၎။ သူတစ်ပါးကို ထိခိုက်နစ်နာအောင် လှည့်ဖြားမှု (မုသာဝါဒ) ကို မပြုရခြင်း။

(ပုံစံအားဖြင့် မဟုတ်၊ မမှန်စကား မပြောရခြင်း)  လူတွေ တစ်ဦးပေါ်တစ်ဦး ထိခိုက်နစ်နာအောင် မဟုတ်၊ မမှန်စကားများ ပြောဆိုဆက်ဆံနေကြမည်ဆိုပါက လူအ ချင်းချင်း ယုံကြည်ခြင်းကင်းမဲ့ကာ မငြိမ်းချမ်းမှုများဖြစ်နေရပေမည်။

လူအချင်းချင်း တစ်ဦးကိုတစ်ဦး ယုံကြည်ပြီး ဆက်ဆံနေထိုင်ကြမှသာ ငြိမ်းချမ်းစွာနေထိုင်မှုလို့ ခေါ်ရမှာဖြစ်ပေသည်။

ဒါကြောင့် လူတွေတစ်ဦးကို တစ်ဦး ထိခိုက်နစ်နာလောက်သော မဟုတ်၊ မမှန်စကားများဖြင့် ပြောဆိုဆက်ဆံမှုများ မပြုသင့်ပေ။

ဒါပေမယ့် ဒီနေရာမှာ စကား (အပြော)တင်လားဆိုတော့ – – – – မပြည့်စုံသေးပါ။

လူသားတွေ အချင်းချင်း ဆက်သွယ်ကြတဲ့အခါမှာ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်(ပုံဟန်) ဒီသုံးမျိုးဖြင့် ဆက်ဆံကြရပါတယ်။

         ဒီသုံးမျိုးကို ဆိုင်ရာကိစ္စတွေမှာ ပုံစံဖြည့်ကြည့်ရမယ်ဆိုရင် – – – –  –

လုပ်ငန်းကိစ္စနှင့် ပတ်သက်လို့ လူချင်းချိန်းဆို တွေ့ဆုံကြတဲ့အခါမှာ အချိန် နောက်ကျမှ ရောက်လာခြင်း၊ (သို့မဟုတ်) ပျက်ကွက်ခြင်းစတဲ့ အပြုအမူ၊ အလေ့အထ များသည် အချင်းချင်းယုံကြည်မှုကင်းမဲ့လာစေတာမို့ လူ့ငြိမ်းအေးမှုကို ထိခိုက်စေပါသည်။

အထူးသဖြင့် ထိုအချိန် မတိကျမှုသည် မြန်မာလူမျိုးတို့၏ အစဉ်အလာအလေ့အထတစ်ခုအနေဖြင့် ဖြစ်မှန်းမသိဖြစ်နေတာမို့  “မြန်မာစံတော်ချိန်“(မြန်မာတို့ အချိန် အပေါ်ထားသည့် သဘောထား) ဟု ပြောစမှတ်ဖြစ်နေပေသည်။

ထိုအချိန်အပေါ် အလေးမထားကျင့်သုံးမှုတွေကြောင့် အချင်းချင်း ယုံကြည်မှုများ ကင်းမဲ့လာကြကာ အစုအဖွဲ့များလုပ်ကိုင်ကြသည့်အခါ မညီညွတ်နိုင်တော့ပါ။ ညီညွတ်မှုမရှိလျှင် အောင်မြင်မှုလည်း မရနိုင်ပါ။ ကိုယ်လုပ်သလောက်မှ မအောင်မြင် ရခြင်းကြောင့်  ထိုသူတို့ရဲ့ ဘ၀ဟာမငြိမ်းအေးနိုင်တော့ခြင်းသည် သူတစ်ပါးကို ထိခိုက် နစ်နာ (ယုံကြည့်မှုကင်းမဲ့) စေသည့် (အချိန်မတိကျ) လှည့်ဖြားမှုကြောင့်ဟု သုံးသပ်ရမှာ ဖြစ်ပေသည်။

ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရာတွင်လည်း ရှိသင့်တဲ့ အရည်အသွေး စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်မှသာလျှင် ၀ယ်ယူသုံးစွဲသူများရဲ့ ယုံကြည်မှုကိုရရှိ ပေမည်။ တချို့သော ကုန်ထုတ်လုပ်သူတို့သည် ကုန်ပစ္စည်း စထုတ်လုပ်ကာစက အရည်အသွေး စံချိန်စံညွှန်းအပြည့်ဖြင့် ထုတ်လုပ်သော်လည်း နာမည်ရလာသည့်အခါ အရည်အသွေးလျော့ပြီး ထုတ်လာကြခြင်းကြောင့် လုပ်ငန်းများကျဆင်းသွားရခြင်းသည်လည်း ယုံကြည့်မှုကင်းမဲ့စေသည့် လှည့်ဖြားမှုကြောင့်ဟု သုံးသပ်ရမှာ ဖြစ်ပေသည်။

လူအချင်းချင်း ပြုမူဆက်ဆံကြသည့်အခါတွင် မိမိထက်သာသူကို တစ်မျိုး၊ နိမ့်သူ ကို တစ်မျိုး အဆင့်အတန်းခွဲခြားကာ လွန်လွန်ကဲကဲ ဆက်ဆံသော (အထက်ကိုး ဖား၊ အောက်ကို ဖိ) သောဆက်ဆံမှုများနှင့်

တချို့ဌာနဆိုင်ရာတို့တွင် သတ်မှတ်ထားသော မူဝါဒများဖြင့် ၀န်ထမ်းများအား စီမံအုပ်ချုပ်ရသည့်အခါ “လူခင်တော့ မူပြင်တယ်၊ လူမုန်း တော့ မူသုံးတယ်” ဆိုတဲ့ ခွဲခြားဆက်ဆံမှုတို့ကြောင့် လူအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားကြရကာ မငြိမ်းမချမ်းဖြစ်ရခြင်းတို့သည် ဆက်ဆံပုံ ပုံမမှန်၍ ယုံကြည့်မှုကင်းမဲ့စေသည့် လှည့်ဖြားမှုများ ကြောင့်ဟု သုံးသပ်ရမှာဖြစ်ပေသည်။

ဝန်ထမ်းများ လုပ်ငန်းခွင်တွင် လုပ်ကိုင်ကြသည့်အခါ မိမိလုပ်သင့်သော၊ လုပ် နိုင်သော ပမာဏထက် လျော့၍ လုပ်ကိုင်ခြင်းနှင့် ပိုလွန်၍လုပ်ကိုင်ခြင်းတို့သည် မိမိ အပေါ် ယုံကြည်မှုကို ထိခိုက်စေပါသည်။

လုပ်နိုင်သည်ထက် လျော့၍ လုပ်ကိုင်သည့်အခါ မိမိအရည်အသွေးများ တဖြည်း ဖြည်း ကျဆင်းသွားရသလို နောက်နောင် ကိုယ့်အရည်အချင်းအတိုင်း လုပ်ပြမိလိုက် ကာမှ နောင်အခါ ဘာပဲလုပ်လုပ် မိမိအပေါ် ယုံကြည်မှု အပြည့်အ၀ မရှိနိုင်ကြတော့ပါ။

လုပ်နိုင်သည်ထက် ပိုလွန်၍ လုပ်ကိုင်မိပြီဆိုလျှင်လည်း လူ ပိုပင်ပန်းလာကာ ရေရှည်မှာ တဖြည်းဖြည်းလုပ်အားများ ကျဆင်းသွားမှာဖြစ်သလို နောက်နောင် ထိုကဲ့သို့ မလုပ်နိုင်တော့ဘူးဟု ငြင်းဆန်ပါက မည်သူမျှယုံကြည်ကြမည်မဟုတ်တော့ပါ။

ဒါသည် မိမိရဲ့လုပ်အားစိုက်ထုတ်မှုတွင် လူယုံကြည်မှုကင်းမဲ့စေအောင် ပြုမူဆောင် ရွက်မှု (လှည့်ဖြားမှု ဖြစ်မှန်းမသိခြင်းဖြစ်သွားမှု)တို့ကြောင့် ဖြစ်ပေသည်။

စကားပြောဆိုဆက်ဆံကြသည့်အခါတွင်လည်း မဟုတ်မမှန် ပြောဆိုမှုများကို တတ်နိုင်ပါက ရယ်မောစရာတောင် မပြောဆိုသင့်ပေ။ ဘာရယ်မဟုတ် ခပ်ပေါ့ပေါ့လေး မဟုတ်မမှန်စကားတွေပြောဆိုမိရာမှ အလေ့အကျင့်ဖြစ်သွားကာ နောက်နောင် လူအ ချင်းချင်း ထိခိုက်စေသည့် မဟုတ်မမှန်စကားများပြောဖို့ ၀န်မလေးတော့ပါ။

တကယ်တော့ လူလူချင်းဆက်ဆံကြတဲ့အခါမှာ လှည့်ဖြားတတ်သူများသည် လောကဖြစ်စဉ်တွေပေါ်မှာ အမှန်အတိုင်းရင်ဆိုင်ရဲသည့်  စိတ်သတ္တိအားနည်း လို့ဖြစ် ပေသည်။ စိတ်သတ္တိအားနည်းသူတို့သည် မိမိကိုယ်ကို မိမိပင်ယုံကြည်မှုမရှိတော့၍ ဘ၀မှာ အောင်မြင်မှုတွေ မရနိုင်ပါ။ ကိုယ့်ကိုကိုယ်မှ ကိုယ်မယုံလျှင် တစ်ပါးသူတွေက ဘယ်မှာ ယုံကြည်ကြပါတော့မည်နည်း။ လူ လူချင်းယုံကြည်မှု မရှိတော့လျှင် ဘယ်မှာ ငြိမ်းချမ်းပါတော့မည်နည်း။

ဒါ့ကြောင့် လောကဖြစ်စဉ်တွေပေါ်မှာ အမှန်အတိုင်း ရင်မဆိုင်ရဲသော အပြုအမှု များဖြစ်သည့် ဥပမာအားဖြင့်

ကိုယ့်ရှိတာနဲ့ မနေပဲ သူများထံမှ ပစ္စည်းငှားရမ်းဝတ်ခြင်း၊

(မလိုအပ်ပဲ) ဆံပင်ဖြူနေတာ ဆေးဆိုးခြင်း၊

(မလိုအပ်ပဲ) နှုက်ခံနီဆေးဆိုးခြင်း စသော အပြုအမူတို့သည်လည်း စိတ်သတ္တိ အားနည်းသူတွေရဲ့ အပြုအမူများဖြစ်ခြင်းကြောင့် အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပေသည်။

ထို့အပြင် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်ရှိ “အားနာတယ်“ဟူသော ကိစ္စမှာလည်း အမှန်ကို ရင်မဆိုင်ရဲသော (မ၀ံ့သော၊ မပျက်သားသော) စိတ်သတ္တိအားနည်းခြင်းပင် ဖြစ်ပေသည်။ တချို့အားနာမှုလွန်ကဲခြင်းတို့ကြောင့် ရေရှည်တွင် အချင်းချင်း ဆက်ဆံမှုများ ပျက်ပြားလာရပြီး မငြိမ်းချမ်းမှုများဖြစ်ကြရခြင်း သည်လည်း သူတစ်ပါးကို သဘောအမှန်အတိုင်း မဆက်ဆံပဲ လှည့်ဖြားမှုဖြစ်မှန်း မသိဖြစ်သွားခြင်းကြောင့်ပင် ဖြစ်ပေသည်။

ဒါ့ကြောင့် လူအချင်းချင်းဆက်ဆံကြသည့်အခါမှာ အားနာမှုများဖြင့် ဆက်ဆံ နေကြခြင်းသည်လည်း မငြိမ်းချမ်းမှုရဲ့ လမ်းစပေတည်းလို့ ဆိုရပေမည်။

တစ်ခါက ဈေးသည်အမျိုးသမီး တစ်ယောက်ကို ဈေးဝယ်သူက ဈေးဆစ် တဲ့အခါ ဈေးသည်အမျိုးသမီးက “ဈေးပြောရမှာ အားနာပါတယ်၊ မောင်ကြီး အဆင်ပြေ သလို ကြည့်တာ ပေးပါ”တဲ့၊ ဈေးဝယ်သူကလည်း “ကျနော်လည်း ဈေးဆစ်ရမှာ အားနာလို့ အနည်းဆုံး ဈေးကိုပြောပါ” ဆိုပြီး အားနာ ပြိုင်ကြသတဲ့။ နောက်ဆုံးတော့ ဈေးသည်အမျိုးသမီးက “မောင်ကြီး အားနာတာက တော်သေးတယ်၊ ကျမ အားနာတာက အခုမွေးထားတဲ့ ကလေးငါးယောက် ဘယ်သူ့ အဖေ ခေါ်ရမှန်း မသိလို့ ခက်နေရတာပေါ့”တဲ့။ ဒါ့ကြောင့် အားနာကြီးလျှင် အဖေတွေများတတ်ပါတယ်။

 

မြန်မာတွေ အားနာကြီးလွန်းလို့ ကမ္ဘာ့အလည်မှာ (အစစ၊ အရာရာ) မျက်နှာ ငယ်နေရပုံကို နံပါတ် (၄) သီလတွင် ပုံစံဖြည့်၍ နားလည်စောင့်ထိန်းနိုင်ကြပါလေ။

 

(၅။ ယစ်မူးစေတဲ့အလုပ်တွေမှာ သတိမေ့လျော့စေတဲ့အထိ သုံးဆောင်မှီဝဲမှုကို မပြုလုပ်အပ်ခြင်းကို – – – – ဆက်လက်တင်ပြပါမည်။ )

About ကိုငြိမ်းအေး

has written 9 post in this Website..