တကယ်ဆိုတော့ သွေးတိုးဆိုတာ ကိုယ်တွင်းအင်္ဂါ ဖောက်ပြန်လို့ ဖြစ်တတ်တာ ၂၀% လောက်ပဲ ရှိတယ် .. ကျန်တဲ့ ၈၀% လောက်က လူတွေကိုယ်တိုင် အနေအထိုင် အစားအသောက် မတတ်လို့၊ စိတ်မထားတတ်လို့၊ ဖြစ်လာကြတာ။

အနေအထိုင် အစားအသောက်မတတ်လို့ လို့ ပြောတော့ သိပ် လက်ခံချင်ကြတာ မဟုတ်ဘူးနော် ..

အခုပဲ ကြည့်လေ ..

ရှင့်ကို မှာထားသားပဲ .. ဆေးမှတ်တမ်းစာအုပ်ထဲမှာလဲ ပုံနှိပ်ပြီး ပြထားသေးတယ် .. သွေးတိုးရင် အငံမစားနဲ့၊ အချိုမှုန့် မစားနဲ့၊ လက်လုပ်ချဉ်တွေ မစားနဲ့၊ ဆော်ဒါ များများပါတဲ့ အစားအစာတွေ အထူးသဖြင့် မုန့်တွေ မစားနဲ့၊ အဆီအဆိမ့်များတဲ့ ၀က်ရယ်၊ အုန်းသီးပါတာရယ်၊ ထောပတ်ရယ် တတ်နိုင်ရင် မစားပါနဲ့လို့ မှာထား တယ် မဟုတ်လား ..

“ဆရာမကလဲ .. ဆော်ဒါက မငံပါဘူး .. နောက်ပြီး ချဉ်ပတ်ကလဲ ချဉ်လိုက်တာမှ ပါးစပ်ကို ရွဲ့သွားတာပဲ”

ဟုတ်တယ် .. လူတွေ မသိတာက အငံ ဆိုတာထက် ဆိုဒီယမ် လို့ လောကဓါတ် ပညာအရ သိထားတဲ့ ဓါတ်တမျိုး ပါဝင်တဲ့ အစားအစာတွေကို ရှောင်ခိုင်းတာ ..  ဒါကြောင့် တော်ရုံ .. အရသာရှိရုံ စား .. လျှာ အရသာ သိပ် မခံချင်နဲ့ .. လျှာ အရသာအတွက် ပြုပြင်ထားတာတွေက ဥပါဒ် သိပ် များတယ် .. သဘာဝအတိုင်း ဖြစ်တာကို လက်ခံပါ လို့ ပြောတာ .. အခုတော့ အရာသာ တဏှာကို တပ်မက်ကြလို့ ငါးအစစ်ဆိုတာကို မစားနိုင်တဲ့ဘ၀မှာ အချိုမှုန့်ဆိုတာနဲ့ အစားထိုး .. ချဉ်စရာ ဆိုပြီး ချဉ်ပတ် တွေ လုပ် .. လက်လုပ်ချဉ်တွေ လုပ် .. နည်းနည်း ကျစ်ကျစ်လစ်လစ်ကို သိပ် မ၀ါးချင်ကြတော့ ပွအောင်လို့ ဆော်ဒါ ထည့် .. အဲဒီ ချဉ်ပတ် ဆိုတာက ဆား ထည့်ပြီး အချဉ်ပေါက်တဲ့အထိ ထားလို့ အရသာကသာ ချဉ်နေတာ .. ဆား အာနိသင်က မပျက်ဖူး ..  ဆော်ဒါ၊ အချိုမှုန့်ဆိုတာလဲ ဆိုဒီယမ် ဓါတ်ပဲ ..  အခုခေတ် ဆိုရင် မုန့်ဟင်းခါးတို့ ရခိုင်မုန့်တီတို့ ဆိုတာ ငါးများများ မထည့်နိုင်ကြတဲ့အခါ ချိုအောင်လို့ အချိုမှုန့်နဲ့  လုပ်ကြပြီ ..

“ဒါဆိုရင် ကျွန်တော်တို့ စားစရာ ဘာကျန်တော့မှာတုန်း”

ဘာစားစား သိပ်ပြီး သွေးတိုးနေသူကလွဲလို့ ဆားကို အရသာရှိရုံ ထည့်ချက်လို့ ရတယ် .. အချိုမှုန့် မသုံးနဲ့ .. ဘာဖြစ်မှာလဲ .. စားလို့ ရတာပဲ မဟုတ်လား .. တကယ်ဆိုရင် အရသာ ဆိုတာ လျှာပေါ်မှာပဲ ရှိတာ .. လျှာပေါ်က အရသာဖု တွေကြောင့်သာ သိတာ .. လည်ချောင်းထဲ ရောက်သွားတဲ့အခါ .. ချိုချဉ်ငန်ခါး ဘာမှ မသိတော့ဘူး .. ဒါကြောင့် လျှာတကွေ့ လျှာတဏှာကို မမက်ပါနဲ့လို့ တရားသံ ပါပါ ပြောနေတာ ..

“ပြောတာတော့ လွယ်လိုက်တာ ဆရာမရယ် .. လျှာရင်လေး မြက်ရအောင် ဘာဟင်းလေး ချက်ထားလဲလို့ မေးတဲ့ မေးခွန်းလေးကို ဘယ်မှာ ထားတော့မှာလဲ ..”

အဲဒီလိုဆိုရင် ရှင့်ကို မဟာဂန္ဓာရုံဆရာတော်ရဲ့ စာသားလေး ပြောပြမယ် .. လူတွေဟာ အရိုးမရှိတဲ့ အရာနှစ်ခုကို သိပ် အလိုလိုက်တာ တဲ့ .. မှတ်ထား .. အလိုမလိုက်သင့်တဲ့ အရိုးမရှိတဲ့ အရာ တခုက လျှာ .. ဒါကြောင့် သံဃာတော်တွေ ဆွမ်းဘုဉ်းပေးတဲ့အခါ ..

“ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊

မြူးရယ်မာန်ကြွား၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊

လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင် သည်၊

ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပမ်းငြား၊

ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊

ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊

မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း”

ဆိုပြီး ဆင်ခြင်ဘုဉ်းပေးရပါတယ် .. သံဃာတော်တွေသာ မက လူတိုင်းလူတိုင်း အရသာပေါ် တပ်မက်မှု မရှိအောင် ဆင်ခြင်ဖို့ သင့်တယ် ..

“နောက်ထပ် ဘာဆင်ခြင်ရဦးမှာလဲ ဆရာမ ..”

ရှင့် စိတ်ပေါ့ .. ရှင်တို့ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ် .. မလောက်မှာ ပူပန်ရတယ် .. အဆင် မပြေရင် အလွယ်လမ်း လိုက်ကြတယ် .. ဖြတ်လမ်း လိုက် ကြတယ် .. နောက်ပြီး ရလာတာတွေ ဆုံးရှုံးမှာ ကြောက်ကြတယ် .. ဒါတွေကြောင့် စိတ်ဖိစီးမှုတွေ များလာတယ် .. အဲဒါ သွေးတိုး .. နှလုံးရောဂါတွေရဲ့ အစပဲ ..

“ဒါဆို ဘယ်လို နေရတော့မှာလဲ ”

ရှိတာလေးနဲ့ လှအောင် ဆင် .. ရတာလေးနဲ့ ၀အောင် စား .. ၁လုံး ၂လုံး ၃လုံး နောက် မလိုက်နဲ့ .. အဆ တိုးတွေလဲ မမက်နဲ့ .. အဆ များများ တိုးပေးမယ် ဆိုရင် ရှင်တို့ ဆုံးရှုံးရမှာ ပို များလိမ့်မယ် .. ဥပမာ တခုက ခြုံထဲက ကြက်မထက် လက်ထဲက ကြက်ဥကို တန်ဖိုးထားပါ .. ခြုံထဲက ကြက်မ က မသေချာတဲ့ အဖြေပါ ..

“ဒါဆို နောက်ထပ် အရိုးမရှိတဲ့ အရာကရော ..”

အဲဒါက ရှင်တို့ယောက်ျားတွေမှာသာ ရှိတဲ့ အရာ .. ၄ လုံး ရောဂါကို အလွယ်တကူ ဖြစ်စေတဲ့ ပစ္စည်း ပဲ .. ကိုယ့်ဖာသာကိုယ် စဉ်းစား ..

“၄ လုံး ဆိုတာ ဘာကိုပြောတာလဲ ..”

အေအိုင်ဒီအက်စ်ကို ပြောတာ .. သိပြီလား ..

 

၂၀၀၅ ခုနှစ် နိုဝင်ဘာလမှာ ရေးဖြစ်ခဲ့တာ

About moethidasoe

moe thidasoe has written 34 post in this Website..