုန်တာရာ။
စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ် (၇)၊ ဩဂုတ်၊ ၂၀၀၁။
မာယာက ကူးပါတယ်..။
http://mayaonlinemagazine.blogspot.com/2008/11/blog-post_02.html
kai
April 21, 2011 at 9:06 am
Tea ချို-ပေါ့-ကျ တခွက်
လက်ဖက်ရည်ဟာ သောက်စရာ မှန်သမျှထဲမှာ ကော်ဖီနဲ့အတူ ပေါ်ပြူလာ အဖြစ်ဆုံးပါ။ ကော်ဖီ၊ အရက်၊ အအေးတွေ အားလုံး ပေါင်းလိုက်တာထက်တောင်မှ လက်ဖက်ရည်က ပိုများတာ အိန္ဒိယမှာ ဖြစ်ပါတယ်။ ဒါတောင် လူတယောက် တနှစ်သောက်တာ 750 grams သာရှိပါသတဲ့။ တူရကီမှာက 2.5 kg ရှိလို့ per capita consumption တဦးချင်း သောက်သုံးမှုနှုံး အများဆုံး။
“အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့စကားက Tea leaves လက်ဖက်ရွက်အတွက် အမြတ်နိုး တန်ဘိုးထားမှု တခုပါ။ ဗမာတွေ မနက်မိုးလင်းကနေ မအိပ်မချင်း သောက်ကြတဲ့ ရေနွေးကြမ်း၊ အဖန်ရည်ကို သူများတွေ မသိရှာကြပါ။ သူများတွေ ကြိုက်ကြတာက ဖျော်သောက်ရတဲ့ Tea လက်ဖက်ရည်။ ဒါ့ကြောင့် လက်ဖက်ရည်-အချိုကိုဘဲ စာဖွဲ့ရေးကြ သမိုင်းတွေ လိုက်ရှာကြတယ်။
လက်ဖက်ပင်ရဲ့ ရာဇဝင်က အာရှမှာ စတင်ခဲ့တာပါ။ တရုပ်၊ အိန္ဒိယ နဲ့အတူ မြန်မာနိုင်ငံလဲပါတယ်။ BC 300 – AD 200 Shennong Ben Cao Jing ခေါ်တဲ့ တရုပ် ဆေးဖက်ဝင်အပင်တွေ အကြောင်း စာအုပ်မှာ အစောဆုံး တွေ့ရတယ်။ ပါးစပ်ပြော တရုပ်သမိုင်းမှာ ဘီစီ ၂၇၃ရ က (ရှန်နွမ်) ဧကရာဇ်ဟာ လက်ဖက်ပင်အောက်မှာ စံနေယင်း သူသောက်တဲ့ ရေနွေးထဲ အမှတ်တမဲ့ကျတဲ့ အရွက်ကို ရာဇအိန္ဒြေမပျက် ဆက်သောက်ရာကနေ သဘောကျ နှစ်ခြိုက်တော်မူပြီးနောက် လူတွေ လိုက်သောက်လာ ကြတယ်လို့ ဆိုတယ်။
ဒီစာဖတ်ရတော့ ဟိုအရင်က စိတ်ကူးယဉ် ဝတ္ထုတပုဒ်ထဲမှာ “စထော်ဘယ်ရီပင်အောက် အတွဲတတွဲ ထိုင်ပြီးနောက့်” ဆိုတာ ရေးမိသူ လူပြောခံရတာ အမှတ်ရလာတယ်။ အခုမြင် လက်ဖက်ပင်အောက်မှာ လူထိုင်လို့ မလွတ်တာမို့ တရုပ် ဘုရင် လက်ဖက်ပင်အောက် မှောက်နေမလားပေါ့။ ပြီးမှ ခုခေတ်မှာ အရွက်ခူးရ အဆင်ပြေအောင် လက်ဖက်ပင်တွေကို ရင်ခေါင်းလောက်သာ ထားကြတယ် မဟုတ်ပါလား။
ဗမာပြည်က ထူးစရာရှိရင် ထူးပါတယ်။ မကောင်းလို့ ထူးတာတွေ နှစ်သစ်မှာ မပြောကြေး။ ထူးတဲ့ အကောင်းထဲမှာ လက်ဖက် အကြောင်းလဲပါတယ်။ လက်ဖက်ကို အနည်းဆုံး သုံးမျိုးလုံး သုံးတတ်တာ ဗမာဘဲရှိတယ်။ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်ချို၊ လက်ဖက်သုပ်၊ ဒါတင် ဘယ်ဟုတ်မလဲ လက်ဖက်ရည်ဆိုင်ထိုင်တာလဲ ကိုယ့်ဆီမှာဘဲ ရှိတာ။ ကမာ္ဘမှာ (ကဖေး)၊ (ရက်စ်တောရင့်)၊ (ဟော်တယ်)၊ (ကော်ဖီ-ဟောက်စ်) တွေမှာသာ လက်ဖက်ရည်ကို ထိုင်သောက်လို့တော့ ရမယ်။ (တစ်ပ်) ပေးရမယ်။ (တက်စ်) ကလဲ မနည်းဘူး။ အိန္ဒိယမှာ အပိုအဆာတော့ မပေးရပါ။ ခက်တာက အုတ်ခုံ၊ ကျောက်တုံးမှာသာ ထိုင်တတ်သလို ထိုင်သောက်ရတယ်။ ကိုယ့်ဆီက ဆိုင်မှာတော့ လက်ဖက်ရည် မှာတတ်အောင် ခေတ်စကား တတ်မှရတယ်။ (ကင်ညာ) မှာ သောက်ကြတာကလဲ “ကျောက်ပန်းတောင်း” လို အလွန်ချိုပြီး၊ တကယ်လဲ ပူတဲ့ လက်ဖက်ရည်ဘဲတဲ့။
သူများဆီမှာ High tea လို့ခေါ်တာ ဖက်ရှင်တခုလိုပါ။ ညနေ ၅ နာရီနဲ့ ၆ နာရီကြားမှာ ဆိုရှယ် လူစုလူဝေး လုပ်ကြတာပါ။ Meat Tea လို့လဲ ခေါ်သေးတယ်။ အမေရိကန်တွေ ထွင်တာပါ။ လက်ဖက်ခြောက်နဲ့ အမေရိကန် သမိုင်းမှန်ရှိတယ်။ ၁၇၇၃ ဒီဇင်္ဘာ ၁၆ ရက်မှာ ဗြိတိသျှ-ကိုလိုနီ၊ ဘော်စတွန်မြို့မှာ အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် သင်္ဘောသုံးစီးပေါ်က လက်ဖက်ခြောက် သေတ္တာ မှန်သမျှ ပင်လယ်ထဲ သွန်ချခဲ့ကြလို့ Boston Tea Party လို့ တွင်ခဲ့တယ်။
အာရှမှာလဲ (ဟိုင်း-တီး) ကို ၂ နာရီကနေ ၆ နာရီအတွင်း နောက်ကျကျ နေ့လယ်စာအနေနဲ့ ဧည့်ခံတယ်။ High ဆိုတာ လက်သုံးစကားသာဖြစ်ပြီး တိုက်ရိုက် အဓိပ္ပါယ်ကို ဆိုလိုတာ မဟုတ်ပါ။ High-end hotel တွေမှာ High tea ကို (ဆာ့ဖ်) လုပ်ကြတယ်။ ပြင်သစ်မှာ ညနေ ၄ နာရီလောက် ကျောင်းကနေ ဆာဆာနဲ့ ပြန်လာကြတဲ့ ကလေးတွေကို တိုက်တယ်။ ဘယ်လို ခေါ်ခေါ်ပါ ဒါတော့ ကောင်းတယ်။ ၁၈၄ဝ တုံးက သတ္တမြောက် Duchess of Bedford က ကလေးတွေလိုဘဲ ထင်ပါရဲ့ ညနေ ၄ နာရီလောက်ဆို ဗိုက်ဆာတတ်သတဲ့။ ဒါနဲ့ ညနေခင်း လက်ဖက်ရည် ပွဲတော်တည်တာ ဖြစ်လာရတယ်။ Tea အလေ့အထ အင်္ဂလိပ်တွေ ရလာကြတာကလဲ ပေါ်တူကီ မင်းသမီး Catherine of Bragança က ဒုတိယမြောက် ချားလ်နဲ့ လက်ထပ်တော့ မင်္ဂလာလက်ဆောင်ပြန် သဘောဘဲတဲ့။
မင်းသမီးနဲ့ တဆက်ထဲ အမျိုးသမီးတွေလဲ ပြောပါအုံးမယ်။ Tea shops လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို စခဲ့တာ အမျိုးသမီးပါ။ ၁၈၆၄ ဂရိတ်-ဗြိတိန်မှာ ပေါင်မုံ့ဆိုင်ရဲ့ ဖေါက်သည်ကောင်းတွေကို စပြီးတည်ခင်းရာကနေ ဖြစ်လာတာတဲ့။ လက်ဖက်ခြောက်မှာ အရောင်ဆိုးတာပါ-မပါ စမ်းနည်းကို အမျိုးသမီး ဒေါက်တာ Alberta (ရိဒ်) ကနေထွင်ခဲ့လို့ Read Test ခေါ်ပါတယ်။
ရုက္ခဗေဒလို Camellia sinensis ခေါ်တယ်။ အမြဲစိမ်း အပွင့်ပွင့်တဲ့အပင်မျိုး။ မိုးရေ တနှစ်မှာ အနည်းဆုံး လက္မ ၅ဝ ရမှ ပေါက်တယ်။ မြေကလဲ အချဉ်ဓါတ်ရှိမှ ကောင်းတယ်။ အမြင့်ပေ ၄၉၀ဝ လို့ ဆိုတယ်။ “လက်ဖက်ကောင်း စားချင်ရင် ပလောင် တောင်တက်နှေး” ဆိုတာက ပလောင် လူမျိုးတွေဟာ လက်ဖက် ခူးရာမှာ အနုစိတ်၊ အသေးစိတ် လုပ်ရလို့ တောင်စောင်းတလျှောက် လက်ဖက်ခူးရာ ဖြေးရ-နှေးရတာကို ပြောတာပါ။
လက်ဖက်ရွက်က အရောင် ၆ မျိုးတောင်ရှိတယ်။ အဖြူကနေ အနက်အထိ။ တောင်အာဖရိကမှာ ပေါက်တဲ့ Rooibos plant ကို Red bush ခေါ်တော့ အာရှမှာခေါ်တဲ့ Red tea ကိုဘဲ Black tea လို့ခေါ်တယ်။ သူတို့ လုပ်တော့ ရှုတ်ကုန်ရော။ Black tea ဖျော်တာမှာ ရေနွေးကို ၁၀ဝ ဒီဂရီအထိ မရောက်ခင် လက်ဖက်ခြောက် ထည့်ရတယ်။ Green tea ကြတော့ အဲလောက် ဆူစရာ မလိုပါတဲ့။ White or Oolong tea ကိုတော့ ၉၀-၁၀ဝ ပူလဲ ရတယ်ဆိုဘဲ။
လက်ဖက်ရည် တည်ခင်းတဲ့ခွက်ကလည်း စကားပြောသေးတယ်။ သိတဲ့အတိုင်း ဗမာတွေက ကြွေပန်းကန်၊ စဉ့်ပန်းကန် သုံးတာ များတယ်။ အိန္ဒိယမှာ ကြွေအတုသာ သုံးတယ်။ အိန္ဒိယမြောက်ပိုင်းမှာ မြေခွက်လေးတွေ သုံးပါတယ်။ သုံးပြီး လွင့်ပစ်ရလို့ ဒါလဲ တခါသုံးဘဲ။ ဗုဒ္ဓဂါယာ ဘုရားဖူးပြန် ဆောင်းပါးတပုဒ် ဖတ်ရတယ်။ လက်ဖက်ရည်ကို (ဟင်ဒီ) လို Chai (ကျားယ်) (ချားယ်) လို့ အသံထွက်တယ်။ စကားမတူရင် ကိုယ်နဲ့ နီးတာ ယူတတ်ကြတော့ စာရေးဆရာမက ရေးပါတယ်။ “ကာလကတ္တား ဘူတာမှာ ကျားဟေ့၊ ကျားဟေ့ဟု အော်၍ ရောင်းသော လက်ဖက်ရည်ကို အိုးပုတ်နဲ့ သောက်ခဲ့ရသည်။” ခုထိ ရီရလို့ ကျေးဇူးတင်ပါတယ်။
လက်ဖက်ရည်နဲ့ ကျန်းမာရေး ဆက်စပ်မှုမှာ ငြင်းစရာတွေ ရှိတယ်။ ဖြစ်နိုင်ခြေ အကျိုးတွေထဲမှာ ကင်ဆာ နဲ့ နှလုံး-သွေးကြောရောဂါတွေကို ကာကွယ်တာ ပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းလို့ သိတာပါ။ လူတွေကို အဲလိုထိ ဖြစ်စေဘို့ လိုအပ်တဲ့ ပဏာမမှာ ငြင်းစရာ ဖြစ်နေတယ်။ ၂၀၁ဝ သုတေသနတခုအရ အသက် ၆၅ နှစ်ကျော်သူ ၄၈၀ဝ ကို စမ်းတော့ Cognitive decline စိတ်ကူး စိတ်သန်းတွေ လျော့နည်းလာတာမှာ သက်သာတာ တွေ့ရတယ်။ အရိုးလဲ ကောင်းစေသတဲ့။
အကောင်းဖက်က ဆက်ပြောရရင် လက်ဖက်ရွက်ဟာ ခေသူမဟုတ်ပါ။ ဓါတုအမျိုးပေါင်း ၇၀ဝ ကျော်ပါတယ်။ Amino acids, Flavanoides, Vitamins (C, E, K), Caffeine နဲ့ Polysaccharides တွေပါတယ်။ (ဆဲလ်) တွေကနေ ရောဂါ ပြီးတာကို ဆောင်ရွက်ပေးရာမှာ အကူအညီပေးတယ်။ (ဆဲလ်) နံရံတွေကို Oxidative damage ကြောင့် ပျက်စီးမှာကို သက်သာစေနိုင်တယ်။ Fluorine ဆိုတာပါလို့ သွား-သွားဖုံမှာ ရေစီးကမ်းပြိုဖြစ်တာ ကာကွယ်စေတယ်။ သွေးဖိအား ထိန်းညှိတာ၊ အဆီထိန်းပေးတာ၊ ဆီးထဲက အချိုဓါတ်ထိန်းတာတွေကိုပါ သက်ရောက်စေတယ်။ ဗက်တီးရီးယားတွေကိုလဲ သေစေ၊ တားစေနိုင်တယ်။
Tea ထဲမှာ Antioxidant ဖြစ်တဲ့ Catechins ပါတယ်။ လက်ဖက်က လတ်ဆတ်နေရင် အလေးချိန်ရဲ့ ၃ ပုံ ၁ ပုံကသူဘဲ။ Antioxidant ဆိုတာ (ဆဲလ်) တွေ၊ (တစ်ရှူး) တွေ ပျက်စီးမှာကို ကာကွယ်တဲ့ သတ္တိကို ပြောတာပါ။ ပုံမှန် တခွက်မှာ Flavonoid antioxidants 140-300 mg ပါတယ်။ Stimulant ဖြစ်တဲ့ Caffeine အလေးချိန်ရဲ့ ၃% ပါတယ်။ Theanine 14-18 mg ပါတယ်။ Theobromine, Theophylline ဆိုတာတွေလဲ နဲနဲစီပါတယ်။ American Dietetic Association အဆိုအရ လက်ဖက်ရည် တခွက်မှာ (ကေဖင်း) 40 mg ပါတယ်။ ကော်ဖီ တခွက်မှာ 85 mg ပါတယ်။ သတိမမေ့ဘို့က ဘယ်ဟာမဆို တန်ဆေး၊ လွန်ဘေး။ လက်ဖက်ရည်ကို တနေ့ ၈ ခွက်ထက် များရင် မကောင်းဘူး။
တရုပ်-ဟန် လူမျိုးတွေက လက်ဖက်ရည်ကို နွားနို့မပါဘဲ သောက်ရာကနေ မန်ချူးတွေ ဝင်လာမှ အကျင့်ရလာသတဲ့။ လက်ဖက်ရည်ထဲ နွားနို့ထည့်လိုက်ရင် ကောင်းကျိုး လျှော့စေတယ်လို့ ၂၀၀ရ European Heart Journal က ဆိုတယ်။ အိန္ဒိယမှာ ဘယ်နေရာဖြစ်ဖြစ် နွားနို့နဲ့သာ ဖျော်တယ်။ ဗမာပြည်ကလို ချက်နို့ဆီဆိုတာ မရှိပါ။ ဗူးနို့ဆီလဲ ရှိတော့ ရှိတယ်၊ ရှားတယ်ပေါ့။ အပိုအဆာ ထည့်တာလဲ ထွင်ကြတယ်။ Jasmine tea စပယ်ပွင့်ခြောက် ထည့်တာ တရုပ်၊ ဗမာ တူပါတယ်။ Salt tea ဆားထည့်တာ အာရပ်၊ ဗမာ တူတာဘဲ။ Lemon tea သံပုရာ ထည့်တာ ရုရှားနဲ့ အီတလီမှာ များတယ်။ အနောက် နိုင်ငံတွေမှာ Whisky or Brandy တွေ ထည့်သောက်တာလဲ ရှိသေးတယ်။ Indian Masala chai ဆိုတာ အစုံထည့်တယ်။ မနက်ခင်း ချင်း (ဂျင်း) ထည့်တယ်။ တချို့က (ဖါလာ) လဲ ထည့်တယ်။ အိန္ဒိယကို လာရင် ရေသောက်တာ စိတ်မချရဘူး။ လက်ဖက်ရည်ကတော့ စိတ်ချနိုင်ပါတယ်တဲ့။
• သွေတိုးကျစေသည် (Archives of Internal Medicine, 2004); (National Cheng Kung University study, Archives of Internal Medicine, 2004)
• (ကိုလက်စထော) ကျစေသည်။ (Journal of Nutrition, 2003) (USDA Beltsville Human Nutrition Research Center, 2003)
• နှလုံးရောဂါအတွက် ကောင်းနိုင်သည်။ (The Journal of the American Heart Association, 2001)
• ကင်ဆာ ကုတာ ကူညီရာကျသည်။ Esophageal cancer (Harvard Medical School, 2004); Prostate cancer (Center for Human Nutrition at UCLA’s David Geffen School of Medicine, 2004); Cancer caused by smoking (Journal of Nutrition, 2003); Colon cancer (Linus Pauling Institute at Oregon State University study, Carcinogenesis, 2003); Skin cancers risk (University of Arizona study, Cancer Epidemiology, Biomarkers and Prevention, 2001); Lower stomach cancer risk (University of California at Los Angeles (UCLA) School of Public Health study, International Journal of Cancer, 2001)
• ရောဂါပြီးစနစ်ကို အကျိုးများစေသည်။ (Proceedings of the National Academy of Sciences, 2003)
• (လူကီးမီးယား) အတွက်ကောင်းသည်။ (Mayo Clinic, 2004)
• (အဇာမိုင်ယား) ရောဂါအတွက် ကောင်းသည်။ (Newcastle University’s Medicinal Plant Research Centre study, Phytotherapy Research, 2004)
• AIDS ရောဂါအတွက် ကောင်းသည်။ (University of Tokyo, Journal of Allergy and Clinical Immunology, 2003)
J. Jonker, Amsterdam 1670 က ကဗျာနဲ့ စာဖွဲ့တယ်။
• Tea that helps our head and heart
• Tea medicates most every part
• Tea rejuvenates the very old
• Tea warms the hands of those who’re cold
နှလုံး နဲ့ ဦးနှောက်ကို ကူညီပေး၊ နေရာတကာအတွက် ဆေး၊ အိုနာ-ဇရာဘေး ငယ်ရုပ်ဆင်လို့ပေး၊ လက်ဖျားအေးတာ နွေးလာစေမဲ့ (ကျာယေး)။ လာလည်တဲ့ ဧည့်သည်တွေကို လက်ဖက်ရည်နဲ့ တည်ခင်းတာ Symbol of hospitality ဧည့်ဝတ် ကျေပွန်မှု သင်္ကေတပါ။ ဒီအကြောင်း သူများရေးတာ ဖတ်ဖူးသူများအတွက်တော့ Same tea, different names လို့သာ မှတ်ယူပါခင်ဗျား။
Dr. တင့်ဆွေ
၂-၁-၂၀၁၁
http://dts-medicaleducation.blogspot.com/2011/01/tea.html
hmee
April 21, 2011 at 12:13 pm
သဂျီးရေ ဖတ်ပြီး မူးသွားပြီ။ အာရပ်တွေ လက်ဖက်ရည်ရောင်းတာက တမျိုး။ ရောင်းတဲ့သူက သူ.ကျောမှာ လက်ဖက်ရည်ကရားကြီးကို လွယ်ထားတယ်။ အိုးနှုတ်သီးက အရှေ.ဘက်မှာ ရင်ဘတ်ရှေ.မှာက တခါသုံးခွက်လေးတွေကို အံခွက်လေးတွေမှာ စီထည့်ထားတယ်။ အိုးကြီးမှာ တခြား နှုတ်သီးလို အပိုသုံးခုက အပေါ်ကို ထောင်နေပြီး ပန်းအတုတွေနဲ. အလှဆင်ထားတယ်။ လမ်းပေါ်မှာ လျှောက်သွားပြီး အော်ရောင်းနေတာ။ ထူးဆန်းလို. မေးကြည့်မှ လကဖက်ရည်ရောင်းတာတဲ့လေ။
ဆူး
April 21, 2011 at 12:54 pm
မမှီ အဲဒီ ပုံလေး တင်ပေးပါလား မြင်ဖူးတယ် ရှိအောင်လို့..
hmee
April 22, 2011 at 6:34 am
ဆူးရေ ဓါတ်ပုံမရိုက်ခဲ့ရဘူး။ ဒီနိုင်ငံက ပိုင်တဲ့ ပါလက်စတိုင်းဘက် အလည်သွားတာလေ။ ဒီဘက်မှာတော.မရှိဘူး။ ဒီဘက်က ဟိုဘက်ကို ဝင်တော. လွယ်တယ်။ ဟိုဘက်က ဒီဘက်ကို ပြန်ဝင်တော. စစ်ဆေးတာကြမ်းပုံများ အဝတ်အစားတောင်ချွတ်ရပြီ ထင်တာ။ ဒီမှာလည်း အထူးအဆန်းတွေပေါတယ်။ မှီက ဓါတ်ပုံလေးတွေ တင်ချင်တယ်။ ကမ်းနားသစ်ပင် ဘဝမို. ချစ်ချစ်က မလုပ်ပါနဲ.တဲ့။ မြန်မာပြည် ပြန်ရောက်မှ တင်မယ်လို. အားခဲထားတယ်။
zoe
April 21, 2011 at 12:45 pm
ထိုင်ဝမ် မှာ pearl milk tea ဆိုတာ ထွင်ပြီး သောက် ကြ တယ် ။ လက်ဖက်ရည် ရေ ရယ် နို့ ရယ် မုန့် ကြာစိ ရယ် ရော ပြီး သောက် တာ ။ ကျောက်ကျောနဲ့လဲရ တယ် ။
http://en.wikipedia.org/wiki/Bubble_tea
kai
April 21, 2011 at 6:14 pm
ဟုတ်တယ်..။ ယူအက်စ်မှာလည်း.. တခါကတော်တော်ခေတ်စားသွားတာ..။
ကွစ်ကာလီ ဆိုတဲ့ ဖရန်ချိုင်းပေးတဲ့ဆိုင်တွေပေါ့..။
အခုထိလည်း ရှိသေးတယ်..။
မြန်မာပြည်မှာ.. အဲဒါမျိုးလုပ်ဖို့ကောင်းတယ်..။
http://www.quicklyusa.com/quicklymenu.html
သူတို့မီနှုးထဲက ..လက်ဖက်ရည်အကျနဲ့ဆိုင်တာတွေက… ၂၉မျိုးတောင်တွေ့တယ်..။
အအေးတွေပါပဲ..။ ခဏခဏကိုသောက်ဖူးတယ်..။
ဖရန်ချီုင်းလုပ်မလား..စဉ်းစားမိလို့လေ..။
Milk Tea ¥¤¯ùÃþ ¡@
61 Bubble Milk Tea ªwªj¥¤¯ù $ 1.99
62 Jasmine Milk Green [»¥¤ºñ $ 1.99
63 Almond Milk Tea §ö¤¯¥¤¯ù $ 2.50
64 Barley Milk Tea FªÞ¥¤¯ù $ 2.50
65 Blueberry Milk Tea ÂŲù¥¤¯ù $ 2.50
66 Cantaloupe Milk Tea «¢»e¥Ê¥¤¯ù $ 2.50
67 Chocolate Milk Tea ¥©§J¤O¥¤¯ù $ 2.50
68 Coconut Milk Tea ·¦»¥¤¯ù $ 2.50
69 Coffee Milk Tea ÀpÀm(©@°Ø)¥¤¯ù $ 2.50
70 Earl Grey Milk Tea §BÀ磻¯ù $ 2.50
71 Fiber Milk Green °ªÅÖ©Ù¥¤ $ 2.50
72 Ginger Milk Tea Á¤¥À¥¤¯ù $ 2.50
73 Grass Jelly Milk Tea ¥P¯ó(²D¯»)¥¤¯ù $ 2.50
74 Green Apple Milk Tea «CÄ«ªG¥¤¯ù $ 2.50
75 Honey Dew Milk Tea »e¥Ê¥¤¯ù $ 2.50
76 Honey Milk Tea ¸Á»e¥¤¯ù $ 2.50
77 Kiwi Milk Tea ©_²§ªG¥¤¯ù $ 2.50
78 Litchi Milk Tea ¯ïªK¥¤¯ù $ 2.50
79 Longan Milk Tea ®Û¶ê(Às²´)¥¤¯ù $ 2.50
80 Mango Milk Tea ¨~ªG¥¤¯ù $ 2.50
81 Orange Milk Tea ¬h¾í¥¤¯ù $ 2.50
82 Passion Fruit Milk Tea ¦Ê»ªG¥¤¯ù $ 2.50
83 Peach Milk Tea ¤ô»e®ç¥¤¯ù $ 2.50
84 Peppermint Milk Tea Á¡²ü¥¤¯ù $ 2.50
85 Pudding Milk Tea ¥¬¤B¥¤¯ù $ 2.50
86 Red Bean Milk Tea ¬õ¨§¥¤¯ù $ 2.50
87 Strawberry Milk Tea ¯ó²ù¥¤¯ù $ 2.50
88 Taro Milk Tea ¨¡»¥¤¯ù $ 2.50
89 Thai Milk Tea ®õ¦¡¥¤¯ù $ 2.50
zoe
April 22, 2011 at 4:56 am
ဒီ မှာ ဗမာရပ် ကွက် လို့ ခေါ်တဲ့ ဟွာစင်း ကျဲ(HuaXin street) ဆိုတဲ့ နေရာ မှာ ဗမာပြည် ကလိုပဲ ရေနွေးအိုး စင်ပေါ်တင် နို့ဆီ နို့စိမ်း ဘူး အစီအရီ နဲ့ ဗမာပြည်ကလို လဘက်ရည် ပန်းကန်လုံး နဲ့ ဗမာပြည် အလေ့အထ ဆက်လက်ရှင်သန် နေပါတယ် ။ ဗမာပြည်လိုပဲ ဆိုင်က လူပြတ်တယ်မရှိ ဘူး ။ 🙂 🙂 ကြုံရင်ဓာတ်ပုံ တင်မလားလို့ ။ တကယ်တော့ ဒီမှာဗမာ အစားအစာ အကုန်လိုလိုရ တယ် ။ မငတ်ဖူး ပေါ့ ။ ဒီနေရာ ကို TV documentary တောင်လုပ် သေး တယ် ။
Huaxin Street (華新街), near Nanshijiao MRT Station, is home to a large proportion of Taiwan’s small Burmese immigrant population. Consequently there are numerous stores and restaurants in this area selling Burmese produce and there are also cultural events on occasion.
zoe
April 22, 2011 at 7:36 am
ထိုင်ဝမ် မှာ တော့ ၃ဝနဲ့ ၃၅ ထိုင်ဝမ် ဒေါ်လာ ကျတယ် ။ ဆောင်း တွင်း ကို အပူ မှာ လို့ လဲ ရ တယ် ။ Ko Kai ဖရန်ချီုင်း လုပ်ရင် ်အားပေး မှာ ပေါ့ ။ 🙂
kopauk mandalay
April 21, 2011 at 4:01 pm
သူကြီးရေ မန်းလေးမှာအရင်က လက်ဖက်ရည်တစ်ခွက် 200ကျပ်။
အခုသင်္ကြန်မတိုင်ခင်လေးမှာဆိုင်တော်တော်များများက 250ကျပ်ဖြစ်ကုန်ပြီ
စိတ်လေတယ် ………………………………..
maungmoenyo
April 22, 2011 at 3:39 am
chronicle of လဘက်ရည် ကမြန်မာပြည်မှာတော်တော်ကျယ်ပြန့်ခဲ့တာ…။ ရုံးမှာကိစ္စကြီးငယ်ရှိလို့၊ အရာရှိမင်း (သို့) အရာရောက်သူမင်းတွေ နဲ့ အဆင်ပြေပလဲနံပသင့်ရတာလဲသူ့ကြောင့်ဘဲမဟုတ်လား။ အစည်းဝေဒမစခင်ဘဲ့ဖြစ်ဖြစ်၊ နယ်တွေမှာလစာထုတ်တဲ့နေ့ဘဲဖြစ်ဖြစ် လဘက်ရေဆိုင်ကိုအရင် ဦးတိုက်ကြရတာ ကလည်း အကြောင်းမဲ့တော့မဟုတ်တန်ရာပါဘူး။ အစည်းအဝေးမှာ ဆုံးဖြတ်မဲ့အရးကြီးကိစ္စလေးတွေလဲ အဲ့ဒိမှာတင်..တင်ကြိုမဲစနစ်နဲ့ အတည်ဖြစ်ကြရပါတယ်။ ခက်တာက- တနေ့ (၈) နာရီအလုပ်ချိန်မှာ (၃) နာရီလောက်က လဘက်ရေဆိုင်ထိုင်နေကြ ဖြစ်သွားတော့…ရုံးကိစ္စတွေလဲ ပေါ့ပေါ့လျော့လျော့ဖြစ်လာကြတာနေရာအနှံ့ ပါဘဲ။ ကြုံတုံးဖေါက်သယ်ချလိုက်မယ်နော်။ မဆလခေတ်က နိုင်ငံရဲ့အဆင့်အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်တဲ့ နိုင်ငံ့ဂုဏ်ရည် ဘွဲ့ စာရင်ကို သက်ဆိုင်ရာနိုင်ငံတော်ကောင်စီဝင်ကြီးများပါတဲ့ ကော်မီရှင်ဝင်များကတောင် လဘက်ရေဆိုင်ထိုင်ပြီး ဆုံးဖြတ်ပြီးနောက်တနေ့ (လွတ်လပ်ရေးနေ့) သတင်းစာမှာ ထဲ့တာတဲ့နော…။
အော်လဘက်ရေ….ဩဇာ။
etone
April 22, 2011 at 8:08 am
မြန်မာနိုင်ငံက လူတွေ တော်တော် လ္ဘက်ရည်ကြိုက်တယ် သိလား ။ ထမင်းမစားပဲ တနေကုန် သောက်သလား အောက်မေ့ရတယ်… အဟီး 😀
ဘယ်နေရာမှာ ဘာပဲ လုပ်လုပ် လ္ဘက်ရည်ဖိုးချည်းတောင်းနေတာ … 😛
eros
April 22, 2011 at 8:26 am
ဟေးဟေး ဟုတ်ပ etone ရေ ဘယ်နေရာမှာ ဘာပဲ လုပ်လုပ် လ္ဘက်ရည်ဖိုးချည်းပဲ ။ eros ကတော့ လက်ဖက်ရည် မကြိုက်၊ မသောက်တယ့် အထဲပါတယ်။ မဖြစ်မနေသာ သောက်ရတဲ့ အချိန်ကလွဲလို့။ ရေနွေးကြမ်းနဲ့ လက်ဖက်သုတ်ကို အရမ်းကြိုက်တယ်။ ကော်ဖီကို ခါးခါးသောက်တယ်။ သကြားမထည့် ၊ နို့ ကို ပါးပါးလေး ဒါမှမဟုတ် လုံးဝမထည့်ပဲသောက်တယ်။
pisikway
April 22, 2011 at 8:45 am
မမှီပြောတဲ့ကရားကောက်နဲ့ရောင်းတာက Arabic Tea ထင်တယ်။ စွန်ပလွန်ယိုနဲ့တွဲပြီး ဧည့်ခံလေ့ရှိကြတယ်။ Arabic Tea က အနံ့ strong ဖြစ်တယ် ။ နို့ဆီသကြားနဲ့မဟုတ်ဘူး. လ္ဘက်ရည်ကြမ်း သဘောမျိုးပေါ့။ UAE မှာ လ္ဘက်ရည်သောက်ချင်ရင် အိန္ဒိယလူမျိုးတွေရောင်းတဲ့ဆိုင်မှာသွားသောက်ရတယ်။ အရသာအရမ်းရှိတယ်။ ကိုယ့်ဟာကိုယ်နှပ်ပြီး ကိုယ့်စိတ်တိုင်းကျဖျော်တာထက်တောင်ကောင်းသေးတယ်။ UAE currency Dhs. 0.5 ထင်တယ်။ ငွေ amount တွေကိုကောင်းကောင်းမမှတ်မိတတ်တဲ့အကျင့်ရှိလို့ Dhs 1 လား Dhs 0.5 လားမသေချာတော့ဘူး။ ရာသီဥတုကပူငွေ့ငွေ့ စပ်ဖျဉ်းဖျဉ်း နဲ့ လ္ဘက်ရည်ပူပူလေးသောက်ရတာ တကယ့်နတ်စည်းစိမ်ပဲ။
မင်းပြည့်ရှိန်
November 24, 2011 at 2:51 am
သိချင်တာလေးကတော့..
သဂျီးရဲ့ သောက်လက်စ လက်ဖက်ရည် ခွက်ထဲမှာ… ဘာတွေများ ရှိနေမလဲ….
kai
February 21, 2013 at 4:10 pm
ကျပေါ့တခွက်…
ရန်ကုန်ရောက်ရင်.. သေချာပေါက်သောက်ဦးမှာ…
ခွက်လေးတွေကသိပ်သေးတော့.. ၂ခွက်အနည်းဆုံးသောက်ရတယ်တဲ့..
အဲလိုပြောကြတယ်..
လွမ်းတယ်ဗျ…. :buu:
Wow
February 21, 2013 at 5:16 pm
It မှာလက်ဘက်ရည်သောက်ရင် တစ်ခွက်နဲ့မဝ.. နှစ်ခွက်သောက်ရမှာလဲရှက်တော့ ပါဆယ်ဆွဲပီးပြန်လာ အိမ်ကျမှဆက်သောက်ရတယ်… လူအုပ်များရင်တော့ ပိုမှာပြီး နှစ်ခွက်ဝဝ သောက်ရတယ်…
တောက်စ်.. ပြောရင်း လက်ဘက်ရည်သောက် ချင်လာဘီ…
မောင် ပေ
February 21, 2013 at 9:00 pm
အခုလောလောဆယ်တော့
ကိုဘေနွားကင် နဲ ့ ဘီယာ ကို အဖန်ရည်ကြမ်းအမှတ်နဲ ့ဆက်ဆွဲလိုက်ပါ
ဇိမ်အူးကိုင်
padonmar
February 21, 2013 at 10:49 pm
သောက်ဖူးသမျှတော့ မော်ဒန်လက်ဖက်ရည်ဆိုင်က လက်ဖက်ရည် အကြိုက်ဆုံး။
စိတ်တိုင်းကျ၊သုံးပန်လှ၊အောင်ကောင်းစံလည်းကောင်းတယ်။
IT တော့ မသောက်ဖူးသေးဘူး။
Morning star (ရခိုင်အလှူသွားတုံးကဆိုင်) တုံးက လက်ဖက်ရည် မမြည်းလိုက်ရဘူး။
တော်ဝင်နှင်းဆီ၊Lucky seven တွေကတော့ ပုံမှန်လက်ရာပါပဲ။
ရွှေမြို့တော် ချစ်တီးဆိုင်ကတော့ နွားနို့နဲ့ ဖျော်တယ်၊နည်းနည်း အချိုများတယ်။
(သူကြီးလာဖြစ်ရင် ဆိုင်နာမည်တွေ သိအောင် ကိုယ်သိသလောက် ရွတ်ပြထားတာ။