“စာတွေ ခေါင်းထဲရောက်အောင် ကြိုးစားနေတာ။” :D

ဆယ်တန်းစာမေးပွဲဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အချိုးအကွေ့ကြီးတစ်ခုကို ဖြစ်စေနိုင်တာမို့ မိဘတွေမှာ သားသမီးတွေ ၁၀တန်း မရောက်ခင်ကတည်းက ၂နှစ်လောက်ကြိုတင်ပြီး သားသမီးပညာရေးအတွက် ငွေအားရော၊ လူအားပါ အစွမ်းကုန် စိုက်ထုတ်ကြိုးစားကြရပါတယ်။
၉တန်း-၁၀တန်း အတွက် အဆင်သင့်ဖြစ်အောင် ကျူရှင်တွေကို လိုက်စုံစမ်းရပါတယ်။
စာစုသင်ဖို့ ဝိုင်းအတွက် လူစုရတာက တမျိုး။ စာစုသင်မယ့်နေရာကို ရှာကြရတာက တမျိုးနဲ့ အလုပ်တွေ များကြရတာပေါ့။
များသောအားဖြင့် ကျောင်းသားမိဘတွေဟာ ကိုယ့်ကလေးနဲ့ ဥာဏ်ရည်တူတဲ့ (သို့) ပိုတော် ပိုကြိုးစားတဲ့ ကလေးတွေနဲ့ပဲ စုပြီး ဝိုင်းသင်ချင်ကြပါတယ်။
၁၀တန်းရောက်မှ တက်ချင်တဲ့ဝိုင်း တက်လို့ရမယ်လို့ မထင်ပါနဲ့။ ၉တန်းတုန်းက စုထားတဲ့ဝိုင်းနဲ့ပဲ ၁၀တန်းမှာ ဆက်ဝိုင်းကြရတာပါ။
ဒါကြောင့်မို့ သားသမီးတွေ ၈တန်းစာမေးပွဲ ဖြေပြီးပြီဆိုတာနဲ့ မိဘတွေခမျာ ၁၀တန်းအတွက် ကြိုတင်ပြီး ဗျာများကြရတော့တာပါပဲ။
အဲဒီလို ၂နှစ်လောက်ကြိုတင်ပြီး အားထုတ်ကြိုးပမ်းခဲ့ရတဲ့ ရလဒ်တွေမှာ ကောင်းတာလည်းပါ။ ဆိုးတာလည်းပါပေါ့။
ကောင်းတဲ့အထဲမှာတောင် တော့ပ်တန်းကနေ ရိုးရိုးအောင်ထိ အဆင့်အတန်းတွေ အမျိုးမျိုး ရှိသေးတာပေါ့။
ဆိုးတာကတော့ တစ်မျိုးတည်းပဲ ရှိပါတယ်။ ကျရှုံးခြင်းပေါ့။
စာမေးပွဲကျပြီ ဆိုတဲ့အခါကျတော့ မိဘနဲ့ သားသမီး စစ်ပွဲတွေ ဖြစ်လာရပြီပေါ့။ ကလေးတွေအတွက်မှာလည်း မိဘက ဆူတာ ပူတာက တမျိုး၊ ကိုယ့်ဖာသာကိုယ် စာမေးပွဲကျလို့ စိတ်ညစ်တာက တမျိုးနဲ့ပေါ့လေ။
အရင်ကတည်း စာကိုစိတ်မဝင်စားပဲ မကြိုးစားခဲ့တဲ့ကလေးတွေအတွက် သိပ်မထိခိုက်ပေမယ့်၊ တချို့ ကြိုးစားသော်လည်း စာမေးပွဲကျတဲ့ ကလေးတွေမှာတော့ စိတ်ဓာတ်ကျတယ်၊ ကျောင်းဆက်မတက်ချင်တော့ဘူး ဆိုတာမျိုး ကြီးမားတဲ့ ပြဿနာတွေ ပေါ်လာတော့တာပါပဲ။
မိဘတွေအဖို့ရာမှာတော့ သားသမီးအရေးမို့ ငွေထပ်ကုန်တဲ့ကြားထဲကပဲ စိတ်ဓာတ်ကျနေတဲ့ သားသမီးကို ပြန်အားပေးပြီး သားသမီးအတွက် အစွမ်းကုန် ဖြည့်ဆည်းပေးလိုစိတ်နဲ့ နောက်တစ်နှစ် ကျောင်းပြန်တက်ဖို့ အစစအရာရာ ထပ်မံကြိုးစားရတော့တာပေါ့။
မိဘတွေက ငွေကြေးတောင့်တင်းရင် မထောင်းသာဘူးပေါ့။ ဒါတောင် တစ်နှစ်ဆိုတဲ့အချိန်က ထပ်ကုန်သွားရသေးတာ။ အချိန်ဆိုတာ ဝယ်ယူလို့မရနိုင်တဲ့ အဖိုးတန်တမျိုး မဟုတ်လား။

များသောအားဖြင့် စာမေးပွဲအောင်တဲ့ အမှတ်စာရင်းတွေသာ ထုတ်ယူတတ်ကြပြီး နောက်တက်ရမယ့် တက္ကသိုလ်တွေကို ရွေးဖို့၊ လျှောက်ဖို့ လုပ်ကြပါတယ်။ စာမေးပွဲကျတဲ့သူကတော့ အမှတ်စာရင်း ထုတ်လေ့ထုတ်ထ မရှိကြပါဘူး။
ဒီနေရာမှာ အကြံပေးချင်တာက စာမေးပွဲကျတဲ့သူတွေလည်း အမှတ်စာရင်းထုတ်သင့်ပါတယ်။ ဒါမှသာ ဘယ်ဘာသာမှာ အားနည်းတယ်၊ အမှတ်ဘယ်လောက်ရတယ် ဆိုတာကို သိရပြီး၊ ဘယ်လို ပြန်ကြိုးစားရမလဲ ဆိုတာကို စနစ်တကျ လုပ်ဆောင်နိုင်မှာပါ။
(အကယ်၍ အမှတ်စာရင်းမှာ အမှားအယွင်း ဖြစ်နေလျှင်လည်း သိနိုင်တာပေါ့။ ကိုယ့်ဖက်က ဖြေနိုင်လျှက်သားနဲ့ ကျတဲ့ဘာသာဆိုရင်တော့ အဖြေလွှာကိုပါ ပြန်တောင်းကြည့်သင့်ပါတယ်။)
အဲဒီလို သေသေချာချာ စနစ်တကျနဲ့ ကိုယ်အားနည်းတဲ့ ဘာသာကို ဖိပြီး ပြန်ကြိုးစားရင် အခုလာမယ့်နှစ်မှာ အောင်မြင်ဖို့ အလားအလာကောင်းတွေ၊ အောင်မြင်ဖို့ အခွင့်အရေးတွေ၊ အောင်မြင်မှုတွေကို ရရှိမှာဖြစ်ပါတယ်။
တစ်နှစ်တာ စနစ်တကျ ပြန်လည်ကြိုးစားပြီး တသက်တာ အောင်မြင်တဲ့ဘဝတွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)