ပြောရင်လည်း အတင်းဖြစ်ဦးမယ်
အဲဒါကြောင့် ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ ၁၀ရက်လောက်ရှိပြီ
ခုမှ ပြောဖြစ်သွားတယ်ဆိုပါတော့
ဒါကလည်း မပြောရင် တခြားလူတွေ သတိမထားမိဘဲ ဒုက္ခရောက်မှာစိုးလို့ပါ
အကြောင်းကတော့ ဒိတ်ကုန်ပစ္စည်းတွေ စူပါမားကတ်မှာ ရောင်းချတာတွေလို့ပါပဲ
ကျွန်မ ရွှေဂုံတိုင်မှာရှိတဲ့ စူပါမားကတ်တစ်ခု(အမည်တော့ ဖော်မပြတော့ပါ)မှာ ဈေးသွားဝယ်တာ
ရက်လွန်ပစ္စည်းတွေ ရောင်းထားတာတွေ့ရပါတယ်
အသုံးအဆောင်ပစ္စည်းဆို ထားတော့၊ ခုဟာက စားသောက်ကုန်တွေပါ
အဲ…..အဲဒီမှာ အသုံးအဆောင်ပစ္စည်းတွေလည်း ရက်လွန်တာတွေ ရောင်းတယ်နော်
ဥပမာ-ခေါင်းလျှော်ရည်လိုဟာမျိုးပေါ့
အရင်တခေါက်သွားတုန်းက ကိတ်မုန့်ဝယ်တာ ကိတ်မုန့်ဗူးတစ်ဗူးကမုန့်က မှိုတက်နေတာတွေ့ရတယ်
ရက်စွဲကိုကြည့်တော့လည်း ရက်လွန်နေပြီ
ဒါနဲ့ ၀န်ထမ်းတစ်ယောက်ကိုခေါ်ပြီး ဒီကိတ်မုန့်က ရက်လွန်နေပြီ မှိုတောင်တက်နေပြီလို့ ပြောပြီးသိမ်းခိုင်းလိုက်တယ်
အဲဒီကိတ်မုန့်တစ်ခုတည်းမဟုတ်တာ နောက်တော့သိလိုက်ရပါပြီ
နောက်တစ်ခေါက် ထပ်ရောက်ပြီး ဈေးဝယ်ဖြစ်တယ်
(ပစ္စည်းတွေအဆင်မပြေပေမယ့် အဲဒီမှာပဲဝယ်ဖြစ်တာက သွားရတာနီးနေလို့ :D )
အဲဒီတစ်ခါကျတော့ သစ်သီးစုံဗူးလေးတွေနားမှာ ကြည့်နေတာ၊
ပုလင်းပုပုလေးနဲ့ အ၀ါရောင်ဖျော်ရည်ပုလင်းလေးတွေတွေ့တော့ ၀န်ထမ်းတစ်ယောက်ကိုမေးကြည့်မိတယ်
အဲဒါဘာလဲလို့၊ ပုလင်းမှာက ယိုးဒယားစာတွေချည်းပဲဆိုတော့ မဖတ်တတ်ဘူးလေ
သူကပြန်ပြောတယ် သရက်သီးဖျော်ရည်တဲ့၊ အနှစ်တဲ့
သဘောကျသွားတာပေါ့၊ ပုလင်းလေးကလည်း ဆန်းဆန်းလေး၊ သရက်သီးဖျော်ရည်အနှစ်ဆိုတော့၊ ၀ယ်မယ်ကွာဆိုပြီး ခြင်းထဲကိုထည့်ခါနီး
ပုလင်းအဖုံးကို သတိထားမိလိုက်တယ်
ပုလင်းအဖုံးက ဆေးတွေနည်းနည်းကွာပြီး သံအဖုံးမို့ သံချေးတောင်လိုက်နေပြီ
ဒါနဲ့ စင်ပေါ်ကတခြားပုလင်းတွေနဲ့ ပြန်လဲလိုက်တယ်
ထပ်ယူလိုက်တဲ့ပုလင်းကလည်း အဲလိုပဲ သံချေးတွေနဲ့ (ဒါကိုရက်လွန်နေမှန်းမသိသေးဘူး၊ “အ”တာ)
ဒီလိုနဲ့ လေးငါးပုလင်းယူကြည့်လိုက်တယ်
အဲလိုအတူတူတွေချည်းပဲ
ဒါနဲ့ပဲ မသင်္ကာတာနဲ့ ရက်စွဲဖတ်လိုက်တော့ လား..လား….လပေါင်းများစွာ လွန်ခဲ့ပါရောလား
အဲဒါအဲဒီလို သရက်ဖျော်ရည်ပုလင်းတိုင်းပဲ :(
မကြည့်ဘဲဝယ်သောက်လိုက်လို့ကတော့ မဖြစ်ရင်ကိစ္စမရှိဘူး ဖြစ်သွားရင်ကိုယ်ပဲခံရမှာ
ဘာလို့လဲဆိုတော့ မလေးရှားမှာနေတဲ့ ကျွန်မအစ်ကိုရဲ့ သားလေးလည်း ရက်လွန်ဂျယ်လီစားပြီး နေမကောင်းဖြစ်သွားလို့
သူကလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီးကျွေးလိုက်တာတဲ့
ကလေးက ပျော့တာလည်းပါတာပေါ့လေ
ကျွန်မကတော့ပြောလိုက်တယ်၊ မြန်မာမှာတော့ လူတော်တော်များများ(အခြေခံလူတန်းစားများ)
ဒီလိုပဲရက်လွန်အစားအသောက်တွေ စားမိကြတာပါပဲ
အဲလောက်ကြီးထိဖြစ်တယ်လို့ မကြားမိပါဘူးလို့
ကိုယ်တိုင်လည်း ဒီလိုပဲစားမိတတ်တာပဲ
ဒါပေမယ့် ကျွန်မလည်းနောက်တော့ ရက်လွန်သွားရင်မစားတော့ဘူး၊ အခန့်မသင့်ရင် တစ်ခုခုဖြစ်မှာလေ
မြန်မာနိုင်ငံမှာ စားသောက်ကုန်တွေမှာ ပြုလုပ်ရက်၊ ကုန်ဆုံးရက်တွေထည့်ရေးပေးရမယ်လို့ စကြေငြာပြီး
စတင်လုပ်ဆောင်ကာစတုန်းကပေါ့၊ ကျွန်မမရမ်းပြားအချဉ်ထုပ်လေးတစ်ထုပ်ဝယ်စားတယ်(အိမ်နားက အိမ်ဆိုင်လေးမှာပါ)
အိမ်ရောက်တော့ ရက်စွဲကြည့်လိုက်တော့ ရက်ကျော်နေပြီ၊ အထုပ်လည်းမဖောက်ရသေးတာနဲ့ ၀ယ်တဲ့ဆိုင်ပြန်သွားပြီး
ရက်လွန်ကြောင်းသွားပြောလိုက်တယ်၊ သူတို့ပြောတာစိတ်လေသွားတယ်
အဲလိုပဲတဲ့၊ ရက်စွဲကြည့်လို့မမှန်ဘူးတဲ့၊ တံဆိပ်က ရိုက်ပြီးသားတွေဆိုတော့
ဒီတံဆိပ်နဲ့ ထည့်ဖြစ်သွားတာတဲ့၊ နောက်နေ့ရောက်မယ့်ဟာတွေလည်း ရက်စွဲပြောင်းရိုက်ထားတဲ့ စာရွက်အသစ်မဟုတ်ရင်
ဒီတိုင်းပဲ လွန်နေတဲ့ရက်စွဲနဲ့ဖြစ်မှာပဲတဲ့
ကျွန်မတွေးမိတာက ကျွန်မအပါအ၀င် မြန်မာနိုင်ငံကလူတော်တော်များများဟာ ကုန်ပစ္စည်းနဲ့ပတ်သက်လို့
သတ်မှတ်ကာလတွေကို သိပ်အလေးမထားတတ်ကြပါဘူး
သုံးလို့ စားလို့ ကောင်းမယ် ရသေးတယ်ထင်ရင် မစွန့်ပစ်ကြပါဘူး
တိုးတက်တဲ့နိုင်ငံများကျတော့ ဥပမာ-လေယာဉ်ကပစ္စည်းတစ်ခု (Fokkerကုမ္ပဏီပဲထားပါတော့)က ၂နှစ်သက်တမ်းရှိရင်
အသုံးပြုဖို့နှစ်ပြည့်သွားရင် ကုမ္ပဏီက အဲဒီပစ္စည်းကို အသုံးပြုခွင့်မပေးတော့ဘူးတဲ့
ဒီမှာတော့ ကားတွေကိုလည်း ဖြစ်သလိုမောင်းနေတာ
ရုံးက အထက်အရာရှိဖော်ရိန်နာတစ်ယောက်ပြောဖူးတာလေးလည်း သွားသတိရမိတယ်
သူဘတ်စ်ကားမစီးဖူးလို့ စီးကြည့်မိတယ်တဲ့၊ ကားဒရိုင်ဘာက အရမ်းကားမောင်းကြမ်းလို့
သူ့မှာတလမ်းလုံး ကြောက်နေရပါတယ်တဲ့၊ နောက်ထပ်သူလန့်သွားတာက ဒရိုင်ဘာရှေ့က ဒိုင်ခွက်တွေအကုန်လုံး
ဇီးရိုးမှတ်မှာပဲရှိတယ်၊ ပျက်နေတယ်တဲ့၊ (သူက ဒရိုင်ဘာနောက်မှာ ရပ်နေတာပါ)
ဒိုင်ခွက်တွေလည်းပျက်နေတဲ့အထဲ အရမ်းအမောင်းကြမ်းတော့ သူနောက်ထပ်လုံးဝ ဘတ်စ်ကားမစီးတော့ဘူးတဲ့
တော်တော်ကြောက်သွားပုံရတယ်၊ ဒီကဟိုင်းလတ်ကားတွေမှာ တွဲလောင်းခိုလိုက်ရတဲ့လူတွေများ ဟောလီးဝုဒ်စတန့်မင်းသားထက်
မသာရင်သာရှိမယ်၊ စွန့်စားပုံတော့ မလျော့ဘူး (ဤကား စကားချပ်)
ရေးရင်းလမ်းလွဲကုန်ပြီ(ပရိုမဟုတ်တော့လည်း သည်းခံပါလို့ :D )၊ စူပါမားကတ်အကြောင်းလေး ပြန်ဆက်ကြစို့ရဲ့
ဒီကနေ့လည်း အဲဒီစူပါမားကတ် ထပ်ရောက်ခဲ့ပါတယ်ရှင့်
ဒီတခါတော့ နပ်သွားပြီ၊ ဘာလေးပဲဖြစ်ဖြစ် ရက်စွဲလေးရေးထားတာ ရှာရတာအမော
ခုလည်း ပစ္စည်းတော်တော်များများ ရက်လွန်နေတာ ထပ်တွေ့ရတယ်
ကိုယ်တိုက်ကလည်း အရင်လိုမဟုတ်ဘဲ သေချာသတိထားကြည့်တာကိုး
ဘီစကစ်မုန့်ထုပ်အချို့နဲ့ ကော်ဖီမိတ်(ခရင်မာ)ထုပ်အချို့ ရက်လွန်နေတာ တွေ့ခဲ့ရပါတယ်
အဆိုးဆုံးကတော့ ဘီစကစ်ထုပ်ပေါ့၊ တံဆိပ်တော်တော်များများ ရက်လွန်နေတော့ ၀ယ်စရာတောင်သိပ်မရှိတော့ဘူး :(
မနေနိုင်မထိုင်နိုင် ၀န်ထမ်းတွေခေါ်ပြီး ဒီပစ္စည်းတွေက ရက်လွန်နေပြီလို့ ပြောရအောင်လည်း ပစ္စည်းတော်တော်များများက ဒီတိုင်း
သူတို့ကလည်း သိရက်နဲ့ ရောင်းနေတာလားလည်းမသိ၊ ကိုယ့်ဆိုင်ပစ္စည်း ရက်လွန်မှန်းတော့
သိကြမှာပါနော်၊ မသိချင်ယောင်ဆောင်တာနေမှာ၊ သူဌေးကလည်း ရောင်းခိုင်းတာနေမှာပေါ့လေ၊ ဒါကလည်း တစ်ကြောင်း
ရက်စွဲမကြည့်မိသူတွေ၊ မသိတဲ့လူတွေများ ၀ယ်မိရင် စားသုံးမိရင် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ တွေးမိကြလားမသိပါဘူး
ပေါ့ပေါ့တန်တန်သဘောထားကြတာ စိတ်မကောင်းဘူး
မဖြစ်သေးလို့ပဲ မသိမိကြတာလား၊ ဖြစ်တဲ့လူတွေကလည်း ပြီးပြီးရော နေလိုက်ကြလို့လား
သိပ်အရေးမကြီးတဲ့ကိစ္စလို့ထင်ရပေမယ့် သေချာတွေးရင် အရမ်းအရေးကြီးပါတယ်
အစားအစာနဲ့ပတ်သက်လို့ မှိုတက်တာလို မျက်စိနဲ့မြင်နိုင်တဲ့အရာဆိုရင် ရှောင်မိပါလိမ့်မယ်
မမြင်မိ၊ သတိမထားနိုင်လောက်တဲ့အရာမျိုးဆို ကျိန်းသေတစ်ကြိမ်မဟုတ်တစ်ကြိမ် ထိမှာပါပဲ
ဒီလို ရက်လွန်ပစ္စည်း အစားအစာပဲဖြစ်ဖြစ် အသုံးအဆောင်ပဲဖြစ်ဖြစ် မစွန့်ပစ်ဖြစ်ဘဲ
သုံးစွဲမိတာဟာ ပစ္စည်းရှားပါးမှုနဲ့လည်း ဆိုင်မယ်ထင်ပါတယ် (ကျွန်မအထင်ပြောတာပါ)
ဆင်းရဲတဲ့နိုင်ငံအများစုမှာ ဒီလိုပဲ ကြုံတွေ့နေမယ်ထင်ပါတယ်
ရှားပါးတော့လည်းလေ….ဘယ်တတ်နိုင်မလဲ၊ ဒါမသုံး ဒါမစားလို့ ကိုယ်ပဲငတ်မှာပေါ့၊ ဘယ်သူက အာမခံမှာလဲနော်
နှမြောတော့လည်း ဘာမှမဖြစ်လောက်ပါဘူးလေနဲ့ မသိချင်ယောင်ဆောင်နေလိုက်တာ တကယ်မသိဖြစ်သွားတယ်
အသိပညာလည်းနည်း၊ အသုံးအဆောင်လည်းမွဲ
စိတ်ညစ်လိုက်တာ…လိပ်ဖြစ်တာအခွံထူလို့
အားလုံးလည်းပဲ ရက်လွန်ပစ္စည်းတွေ တတ်နိုင်သလောက် မသုံးမိအောင် ဂရုပြုပါလို့ ပြောချင်ပါတယ်
ရက်လွန်ပစ္စည်းတွေကို မသုံးဘဲ အလွယ်တကူစွန့်ပစ်နိုင်အောင် ပေါများကြပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်ရှင်။

:) :) :)

About panpan

chit has written 61 post in this Website..