မောင်ပေ တစ်ယောက် နေ ့ခင်း ၂ နာရီ လောက် က အိပ်ပျော်ခဲ့တာ ၅ နာရီ ထိုးသည့်တိုင်အောင် မနိုး ။

ဖုန်းထဲမှ နာရီ ကို နှိုးစက်ပေးထားသော်လည်း ၊ လူက မထနိုင် ၊ မထချင် ။

မထချင်လောက်အောင် အိပ်ဖြစ်သည့် အကြောင်းမှာ

နံနက်၅နာရီခွဲ ဆိုလျှင် အိပ်ယာထ ၊ မျက်နှာသစ် ရေချိုးပြီး ကျောက်စိမ်းဝိုင်းသို ့ပြေးရသည် ။

ကျောက်စိမ်းဝိုင်း အပြင်ဘက်တန်းတွင် ၊ မနက်စောစောသာ လာရောက်တည်ခင်းရောင်းချသော ကျောက်စိမ်းကုန်သည် လေး များ ရှိသည် ။

ကျောက်စိမ်းဝိုင်းအပြင်ဘက်တန်း ပတ်ပတ်လည် ခြေတိုအောင် ပတ်လမ်းလျှောက်ရင်း ဝယ်သင့်သော ကျောက် ကို လိုက်ကြည့်ရသည် ။

များသောအားဖြင့် မတွေ ့ဖြစ်သာ များပါသည် ။

ထိုမှ တစ်ဆင့် ရ နာရီ ခွဲပြီ ဆိုလျှင် ၊ မောင်ပေ့ ဈေးဆိုင် သို ့ပြေးဖွင့် ရသည် ။

ဆိုင်ဖွင့် ၊ မောင်ပေ က ဗုဒ္ဓဘာသာ တစ်ဦးဆိုတော့ ဘုရားပန်း၊ သောက်တော်ရေ ကပ် ပြီး ၊ သရဏဂုံတင် ၊ မေတ္တာပို ့…

ဆိုင်သန် ့ရှင်းရေး လုပ်ပြီး တွင် နံနက်စာ စားသည် ။

ဆိုင်တွင် ဈေးဝယ်ထိုင်မျှော် ၊ ဈေးဝယ်လာလျှင် ဈေးရောင်း ၊ နယ်အော်ဒါ လာလျှင် ပစ္စည်းထုတ်ပို ့ရင်း..

နံနက် ၉နာရီခွဲ ပြီ ဆိုလျှင် မောင်ပေ့ မားသား ဆိုင်ထိုင်ပြီ ဖြစ်လို ့ ၊ ကျောက်စိမ်းဝိုင်း သို ့တစ်ခေါက် ပြေးရပြန်သည် ။

သည်တစ်ခါ သွားတာကတော့ ၊ ဝယ်ထားသော ကျောက်စိမ်းတုံး များ ကို ပြန်ရောင်းရန် နှင့် နေ ့စဉ်ဖြစ်ပေါ်နေသော ကျောက်စိမ်းဈေးကွက်ကို စနည်းနာရန် ။

သည်တစ်ခါ ကျ ကျောက်စိမ်းဝိုင်းထဲ မှာ အရှေ  ့မှ အနောက် ၊ တောင်မှမြောက် ခြေတိုအောင် လမ်းလျှောက်ရသည် ။

ကျောက်စိမ်းဝိုင်းအတွင်းတွင် ဆိုင်ခန်းလေးများဖြင့် ၊ အထိုင်ချ ကာ ကျောက်ကုန်သည်၊ပွဲစားများထံမှ ကျောက်စိမ်းများကို ဝယ်နေသော တရုတ်ကုန်သည်ကြီးများရှိသည် ။

သူတို ့နား လူအုံနေပြီ ဆိုလျှင် ပြေးကပ်ကြည့်ရသည် ။

ဘယ်လိုကျောက်မျိုးကို ဘယ်လောက်ဈေးနှင့် ရောင်းကြသလဲ ၊ ဝယ်ကြသလဲ ပေါ့ ။

ဘယ်လို ကျောက်စိမ်းမျိုးကို အဝယ်လိုက်နေသလဲ ပေါ့ ။ ဈေးတန်း ဘယ်လောက် ပေါက်သလဲ ဆိုတာပါ လေ့လာရသည် ။

ကျောက်စိမ်းဝိုင်းအတွင်း သွားလာလှုပ်ရှားရသည် မှာ နေပူလျှင် ချွေးဒီးဒီးကျ သည် ။ ရေသန် ့ဘူး တစ်ဘူးပြီး တစ်ဘူး ဝယ်သောက်ရသည် ။

မိုးရွာလျှင် အောက်မှာ ရွံ  ့တွေ ဗွက်တွေ နှင့် ၊ ခြေထောက် ဗွက်အလိမ်းလိမ်းအပေခံကာ လျှောက်ရသည် ။ တစ်လ ဖိနပ်တစ်ရံ ပဲ ။

ဆောင်းတွင်းပိုင်း တစ်ချိန်သာ လုပ်ပျော်သည် ။ သွားလာလို ့ကောင်းသည် ။

မနက်ခင်း ကျောက်စိမ်းဝိုင်းသည် ၁၁နာရီခွဲ ခန် ့ဆိုလျှင် လူစရှင်းပြီ ။ ပြန်သည့် သူ ပြန်ကုန်ပြီ ။

မောင်ပေ လည်း ကိုယ့်ကျောက်အပ်ထားသည့် ပွဲစားကို သွားစကားပြော ၊ အခြေအနေ မေးပြီး ၊ ရောင်းသင့်ရောင်း ၊ သို ့မဟုတ် ပြန်ပေါ့ ။

ကျောက်စိမ်းဝိုင်းမှ ပြန်လာသော မောင်ပေသည် နေ ့လည် ၁၂နာရီကျော်လျှင် ၊ ထိုင်နေကြ အင်တာနက်ဆိုင် သို ့ရောက်သည် ။

မန်းတလေး ဂေဇက် ကို ချက်ချင်းဝင်ကာ စာဖတ်ခြင်းဖြင့် အမောဖြေရသည် ။ စာရေးစရာ ရှိလျှင် လည်း ရေးတင်ပေါ့ ။

နေ ့လည် ၂ နာရီကျော်လျှင် အင်တာနက် ဆိုင်မှ မောင်ပေ့ အိမ်သို ့ပြန်သည် ။

ပင်ပန်းသမျှ ကျိုးတော့သည် ။

ဖုန်းမှ နှိုးစက်သံ မြည်သော်လည်း ပေကပ်ကပ်ဖြင့် ဆက်အိပ်နေမိသည် ။

ခဏနေကြ မားသားကြီး ထံ မှ ဖုန်းဆက်လာသည် ။

ကျယ်လောင်သော ဖုန်းသံကြောင့် မထချင် ထချင်ဖြင့် ဖုန်းထကိုင်လိုက်ရသည် ။

ဆိုင်သိမ်းမည်ဖြစ်သဖြင့် ယူစရာရှိတာများ လာယူရန် ပြောသည် ။ ယူစရာ မရှိကြောင်း ပြန်ပြောပြီး အိပ်ယာမှ လူးလွန် ့ထကာ ၊ ဖုန်းကို ကြည့်လိုက်သည် ။

missed call တစ်ခု တွေ  ့သဖြင့် ၊ ပြန်ခေါ် လိုက်တော့ ။

ယခင် က မောင်ပေ လောင်းခဲ့ဖူးသည့် ဘောလုံးပွဲဒိုင် တစ်ယောက် ဖြစ်နေသည် ။

သူ ့ထံ တွင် ဘောလုံးပွဲလောင်းနေသည့် မောင်ပေ့ အသိ ချာတိတ်တစ်ယောက် က သူ ့ရှုံးကြွေး ပိုက်ဆံ မပေးလို ့တဲ့ ။

့စိတ်ပိန်သွားသည် ။ ကိုယ့်ဇယား ကိုယ် မရှင်းပဲ မောင်ပေ့ ထံ ရောက်လာတာကိုး ။

ပြီးတော့..ထိုဘောပွဲဒိုင် ထံ မှ မောင်ပေ တစ်သိန်းနှစ်သောင်းငါးထောင်ကျပ် ရစရာရှိသည် ။ ပြီးခဲ့သော တစ်နှစ်မပြည့်မှီ အချိန်ဆီက ။

အဲဒီအချိန်ကို ပြန်သတိရသွားသည် ။ ထိုအချိန်တုန်းက သူ ့ပြောစကား များကို ပြန်သတိရမိသည် ။

“ ညီလေး..ကိုယ်ယောက်ျားပါ ၊ ညီလေး ပိုက်ဆံ မဆုံးစေရဘူး ၊ အားလုံးရအောင် ကိုယ်ပေးမယ် ၊ စိတ်ချ ညီလေး ” တဲ့

ထိုစဉ် က သူ ့ထံ မှ ရစရာရှိတာက သိန်းသုံးဆယ် ကျော် ၊ နည်းနည်းချင်းစီ ၊ မယားငယ်ပေး ပေးသည် ။

နောက်ဆုံး တစ်သိန်းနှစ်သောင်းငါးထောင်ကျပ် အကျန်တွင် ၊ သူ ့ကို ဆက်သွယ်လို ့မရတော့ ။

မောင်ပေ ဖုန်းဆက်လျှင် မကိုင် ။ မောင်ပေ့ ဖုန်းကို ဘလက်လစ် လုပ်ထားတာ ဖြစ်မည် ။

သိန်းသုံးဆယ် ကျော် ကို တစ်သိန်းကျော် ပဲ ကျန်တာပဲလေ…ဟု ကိုယ့်ဘာသာ ကိုယ် ပြန်ဖြေသိမ့်ကာ ၊ သူ ့ကို မုန် ့ဖိုးပေးလိုက်သည် လို ့ပဲ သဘောထားခဲ့သည် ။

ဘောပွဲဒိုင် က ဖုန်းထဲ မှ ဆက်ပြောလာတာ က ၊ ညီလေး ဆီ မှာ သူ လောင်းတာ ရှုံးလား နိုင်လား တဲ့ ။

ကျွန်တော် ဒီဘောလုံး မလုပ်တာ ကြာပြီ ၊ ကျော်စိမ်းအရောင်းအဝယ်လုပ်နေတယ် လို ့ပြန်ပြောလိုက်သည် ။

ပြောရင်းနဲ ့မောင်ပေ့ အတိတ်အလုပ် အကြောင်းကပါလာပြီ ဆိုတော့ ၊ မထူးတော့ပါဘူး ၊ ဆက်ပြောပါမယ် ။

မောင်ပေ အရင်တုန်းက ၊ ဘောပွဲ ဒိုင်တော့ မဟုတ်ဘူး ၊ ဘော်ဒါတွေ ဘောလုံးပွဲ လောင်းသမျှ ကို စုပေါင်းပြီး ဒိုင်ဆီ မှာ လောင်းပေးခဲ့သည် ။

ကော်မရှင်စား ပုံစံပေါ့ ။

ထို ့အတွက် တစ်သိန်းလျှင် တစ်ထောင်ကျပ် ရသည် ။ အထက်ကြေး နှင့် အောက်ကြေး လာတိုက်နေလျှင် ဒိုင်ဆီတင်စရာ မလိုတော့ ။

ကိုယ့်လက်ထဲတွင်ပင် ထိပ်တိုက်တည်ပေးလိုက်လျှင် တစ်သိန်းကို ငါးထောင်ကျပ် ရသည် ။

တစ်ပါတ်တစ်ပါတ် ကို လေးငါးသောင်း ကျပ် မှ တစ်သိန်းကျပ် နားအထိ ပိုက်ဆံရသော အလုပ် ဖြစ်သဖြင့် မောင်ပေ စွဲစွဲမြဲမြဲ လုပ်ခဲ့ဖူးသည် ။

တစ်လ.. တစ်လ ပိုက်ဆံ လေးငါးသိန်း ကျပ်ဆိုတာ ၊ အသာလေး ရသည် ။

သည်အလုပ်သည် ကတိစကား တည်ကြလျှင် ၊ မှန်မှန်ကန်ကန် ဆိုလျှင် အလွန် လုပ်စားလို ့ကောင်းသော အလုပ် ဖြစ်သည် ။

သို ့သော် လူဆိုသည်မှာ လောင်းကစားနဲ ့ပတ်သက်လျှင် ကတိမတည်သူက အများကြီး ။

နောက်ပိုင်းကြ မောင်ပေ လောင်းပေးရသော ဖိုက်တာ(လောင်းသူ) က ရှုံးကြေးငွေ ကို မပေးသဖြင့် ၊ မောင်ပေ အိတ်စိုက်ပေးခဲ့ရသည်များလည်း ခဏခဏကြုံခဲ့ရသည် ။

ထိုအခါ မျိုးဆိုလျှင် စိတ်အင်မတန် ဆင်းရဲ ရသည် ။ ကိုယ်ရစရာရှိတဲ့ ကောင် ကို ဖြေးဖြေးချင်း ၊ ကိုယ့်ပိုက်ဆံ ရတဲ့ အထိ ချော့တောင်းရသည် ။

ခြောက်တောင်းလို ့မဖြစ် ၊ စိတ်အင်မတန်ရှည်ရသည် ။

နောက်ပြီး ညစ်သော ဒိုင်များကို လည်း ကြုံခဲ့ရသည် ။ ကိုယ်က လောင်းထားပါလျှက် နဲ ့မလောင်းပါဘူး လို ့ဇွတ်ငြင်းသော ဒိုင်များ ။

နိုင်သည့် ပွဲတွင် ငါးသိန်းလောင်းသည် ကို ငါးသောင်းလောင်းပါသည် ဆိုကာ ညစ်သော ဒိုင်များ ။

တရားလည်း စွဲ လို ့မရ ၊ ရဲ လည်း တိုင်လို ့မရ ။ မကျေနပ် သွားရိုက်ရုံ သာ ။

သို ့သော် လောင်းကစား လိုင်းဆိုသည် မှာလည်း လိုင်းပေါင်းစုံ မှ စီးပွားရေးလုပ်ငန်းရှင်များ ကစားကျင်လည်နေသော လောက ဖြစ်သည် ။

ပွဲရုံပိုင်ရှင်များ ၊ ရွှေသမား များ ၊ ကျောက်သမား များ ၊ ကားသမား များ ၊ အထည်ကုန်သည်များ  စသဖြင့် ယောက်ျား မိန်းမ မရွေး လောင်းကစားကြသည် ။

ညစ်သော လူများ က သူ တို ့နာမည် ကို သူတို ့ရှုံးကြေး ဖြင့် ရောင်းစားကြသည် ကို တွေ  ့ရသည် ။

လောင်းကစား လိုင်း သည် အများကြီး ကျယ်ပြန် ့သည် ။

လူဆိုသည်မှာ တစ်ယောက်စကား တစ်ယောက်နား ဖြင့် သတင်းအမျိုးမျိုး ဖြန် ့ဝေနေကြသည် ဖြစ်ရာ..

တစ်ယောက်ယောက် ညစ်ပြီ ဆိုလျှင် ၊ ထိုသတင်းကို လက်ဆင့်ကမ်းလိုက်ကြတော့သည် ။

ညစ်လိုက်သော သူမှာ တော့ သိချင်မှ သိမည် ။ လောင်းကစားလောက ထဲတွင်မူ သူ ့နာမည် မှာ ပျံ  ့နှံ  ့သွားခဲ့ပြီ ။

လောင်းကစားလောက မှ တစ်ဆင့် အပြင် စီးပွားရေး လောက ထဲ ကို ပါ လိုက်လာသည် ။

“ သည်ကောင် က တော့ ကတိမတည် တတ် ၊ ငွေရေးကြေးရေး ညစ်တတ်တယ် ၊ လူညစ် ” ဆိုပြီး သိနေကြပြီး ဖြစ်သည် ။

အဲဒီအခါကြမှ ကိုယ့်နာမည် ကို ပြန်အဖတ်လိုက်ဆယ် ရန် မူကား မလွယ်ကူတော့ ။

တစ်မြို  ့တစ်ရွာ သို ့ပြောင်းကာ စီးပွားလုပ်စားပေတော့ ။

ငညစ်တွေ နဲ ့၊ ငွေကြာသူတွေ နဲ ့လုပ်ရပါများလာတော့ မောင်ပေ တစ်ယောက် ၊ ကော်မရှင် ဘဝ ကို စိတ်ပျက်လာသည် ။

သည်လောက က ရုန်းထွက်ဖို ့အရမ်းခက်သည် ။ ကော်မရှင်စား ၊ ဒိုင် များ ဆိုသည်မှာ ငွေရ အရမ်းချောင်သည် ။ ဖုန်းတစ်လုံး ရှိရင် အလုပ်ဖြစ်သည်ကိုး ။

မောင်ပေ တစ်ယောက် အချိန်တော်တော်ယူရသည် ။ လွန်ခဲ့သော ၃ လ ခန် ့က မှ ဘောလုံးလောက မှ ရုန်းထွက်လာနိုင်ခဲ့သည် ။

ယခု ထိတိုင်အောင် ထိုလောက ထဲတွင် မောင်ပေ ရစရာ အကြွေးများ ကျန်နေသေးသည် ။

ရှေးဘဝ က ပါတဲ့ အကြွေးလို ့ပဲ သဘောထားလိုက်သည် ။

ဘောလောက က ထွက်ကာစ က နေရထိုင်ရ အရမ်းခက်သည် ။ တစ်ပါတ် ကို သောင်းချီ သိန်းချီ ဝင်ငွေ က ပျောက်သွားတာလည်း ပါသည် ။

လုပ်နေကြ အလုပ် ကို တုံးတိဖြတ်လိုက်သဖြင့် အရှိန်ပျက်သွားသလို ဖြစ်သွားသည် ။

ကျောက်စိမ်းဝိုင်း သို ့နေ ့စဉ် သွားကာ အာရုံ ပြန်ယူရသည် ။

ကျောက်စိမ်းအရောင်းအဝယ် လုပ်ရင်း အသားကျ လာသည် ။ ကျောက်စိမ်းလောက တွင် ပျော်မွေ  ့လာသည် ။

ကြိုက်ရောင်း ကြိုက်ဝယ် ကျောက်စိမ်းလောက ။

မည်သူ  ့မျှ ခယ နေစရာ မလို ။

လူမှန် တစ်ယောက် ဖြစ်သော မောင်ပေ့ အတွက် ကျောက်စိမ်းအရောင်းအဝယ် က လွန်စွာ အံကိုက် ဖြစ်သည် ။

ကျောက်စိမ်းအရောင်းအဝယ် နှင့် အသားကျ နေသော မောင်ပေ့ ထံ အတိတ်က ငရှုပ်တွေ ပြန်ပေါ်လာသည် ။

မတတ်နိုင် ၊ ယဉ်ကျေးစွာ ဖုန်းပြောပေးရသည် ။

ကိုယ်က ယဉ်ကျေးပါမှ သူ က ကမ်းတက် လာတယ် ။ စကားတွေ ရစ်လာတယ် ။

ဒါနဲ ့“ ကျောက်စိမ်းအရောင်းအဝယ်လုပ်နေတာ ကြာပြီ ။ ခင်ဗျား လည်း အခြေအနေ မကောင်းရင် ကျုပ်ဆီ တပည့်လာခံ လိုက် ” လို ့

ခပ်ပြတ်ပြတ် ပြောရင်း ဖုန်းချ လိုက်တယ် ။

“ ကိုယ်တိုင်စိုက် ၊ ကိုယ်တိုင် ပြုစုပျိုးထောင် ၊ ကိုယ်တိုင် ခူးစားခဲ့ပြီး ၊ ကိုယ်တိုင် သတ်ခဲ့တဲ့ အပင် က အပြီးသတ် သေမသွားတတ်တာ ”

မောင်ပေ တစ်ယောက် လက်တွေ  ့ကျကျသိရှိခဲ့ရကြောင်း ၊ လက်တမ်းစာတို တစ်ပုဒ် အဖြစ် ရေးတင်လိုက်ပါတယ် ခင်ဗျာ ။

သည်အထိ သည်းခံ စိတ်ရှည် ဖတ်လာပေးကြသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ။

——————– အားလုံးကို ကျေးဇူးတင်ပါသည် ——————–

 

 

 

 

 

About မောင် ပေ

မောင် ပေ has written 396 post in this Website..