မိုး အသည်းအသန် ရွာနေတဲ့ ညတစ်ညရဲ့ ၈ နာရီလောက်ခန့်အချိန်မှာပေါ့…

ညနေ အိမ်ကနေ ဆိုင်ကယ်တစ်စီးနဲ့ ထွက်လာခဲ့တာ… လူကလည်း အလုပ်မှာ အဆင်မပြေတော့ စိတ်လေလေနဲ့လေ… အိမ်ကဆိုတာက တယောက်တည်းနေတဲ့ အခန်းကျဉ်းကျဉ်းလေးကပါ… စိတ်တွေကို မွန်းကျပ်လွန်းလို့ ရေကန်ဘောင်ပေါ်ကို တက်ပြီး လေညှင်းခံမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပါ

ရေကန်ဆိုတာက ရေကူးကန်သေးသေးလေး မဟုတ်ပါဘူး… စားသောက်ဆိုင်တန်းတွေ ပတ်ပတ်လည် ၀န်းရံထားတဲ့ ရေကန်ကြီးပါ… ဆိုင်ကယ်ရပ်တဲ့နေရာမှာ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး ကန်ဘောင်မှာ လမ်းလျှောက်ဆေးလိပ်သောက်ရင်း တွေးနေခဲ့တယ် တယောက်တည်း

အချိန်ဘယ်လောက် ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ဘူး… ဗိုက်ဆာလာလို့ ကန်ဘောင်ဘေးက ဆိုင်မှာပဲ ငါးကင်နဲ့ ထမင်းကြော် စားလိုက်တယ်… မထူးပါဘူးဆိုပြီး ဘီယာလေးပါ ပါသွားတာပေါ့

နည်းနည်းစိတ်သက်သာရာ ရသွားပြီဆိုတော့မှ ဆိုင်ထဲကနေ ထွက်လာပြီ ဆိုင်ကယ်ရှိရာကို လာခဲ့တယ်… အိမ်ကိုပြန်တော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ပါ… တိုက်တိုက်ဆိုင်ဆိုင်ပဲ ချက်ခြင်းဆိုသလိုကို မိုးတွေချိန်းလာပြီးတော့ လျှပ်စီးတွေလက်လာပါလေရော… အဲဒီအချိန်လေးကတော့ ည ၈ နာရီ ကျော်ကျော်လေးပေါ့

အဲဒီအချိန်မှာပဲ ဆိုင်ကယ်အမြန်မောင်းပြီး အိမ်ကိုအပြေးပြန်ပေမယ့် လမ်းထိပ်မရောက်ခင်မှာပဲ မိုးတွေ အသည်းအသန်ကို တခါတည်း ရွာချပါတော့တယ်… လမ်းထိပ်က တိပ်ဆိပ်ပြီး လူခြေတိတ်နေတဲ့ တိုက်ခန်းတွဲတစ်ခုရဲ့ အမိုးအောက်ကို ဆိုင်ကယ်ထိုးရပ်ပြီး အပြေးဝင်မိတာပေါ့… ဆိုင်ကယ်ရပ်ရင်း ဟိုကြည့်ဒီကြည့်နဲ့ အခန်းတွေကို လူတွေမှ ပြန်ရောက်ပါလေစ… အားလုံးက တိတ်ဆိတ်ခြင်းအတိ

ဇာတ်လမ်းက အဲဒီကနေ စတော့တာပါပဲ…

ကျနော်ဆိုင်ကယ်ထိုးရပ်မိတဲ့ နေရာရဲ့ ဘေးခန်းက  ဖြတ်သွားဖြတ်လာ ရင်းနှီးနေတဲ့ အစ်ကိုကြီးတယောက်ပေါ့… သူ့မှာ မိန်းမနဲ့ ကလေး သုံးယောက်ရှိတယ်… ကျနော်လည်း မိုးကလည်းအေး လုပ်စရာလည်း မရှိတာနဲ့ ဆေးလိပ်ဘူးကိုထုတ်ပြီး မီးဖွာညှိနေတဲ့အချိန်ပေါ့… အစ်ကိုကြီးနေတဲ့ အခန်းရဲ့ အခန်းတံခါးက ပွင့်လာခဲ့တယ်…

ကျနော်လည်း တိတ်ဆိပ်နေတဲ့ နေရာမှာ တံခါးဖွင့်သံကြားတော့ လှည့်ကြည့်မိတာပေါ့… အဲဒီမှာ အခုဏက အစ်ကိုကြီးက အပေါ်ပိုင်းဗလာကြီးနဲ့ ညအိပ်ဝတ် ဘောင်းဘီတိုကို ၀တ်ပြီးထွက်လာခဲ့တယ်… ကျနော်လည်း အမှတ်တမဲ့နဲ့ သူ့ရဲ့ ထွားထွားကျိုင်းကျိုင်း (အများပြောတဲ့စကားနဲ့ ပြောရရင် ယောက်ျားစစ်စစ် ပီပီသသပေါ့ဗျာ) ခန္ဓာကိုယ်ကို မှင်သက်ပြီး ငေးကြည့်မိသွားတယ်…

ကျနော်မိုးကာအောက်မှာ မလုံတလုံ ရပ်နေတာကို တွေ့သွားတယ် ထင်တာပဲ… သူ့အခန်းမှာ ၀င်လာထိုင်နိုင်ကြောင်း ဖိတ်ခေါ်ပါတယ်… ကျနော်လည်း သူ့ဖိတ်ခေါ်မှုနဲ့ သွားထိုင်မိတာပေါ့… အဲဒီမှာပဲ စကားစပြောမိကြတယ်… သူ့မိန်းမနဲ့ ကလေးတွေက ရုပ်ရှင်သွားကြလို့ ပြန်မရောက်သေးတဲ့အကြောင်း… သူက အလုပ်ကနေ ဂျူတီဝင်နေရလို့ မလိုက်ဖြစ်တဲ့အကြောင်း စသဖြင့်ပေါ့

လူချင်းကလည်း မစိမ်းဘူး မြင်ဖူးနေကြဆိုတော့ ခဏလေးအတွင်းမှာပဲ သူနဲ့ ကျနော် အဖွဲ့ကျသွားတယ်လေ… သူ့ရဲ့အလုပ်အကိုင် ကိစ္စတွေ ပြောကြ… အဲဒီမှာပဲ ကျနော်လည်း ကျနော့်ရဲ့ အဆင်မပြေဖြစ်နေတဲ့ အလုပ်အကြောင်းတွေ ဆွေးနွေးကြပေါ့… စကားပြောရင်း နှစ်ယောက်သား တော်တော်လေးအဖွဲ့ကြနေကြတယ်

စကားပြောရင်း ဘယ်ကနေ ဘယ်လိုရောက်လာမှန်း မသိတဲ့ မေးခွန်းတစ်ခု သူမေးလာခဲ့တယ်… ညီလေးက ရည်းစားရှိပြီလားတဲ့… တစ်ခါမှ တွဲသွားတွဲလာ လုပ်နေတာ မတွေ့မိလို့ မေးကြည့်တာပါတဲ့… ကျနော်ကလည်း မဆိုင်းမတွပါပဲ ရည်းစားဆိုတာ ဘယ်လိုမျိုး ကိုဆိုလိုတာလဲလို့ပေါ့… အဲဒါနဲ့ သူက အော် ညီလေးချစ်တဲ့ ကောင်မလေး ရှိပြီလားလို့ မေးတာပါတဲ့… ကျနော်လည်း သူ့ကို ပွင့်ပွင့်လင်းလင်းပဲ ကျနော်က မိန်းကလေး မကြိုက်ဘူးအစ်ကိုလို့ ယောက်ျားလေးအချင်းချင်းကိုပဲ ကြိုက်တာပါလို့ ပြောလိုက်မိတယ်…

သူက တစ်ချက်တော့ မျက်နှာမှင်တက်သွားတယ်… ပြီးတော့ ခဏတိတ်ဆိတ်သွားတယ်… ကျနော်ကပဲ စကားစပေးလိုက်ပါတယ်… အစ်ကို ကျနော့်ကို ဘယ်လိုထင်မြင်လို့လဲပေါ့… သူကပြောပါတယ်… အစ်ကိုမမြင်တတ်ဘူးတဲ့… အစ်ကိုက မိသားစုရှိတယ်ပေါ့နော်… ပြီးတော့ သူ့မိသားစုရဲ့ အကြောင်းကို သူပြောပြပါတယ် ကျနော့်ကို

အဲဒီအချိန်မှာပဲ မိုးကလည်းတိတ်လို့ ဖွဲဖွဲလေးတွေပဲ ကျန်တော့တဲ့အချိန်မှာ ကျနော်သူ့ကို နှုတ်ဆက် ကျေးဇူးတင်စကားပြောပြီး ထွက်လာခဲ့တယ်… ဆိုင်ကယ်ကို အပြင်းမောင်းပြီး အခန်းထဲရောက်တဲ့အထိ ကျနော်နှုတ်ခမ်းက ပြုံးနေဆဲဆိုတာကို ကျနော် မှန်ကြည့်လိုက်တော့ တွေ့လိုက်ရတယ်… ကျနော် သူနဲ့ စကားပြောရတာ ပျော်ရွှင်နေခဲ့တယ်

ဒီလိုနဲ့ ဒီအဖြစ်ပျက်ပြီး နှစ်ပတ်လောက် အကြာမှာတော့ ကျနော်လည်း အလုပ်မှာ တဖြည်းဖြည်းနဲ့ ပြန်အဆင်ပြေလာတယ်… အလုပ်သွား အိမ်ပြန်နဲ့ပဲ အချိန်တွေကို တယောက်တည်း ကုန်ဆုံးရင် အထီးကျန် ရက်ရှည်တွေကို ကျနော် ဖြတ်သန်းခဲ့တယ်… ကျနော်အဖော်တွေက ရုပ်ရှင်ဇာတ်ကားတွေ စာအုပ်နဲ့ ကွန်ပျူတာပဲပေါ့… ကျနော် ပျင်းလာတဲ့အချိန်ဆိုရင် အင်တာနက်ပေါ်တက်ပြီး သူငယ်ချင်းတွေနဲ့ စကားပြောတယ်… ရုပ်ရှင်ကြည့် စားလိုက် သောက်လိုက်နဲ့ပဲပေါ့

တစ်ရက်တော့ တိုက်တိုက်ဆိုင်ဆိုင် အိမ်နဲ့သိပ်မဝေးတဲ့ စတိုးဆိုင်တစ်ခုမှာ မုန့်ဝယ်နေတုန်း အစ်ကိုကြီးနဲ့ ကျနော် ပြန်ဆုံခဲ့တယ်… သူ ကျနော့်ကို မြင်တာနဲ့ ပြုံးပြပါတယ်… တကယ်ပြောတာပါ ကျနော် ရင်ခုန်သွားတယ်… ဒါပေမယ့် အသိစိတ်ထဲကနေ သူ့မှာ မိသားစု ရှိတယ်… ပြီးတော့ သူဟာ ကျနော့်ကို ဘယ်လိုမှ ရည်းစားတယောက်လို သဘောထား ချစ်နိုင်မယ့်သူ မဟုတ်ဘူးဆိုတာကို ကျနော် နားလည်လက်ခံထားပြီးသားလေ

အဲဒီမှာ သူက နေကောင်းလား ဘာတွေလာဝယ်တာလဲ ဘာညာနဲ့ နှုတ်ဆက်စကားပြောပြီး ကျနော့်ဆီကနေ ဖုန်းနံပတ် တောင်းခဲ့တယ်… ကျနော်လည်း ကျနော့်ဖုန်းနံပတ်ကို ပေးခဲ့ပါတယ်… သူ့ဖုန်းနံပတ်တော့ ကျနော်တောင်းဖို့ နှုတ်က ဆွံ့အနေတဲ့အတွက် မတောင်းလိုက်မိဘူး..

သုံးပတ်မြောက်တဲ့အချိန် ညနေခင်းမှာ ကျနော့်ဆီကို ဖုန်းတစ်ခု ဆက်လာခဲ့တယ်… အစ်ကိုကြီးပေါ့… ကျနော် မမျှော်လင့်ထားပေမယ့် အရမ်းကို ပျော်ရွှင်သွားခဲ့တယ်… သူက ဖုန်းဆက်ပြီး ဒီညနေ အားရင် အတူတူသောက်ရအောင်ဆိုပြီး ဖိတ်ခေါ်ပါတယ်… ကျနော်လည်း တယောက်တည်းသမား ငြင်းဆန်နေစရာ အကြောင်းမရှိခဲ့ဘူးလေ… လာခဲ့မယ်လို့ ဂတိပေးလိုက်တယ်…

ချိန်းထားတဲ့အချိန် နောက်ကျမှာစိုးလို့ ရေကိုမြန်မြန်ချိုးပြီး အ၀တ်အစားကို တစ်ခါမှ ရွေးချယ်မ၀တ်တတ်တဲ့ ကျနော်က လေးငါးစုံလောက်ကို မှန်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် ၀တ်ကြည့်မိတဲ့အထိပါ… အ၀တ်အစားလဲပြီးလို့ သွားတော့မယ်လုပ်ပြီး ဆိုင်ကယ်ဆီရောက်မှ ကျနော့်ဆိုင်ကယ် ဘီးပေါက်နေတာကို သိလိုက်ရတယ်… ကျနော် ဘယ်လိုလုပ်ရမလဲ… ကျနော့်ရဲ့ ပျော်ရွှင်နေတဲ့ စိတ်ကလေးတွေ ရုတ်ချည်း ပျောက်ဆုံးသွားသလိုပဲ

ကျနော် အစ်ကိုကြီးဆီကို ဖုန်းဆက်လိုက်တယ်… ဆိုင်ကယ်ဘီးပေါက်နေလို့ မလာနိုင်တော့တဲ့အကြောင်းပေါ့… သူက မမျှော်လင့်ပဲ ကျနော့်အခန်းဝအထိ လာကြိုတယ်… ကျနော် ဘယ်လောက်ပျော်ရွှင်လိုက်မလဲ… အဲဒီအချိန်မှာ ကျနော် သူ့မှာ ကာမပိုင် မိသားစု ရှိတယ်ဆိုတာကို မေ့နေခဲ့တယ်… ကျနော် အမှောင်ဖုံးလွှမ်းသွားတာလား

သူ့နဲ့အတူ ဆိုင်ကယ်စီးသွားရတာကို ကျနော် ရင်ခုန်နေခဲ့တယ်… ကျနော် ဘ၀မှ တစ်ခါမှ မခံစားဖူးတဲ့ ရင်ခုန်မှုတစ်ခုကို ခံစားနေရတယ်… ကျနော် ဘာတွေဖြစ်နေမှန်း ကျနော် မသိတော့ဘူး… အခုချိန်မှာ ကျနော်သိတာ တစ်ခုကတော့ ကျနော်ပျော်နေတယ်

ဆိုင်ကိုရောက်လို့ ဘီယာတွေသောက် စကားတွေ ပြောကြရင်း ကျနော်တို့တွေ ရင်းနှီးသထက် ရင်းနှီးသွားတယ်… တစ်ခါတစ်လေ ကျနော် သူ့ရဲ့ မျက်လုံးတည့်တည့်ထဲကို စူးစိုက်ပြီး ကြည့်မိခဲ့တယ်… သူ့မျက်လုံးတွေက ပကတိ ရိုးသားခင်မင်ဖော်ရွေ တတ်တာကလွဲလို့ ဘာမှ ကျနော်မတွေ့ခဲ့ရဘူး… အဲလိုအချိန်မျိုးမှာ ကျနော် ရှက်စိတ် သိမ်ငယ်သလို ခံစားရတဲ့စိတ်တွေ ၀င်လာခဲ့တယ်… သူ့အပေါ်မှာ ထားတဲ့ ကျနော် စိတ်ကို ကျနော် ပြင်ဖို့ သတိပြန်ရတယ်

အဲလိုနဲ့ပဲ ကျနော်နဲ့ အစ်ကိုကြီးတဲ့ တစ်ပတ်တစ်ခါတော့ တွေ့ဖြစ်ကြရင်း ကျနော်လည်း တဖြည်းဖြည်းနဲ့ သူ့အိမ်မှာ ၀င်ထွက်လည်ပတ်ရင်း သူ့မိသားစုလေးနဲ့ပါ ရင်းနှီးလာခဲ့တယ်… ကျနော့်ကို သူတို့မိသားစုတစ်စုလုံးက အရမ်းကို ချစ်ကြတယ်… ဒါပေမယ့် ကျနော်ကတော့ အစ်ကိုကြီးရှိနေတယ်ဆိုရင် နှလုံးသားလေးက ရင်ခုန်တုန်းပဲပေါ့… ကျနော့်စိတ်ကို ကျနော် ထိန်းသိမ်းပြီး နေခဲ့ပါတယ်… ကျနော် ကိုကြီးကို သဘောကျနေတာ ကိုကြီး မသိအောင်ပေါ့… ဘာဖြစ်လို့လဲဆို ကိုကြီးက ကာမပိုင် မိသားစုနဲ့လေ… ပြီးတော့ ကျနော့်ကို တကယ့်ညီလေးတယောက်လို မိသားစုဝင်တယောက်လို ကောင်းရှာတာလေ

တစ်ရက်ပေါ့… ကျနော် လုံးဝကို မမျှော်လင့်ထားတဲ့တစ်ရက်ပေါ့

တိုက်တိုက်ဆိုင်ဆိုင် နယူးရီးယားည… အစ်ကိုကြီးတို့အိမ်မှာ အသားကင်စားကြ သောက်ကြစားကြရင်း လူတွေ စည်ကားနေခဲ့တယ်… ကျနော်လည်း တယောက်အပါအ၀င်ပေါ့… အားလုံး ပျော်ရွှင်နေကြတယ်… ကျနော်ကတော့ အသားကင်တဲ့နေရာမှာ ကူညီလုပ်ဆောင်ပေးရင်း စားလိုက်သောက်လိုက်ပေါ့… အစ်ကိုကြီးက သူ့သူငယ်ချင်းတွေနဲ့ အဖွဲ့ကြလိုက် အသားကင်ယူလိုက် ရယ်လိုက် မောလိုက်နဲ့ ရှုတ်ယှက်ကို ခတ်နေတာပါပဲ… အစ်ကိုကြီး တော်တော်ပျော်နေခဲ့တယ်

အဲဒီညမှာ အစ်ကိုကြီးရဲ့ အမျိုးသမီးနဲ့ ကလေးတွေ မရှိကြဘူး… သူတို့ ဖိုးဖိုးဖွားဖွားအိမ်ကို ပြန်ကြတယ်… ကိုကြီးက ဘာဖြစ်လို့ ကျန်နေခဲ့မှန်းလည်း ကျနော် မမေးမိတော့ ကျနော် မသိလိုက်ဘူး… ကိုကြီးဖုန်းဆက်ခေါ်လို့ ကျနော်က ရောက်လာတာလေ

သောက်ရင်း စားရင်း ပျော်ရင်း ပြောကြဆိုကြ ရယ်မောကြရင်းနဲ့ နယားရီးယား အော်ဟစ်သံတွေလည်း တိတ်ဆိတ်လို့ လူတွေလည်း တဖြည်းဖြည်းနဲ့ ပြန်ကုန်ကြပြီ… ကျနော်က ကျနော်နဲ့ ရင်းနှီးပြီးသား မိသားစုတစ်ခုဖြစ်တဲ့အတွက် ကူသိမ်းပေးရင်းနဲ့ လုပ်နေတာပေါ့… အားလုံးဘယ်သူမှ မရှိကြတော့ဘူး အဲဒီမှာ… ကိုကြီး ကျနော့်ဆီကို လာခဲ့တယ်… မပြောမဆို ကျနော်ကို နောက်ကနေ သိုင်းပြီး ဖက်ထားလိုက်တယ်… ပြီးတော့ ကျနော့်ကို ဆွဲဖက်ပြီး ကျနော့်နှုတ်ခမ်းကို တစိုက်မတ်မတ် နမ်းခဲ့တယ်… ကျနော် တော်တော်လေး ရင်ခုန်သွားတယ်…

ဒါပေမယ့် ချက်ခြင်းပဲ ကျနော် တော်တော်လေး စိုးရိမ်သွားခဲ့တယ်… ကိုကြီးက မိသားစုရှိတယ်… ကျနော် အဲလိုလုပ်လို့မရဘူး… ကျနော် ရုန်းထွက်ခဲ့တယ်… ပြီးတော့ ကျနော် ကိုကြီးကို အံ့သြတဲ့အကြည့်နဲ့ ကြည့်နေမိတယ်… ကိုကြီး မူးနေလားမသိဘူး… ကျနော်မြင်တာ ကိုကြီးမမူးသေးဘူး… ဒါပေမယ့် ကိုကြီး ကျနော့်ကို ပြန်ကြည့်နေခဲ့တယ်… အဲဒီအကြည့်ထဲမှာ ကျနော် တစ်ခုခု တွေ့လိုက်သလိုပဲ…

ဟင့်အင်း… မဖြစ်ရဘူး… အဲလိုမဖြစ်ရဘူး… ကိုကြီးက ကာမပိုင်နဲ့လေ… ဟာ… ကျနော် ထွက်ပေါက်မရှိဘူး… ကျနော် ပြေးထွက်လာခဲ့တယ်… ကျနော် မဖြစ်နိုင်ဘူး… ကျနော် သူတပါးရဲ့ အိမ်ထောင်ရေးကို မဖျက်ဆီးနိုင်ဘူး… ကိုကြီးဖက်က ဘယ်လိုသဘောထားမှန်း မသိပေမယ့် ကျနော် ပြေးထွက်လာခဲ့တယ်… ကိုကြီးက ဘယ်လိုလူလဲ… ကျနော့်ကို အထင်သေးလို့လား…

ကျနော် ကိုကြီးကို ချစ်တယ်… အရမ်းချစ်တယ်… ကျနော့်ရဲ့ အချစ်ကိုတော့ မစော်ကားပါနဲ့ ကိုကြီးရယ်

ဒါပေမယ့် အခုတော့… ဟိုး အဝေးဆုံး… အဝေးဆုံးအထိပေါ့…………….

 

About Phyo

Jasmine Phyo has written 31 post in this Website..

I am Gay.