“ဆရာမရယ် .. သူက လက်ထပ်ခါနီးမှ သွေးစစ်မယ်လို့ ပြောနေတယ် .. အဲဒါ တကယ် လိုလို့လား .. ဟင် .. ဘာအတွက် စစ်ရမှာလဲ .. ကျမကို မယုံရင် လက်မထပ်နဲ့ပေါ့ .. အခုတော့ ကျမ သိက္ခာ ကျတာပေါ့ .. သူ လာရင် ဆရာမ ကြည့်ပြောပေးပါဦး”

ဒီလုရှိတယ် သမီးရဲ့ .. ဆရာမလဲ မကြာမကြာ ပြောဖူးသားပဲ .. အိတ်ခ်ျအိုင်ဗီ ဆိုတာ လူတိုင်းမှာ ရှိနေနိုင်တာ .. မြင်ရုံနဲ့တော့ ရှိ မရှိ မသိနိုင်ဘူး ..

ကူးတဲ့နည်းတွေ သိနေပေမယ့် သူ ဘယ်လို နည်းနဲ့ ကိုယ်ထဲ ၀င်လာမလဲ ဆိုတာ မသိနိုင်ဘူးလေ .. ကိုယ်က မဟုတ်တာ လုပ်တာ မဟုတ်ပေမယ့်လဲ တခါတလေ .. ကိုယ် အမှုမဲ့အမှတ်မဲ့ လုပ်မိလိုက်တဲ့ အချိန်မှာ ၀င်လာတတ်တယ် .. ကူးစက်နည်းတွေလဲ သမီး သိပြီးသားပဲဟာ .. လိင်ကချည်း ကူးတာ မဟုတ်ဘူးလေ .. တခါတလေ ရှားရှားပါးပါး ဖြစ်နိုင်ချေ နည်းပါတယ် ဆိုတဲ့ နည်းလမ်းတွေကတဆင့် ကိုယ့်ဆီကို ကူးစက်သွားတတ်တယ် ..  ဒါကြောင့် စစ်ကြည့်တာ မမှားဘူး .. နှစ်ယောက်စလုံးတော့ စစ်မှဖြစ်မယ် .. ဒါမှလဲ ပိုးကင်းစင်တဲ့ သာယာတဲ့အိမ်ထောင်ရေး ဖြစ်တော့မှာပေါ့ .. မွေးလာကြမယ့် ကလေးအတွက်လဲ ပိုးကင်းစင်မှာပေါ့ .. မဟုတ်ဘူးလား

(အိတ်ခ်ျအိုင်ဗီ ပိုးဆိုတာ လူတိုင်းမှာ ရှိနေနိုင်တယ်လို့ သင်တန်းမှာ ဆရာတွေ ပြောပြထားပါတယ် .. ဘာလို့လဲ ဆိုတော့ .. ဒီလူ .. ဘယ်တုန်းက .. ဘယ်သူတွေနဲ့ .. ဘာလုပ်ခဲ့တယ် ဆိုတာကို သူကိုယ်တိုင် မပြောရင် ဘယ်သူ သိနိုင်မှာလဲ .. ဒါဆိုရင် သူ့ခန္ဓာကိုယ်ထဲမှာ အိတ်ခ်ျအိုင်ဗီပိုး ရှိနေ မနေကို ဘယ်သူ ခန့်မှန်းလို့ ရမှာလဲ ..  နောက်ပြီး အိတ်ခ်ျအိုင်ဗီ ပိုး ၀င်တဲ့ အဆင့်ပဲ ရှိပြီး အေအိုင်ဒီအက်စ် အဆင့်ကို မရောက်သေးသရွေ့ လူကောင်းပကတိအတိုင်း မြင်နေရမှာ .. ဒါဆိုရင် သူသူကိုယ်ကိုယ် ခွဲလို့ ရသေးလား ..)

“ဆရာမ .. နှစ်ယောက်စလုံး ပိုး ကင်းတယ် တဲ့”

ဝမ်းသာစရာပေါ့ .. ဒါဆို လက်ဖွဲ့ ပြင်ထားလိုက်တော့မယ် .. အေး .. ကျမ မှာလိုက်ဦးမယ် .. ပိုး ကင်းတယ်ဆိုတဲ့ အခြေကို ဆက်လက်တည်တံ့အောင် နှစ်ယောက်စလုံး တယောက်ကိုတယောက် သစ္စာရှိဖို့ လိုတယ် .. အပြန်အလှန် သစ္စာရှိရမယ် ..  ယောက်ျားလေးကလဲ အပေါ်အပါး ကင်းဖို့ လိုတယ် .. မိန်းကလေး အတွက်ကတော့ ပြောစရာ မလိုတော့ဘူးနော် ..

ကျမတို့ မိန်းမတွေက သစ္စာရှိပြီးသားပါနော်”

အင်း ဒါဆိုလဲ မင်းတို့ ကြားဖူးပြီးသာ ဖြစ်ချင်ဖြစ်မယ် .. ပြောပြရဦးမယ် .. ယောက်ျားက အဝေးမှာ စီးပွားသွားရှာနေတဲ့အချိန်မှာ အိမ်မှာ ကျန်နေတဲ့ မိန်းမက လိမ္မာရင် ကောင်းရဲ့ .. ဇ လေး ရှိတဲ့သူတွေဆိုရင် နောက်တွဲလေးတွေ ရှာတတ်ကြတယ် .. တချို့ကတော့ အဲဒီအတွက် လိမ္မာပါရဲ့ .. အလစ်စောင့်နေတဲ့ အကြံအဖန်သမားနဲ့လဲ တွေ့ရော .. အတွေ့မှာ မျောသွားရင် သွားပါလေရော .. တချို့က တယောက်ထဲ ပျင်းနေတော့ ချိန်းဝိုင်းတွေ ကြိတ်ဝိုင်းတွေ လိုက်ထိုင်ရင်း .. ငွေမျော ငွေနဲ့ လိုက်နေရာက လူပါ ပါသွားတတ်တဲ့ အဖြစ်မျိုး ဆိုရင် မိန်းမတွေ သစ္စာ ရှိသေးရဲ့လား .. သူရော ရောဂါ မကူးနိုင်တော့ဘူးလား

ဆရာမ အခုပြောပြနေတာတွေက ဖြစ်နိုင်ပါ့မလား ..

ဖျစ်ဖျစ်နဲ့တောင် မြည်နေသေးတယ် .. ၀တ္ထုတွေ စာစောင်တွေမှာ ရေးနေကြတာ စိတ်ကူးယဉ်တယ်လို့ ထင်နေလို့လား .. အနီးအနားမှာကို ရှိနေတာ မျက်မြင် ..

ယောက်ျားတွေရော အဲဒီလို ဖြစ်တတ်သလား

ယောက်ျားတွေက အိမ်ထောင်ကျခါစတော့ ငြိမ်လို့ .. ကြာလာတော့ အပိုလေးတွေ မက်လာတတ်တယ် .. ငွေလေး ရွှင်လာ .. အချိန်တွေ ပိုနေ .. မိန်းမနဲ့လဲ ဝေးနေရင် .. တခါတလေပါ ဆိုပြီး ကဲတတ်ကြသေးတယ် .. တခါထဲပါ ပေါ့ .. တလွှာခြားရင် တကမ္ဘာခြားတယ် ဆိုပြီး အကာအကွယ်တွေလဲ မသုံး .. အပြင်စာ ဆိုတာ အိမ်မှာ စိတ်ကြိုက် ချက်ပြုတ်ထားသလောက် ဘယ်သန့်ပါ့မလဲ .. အဆင်မသင့်တော့ ကူးစက်တတ်တဲ့ ပိုးတွေ ပါလာရော .. အဲဒါဆိုရင် အိမ်က မိန်းမကိုလဲ ကူးပြီပေါ့ ..

“သြော် .. ဒါကြောင့် နှစ်ဦးစလုံး အပြန်အလှန် သစ္စာရှိဖို့ ပြောကြတာကိုး .. ကျမ မသိလို့ ဝေဖန်မိတာ ခွင့်လွှတ်နော် .. ဒါဆို သမီးတို့ သွေးစစ်ဖြစ်တာ မှန်တာပေါ့ နော်”

အေး .. မှန်တာပေါ့ နှစ်ဖက်စလုံး စစ်မှလဲ မှန်မှာ ..မျှတမှာပေါ့

 

၂၀၀၉ ဖေဖော်ဝါရီလမှာ ရေးခဲ့တာ

About moethidasoe

moe thidasoe has written 34 post in this Website..