ဒီနေ့ ထိခိုက်ရှနာ လူနာတွေ များလှတယ် .. ဟော ရောက်လာပြန်ပြီ

“ဆရာမရေ .. ဒီကလေးကို အရင်ကြည့်ပေးပါဦး”

မျက်နှာ ဘယ်ဘက်အခြမ်းရယ် .. ဘယ်ဘက်လက်မောင်းရယ် .. ဘယ်ဘက် ပေါင်ရယ် စုတ်ပြတ်ဒဏ်ရာတွေ ဗလပွနဲ့ ဆယ်ကျော်သက်ရွယ် ကလေးတစ်ယောက် ကို နောက်တော်ပါ အခြံအရံအပြည့်နဲ့ ၀င်လာပါတယ်

“ဘယ်လိုဖြစ်ရတာလဲ”

“ခွေးကိုက်ခံရလို့ ဆရာမရေ့”

ခွေးကိုက်ခံရပြီဆိုရင် တချို့က ခွေးရူးပြန် ကာကွယ်ဆေး တခါတည်း ထိုးခိုင်းကြတယ် .. တချို့က ခွေးကို စောင့်ကြည့်ပြီးမှ ထိုးခိုင်းကြတယ် .. စောင့်ကြည့်နိုင်ဖို့တော့ လိုတာပေါ့ .. ကျမကတော့ .. လူနာပေါ် လိုက်ပြီး အကြံပေးရတာပေါ့ .. အဆင်ပြေသလို လုပ်လို့ ရအောင်ပေါ့ ..

ခွေးရူး သေချာရင်တော့ ချက်ချင်းဆေးထိုးခိုင်းရမှာပေါ့ .. တခါတလေ ခရီးသွားတုန်း အကိုက်ခံရတယ် .. ဒါမှမဟုတ် ခွေးကို စောင့်ကြည့်ဖို့ အဆင်မပြေရင်တော့ ထိုးထားတာ အကောင်းဆုံးလို့ အကြံပေး တိုက်တွန်းရပါတယ် ..  ငွေကြေးလဲ အဆင်ပြေတယ် .. ဆေးလဲ ထိုးချင်တယ် ဆိုရင် တခါတည်း ထိုးဖို့ ပြောပါတယ် ..

ငွေကြေး အဆင်ပြေပေမယ့် မထိုးချင်တဲ့ လူရယ် ဒါမှမဟုတ် ငွေကြေး မပြည့်စုံသူအတွက်တော့ ခွေးကို စောင့်ကြည့်စေတဲ့ နည်းလမ်းကို ပြောပြပါတယ် .. ခွေးကို စောင့်မကြည့်နိုင်ရင်တော့ ဆေးထိုးတာအကောင်းဆုံး ဆိုတာလဲ ပြောပြရတယ် ..

ကလေးအမေက ပြောတယ် ခွေးက အိမ်နားက ခွေးပါ .. ကလေးတွေ သိပ် ဆော့တော့ မျက်စိနောက်ပြီး ကိုက်တာ နေမှာ တဲ့

“ဒီမယ် ကလေးအမေ .. အခု အကိုက်ခံရတာက မျက်နှာဖြစ်နေတယ် .. ဒီတော့ စိတ်ချရအောင် ဆေးထိုးထားဖို့ တိုက်တွန်းပါရစေ .. ထိုးဖြစ်အောင် ထိုးပါနော် .. တခြားနေရာဆိုရင် စောင့်ကြည့်ပြီး ထိုးဆိုရင် ဖြစ်နိုင်သေးတယ် .. မျက်နှာ ဆိုတာ ဦးနှောက်နဲ့ အနီးဆုံးနေရာ ဆိုတော့ ဖြစ်ချင်းဖြစ်ရင် သူများထက် စောစောစီးစီး ရောဂါဖြစ်တတ်တယ် .. မတတ်နိုင်သေးလို့ ဆေးမထိုးချင်သေးရင် .. ခွေးကို သေသေချာချာ စောင့်ကြည့်ပါ .. ခွေးက ကိုယ့်မျက်စိအောက်မှာ မရှိတော့ရင် .. သေသွားရင် .. သူများ ရိုက်သတ်လိုက်ရင် .. ဘယ်နည်းနဲ့ သေသေ ဆေးထိုးကိုထိုးရမယ် ဆိုတာ မှတ်ထားနော် ..

နောက် နှစ်လလောက် ကြာတဲ့အခါ သတင်းတခု ကြားလိုက်ရတယ် ..

“ဆရာမ ကြားပြီးပြီလား .. ဟိုတခါ မျက်နှာမှာ ခွေးကိုက်ခံရတဲ့ ကလေးလေ .. အခု ခွေးရူးပြန်ပြီး သေသွားပြီ”

“အလို ဘယ်လိုဖြစ်ရပါလိမ့် .. ခွေးကို သေသေချာချာ စောင့်မကြည့်ကြလို့လား .. ခွေးရူးပြီး သေသွားတာတောင်မှ ဆေးထိုးရင် မီသေးတာ .. အသေအချာ မှာလိုက်ရဲ့ သားနဲ့”

ဖြစ်ပုံက ဒီလို .. ဆေးခန်းက အပြန်မှာ ကလေးကို သနားကြတဲ့ အနီးနားက တတ်နိုင်သူတွေက ဆေးထိုးဖို့ ဆေးဖိုးတွေ စုပြီး ပေးလိုက်တယ် .. နောက်ပြီး စိတ်မထိန်းနိုင်ကြတဲ့ လူတွေကလဲ ခွေးကို ရိုက်သတ်လိုက်ကြတယ် ..  သူတို့ အတွေးတွေထဲမှာ ခွေးသေသွားရင် မရူးတော့ဖူးလို့များ ထင်နေကြသလားတော့ မသိဘူးပေါ့ .. ဘယ်လိုကြောင့် ခွေး သေသေ .. ပျောက်သွားပျောက်သွား ဆေး ထိုးဖြစ်အောင်ထိုးဖို့ မှာထားလျက်နဲ့ .. အရေးကြီးတာမှ မေ့သွားကြတယ်နော် .. ရထားတဲ့ဆေးဖိုးတွေက ဈေးဖိုးဖြစ်သွားသလား .. နှစ်လုံးဖိုး ဖြစ်သွားသလားတော့ မသိတော့ပါ .. အနာတွေကို ဟိုဆေးထည့် ဒီဆေးထည့်နဲ့ အပေါ်ယံတော့ ပျောက်သွားရော .. ဟော နှစ်လလောက် ကြာတော့ ကလေးက ဖျားလာတယ် .. ထုံးစံအတိုင်း .. ကွမ်းယာဆိုင်ကုထုံးနဲ့ ကုကြပြန်ရော .. ) ဆေးဖိုး မတတ်တာလဲ ဖြစ်နိုင်ပါတယ် .. နောက်တော့ ကလေးက အကြောဆွဲလာ .. ရေသောက်လို့ မရဖြစ်လာတော့မှ ဆေးရုံကြီးသွားတော့ လွန်သွားပြီလို့ ပြောလိုက်တယ် .. ဒါနဲ့ ကလေးကို အိမ်ပြန်ခေါ်လာတော့ ကလေးက သတိ မလွတ်ခင်မှာ ပြောသွားသေးတယ် ..

အမေ သားကို ဆေးမထိုးပေးလို့ သား ခွေးရူးပြန်ပြီး သေရတော့မယ် တဲ့

နောက်တနေ့မှာ ကလေး ဆုံးသွားတယ် တဲ့ .. သြော် သေသေချာချာ မှာထားလျက်နဲ့ ပေါ့ပေါ့ဆဆ တွေးလိုက်တာ .. အသက်တချောင်း ….

၂၀၀၄ ခုနှစ် အောက်တိုဘာမှာ ရေးဖြစ်ခဲ့တယ်

About moethidasoe

moe thidasoe has written 34 post in this Website..