ဒီနေ့မနက် ကျွန်မအလုပ်သွားဖို့ ဘတ်စ်ကားစီးတော့ ကားပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ မြင်ကွင်းလေးပါ … တော်တော်လေးကို ကြည်နူးဖို့ကောင်းပါတယ် … ကျွန်မကားပေါ်တက်ပြီး ရှေ့တစ်မှတ်တိုင်မှာ ဆွမ်းခံကြွပြီး ပြန်လာတဲ့ သပိတ်ပိုက်ထားတဲ့ဦးဇင်းကြီးတစ်ပါးနှင့် ဆွမ်းချိုင့်ဆွဲလာတဲ့ ကိုရင်လေးတစ်ပါး ကားပေါ်တက်လာပါတယ် … သံဃာတော်ခုံမှာကလည်း ဦးဇင်းလေးတစ်ပါး ထိုင်နေပါတယ် … သံဃာတော်ခုံအနောက်မှာ ခေတ်လူငယ်စတိုင်အပြည့်နဲ့ ခပ်လန်းလန်းကောင်လေးတစ်ယောက် ထိုင်နေပါတယ် … သံဃာတော်ခုံရဲ့ ဒီဘက်အခြမ်းမှာတော့ ဦးလေးကြီးနှစ်ယောက်ထိုင်နေပါတယ် …

 

သပိတ်ပိုက်ထားတဲ့ ဦးဇင်းကြီးကိုတော့ ဒီဘက်အခြမ်းမှာထိုင်နေတဲ့ ဦးလေးကြီးနှစ်ယောက်ထဲက တစ်ယောက်က နေရာဖယ်ပေးလိုက်ပါတယ်။ တစ်ယောက်ကတော့ ဖုန်းပြောလက်စနဲ့မို့ ဆက်ထိုင်နေပါတယ်။  ဆွမ်းချိုင့်ဆွဲလာတဲ့ ကိုရင်လေးကိုတော့ သံဃာခုံမှာထိုင်နေတဲ့ ဦးဇင်းလေးက ဆင်းရတော့မယ်ဆိုပြီး နေရာဖယ်ပေးလိုက်ပါတယ်။ ဦးဇင်းလေးဆင်းမှာကိုမသိတဲ့ အနောက်မှာထိုင်နေတဲ့ ခပ်လန်းလန်းကောင်လေးကလဲ ဦးဇင်းလေးကို နေရာဖယ်ပေးပြန်ရော … ဦးဇင်းလေးကလဲ ဆင်းမှာမို့လို့ဆိုပြီး မထိုင်ပါဘူး … အဲဒါကိုမသိလိုက်တဲ့ ဖုန်းပြောနေတဲ့ ဦးလေးကြီးက ဖုန်းပြောလို့လဲပြီးရော ဦးဇင်းလေးကို နေရာထပ်ဖယ်ပေးပြန်ရော … ဒီမြင်ကွင်းလေးကိုကြည့်ပြီး  ဪ .. ငါတို့ဗမာလူမျိုးတွေ ဘာသာတရားကိုင်းရှိုင်းပြီး သံဃာကို သံဃာမှန်းသိကြသေးပါလားဆိုတဲ့ အသိနှင့်အတူ ကြည်နူးမိပါတယ်။

 

တခါတခါလည်း သံဃာတော်တွေ ကြွလာတာကို သံဃာတော်ခုံမှာထိုင်ပြီး ဖယ်ပေးရကောင်းမှန်းမသိဘဲနဲ့ မသိကျိုးကျွံပြုနေတဲ့သူတွေနဲ့ ဆုံရတဲ့အခါ ဒေါသထွက်မိတာလေးတွေလဲရှိပါတယ်။ မနက်ကမြင်ကွင်းလေးကို မြင်ပြီး လူသားတိုင်း ကိုယ့်အသိစိတ်ဓါတ်လေးနဲ့ ကိုယ်ချင်းစာတရားလေး နေရာတိုင်းမှာ ထားနိုင်မယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲရှင် …

About chit lay

chit lay has written 10 post in this Website..