ရှင်သန်ရသည့်အကြောင်း (Purpose of Life)

asiamastersNovember 10, 20111min976

ရှင်သန်ရသည့်အကြောင်း

(Purpose of Life)

 

၁။       ရှင်သန်နေတဲ့လူသားတွေမှာ စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး၊ ဟုတ်တိပတ်တိလုပ်တတ်တဲ့လူမျိုးနဲ့ မရေမရာနဲ့  အဓိပ္ပာယ်မဲ့စွာ နေသူဆိုပြီး နှစ်မျိုးရှိပါတယ်။ စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး ဟုတ်တိပတ်တိလုပ်တတ်သူများ ဟာ အလုပ် ကြိုးစားသူများဖြစ်ကြတယ်။ အလုပ်ကြိုးစား သူများဖြစ်လို့ ပိုကောင်းတဲ့ဘဝတွေကိုရလာကြတယ်။ ကတိသစ္စာ တည် ကြည်ပြီး၊ ဥပဒေကိုလေးစားလိုက်နာသူတွေဖြစ်လာကြတယ်။ မရေမရာနဲ့ အဓိပ္ပာယ်ကင်းမဲ့စွာနေထိုင်သူများဟာအပျင်း ထူသူများဖြစ်လာကြတယ်။ အလုပ်မကြိုးစားပါ။ ဖြတ်လမ်းကိုသာ လိုက်လိုတယ်။ လွယ်လွယ်ရတာကို သာလျှင်လိုလား ပါတယ်။ အမြဲတမ်းလိမ်လည်ဖို့၊ အချောင်ရဖို့သာကြိုးစားနေသူများဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်ရမှာကို လည်း ဝန်မလေးသူများဖြစ်လာတယ်။ စိတ်ပိုင်းဖြတ်ချက်ခိုင်မာတဲ့လူတွေများတဲ့လူ့အသိုင်းအဝိုင်းဟာ သန့်ရှင်းနေ လေ့ရှိ တယ်။ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားတဲ့အသိုင်းအဝိုင်းတွေဖြစ်လာတယ်။ မရေမရာနဲ့ အဓိပ္ပာယ်ကင်းမဲ့သူများတဲ့ လူ့အသိုင်း အဝိုင်းဟာ ညစ်ပတ်ပြီး ဆင်းရဲနုံခြာတဲ့လူ့အသိုင်းအဝိုင်းတွေဖြစ်လာတယ်။

 

၂။       လူသားတွေကို စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး ဟုတ်တိပတ်တိလုပ်တတ်တဲ့လူမျိုးနဲ့ မရေမရာနဲ့ အဓိပ္ပာယ်ကင်းစွာ နေတတ်သူဆိုပြီး ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းတွေကတော့ ဒီလူတွေမွေးဖွားကြီးပြင်းရတဲ့ လူ့အသိုင်းအဝိုင်းရဲ့ အဆင့်အတန်းနဲ့စွဲမြဲနေတဲ့ အယူဝါဒတွေ၊ လမ်းမှန်ကိုပြသပေးနိုင်တဲ့လူတွေနဲ့ ရှင်သန်ရသည့်အကြောင်းကို နားလည် သဘောပေါက်မှုတွေပဲဖြစ်တယ်။ အဓိကအားဖြင့် ရှင်သန်ရသည့်အကြောင်းကို နားမလည်နိုင်သေးသရွေ့ ဒီလူသား တွေဟာ မရေမရာနဲ့ အဓိပ္ပာယ်ကင်းမဲ့နေသူများသာ ဖြစ်လာမှာဖြစ်တယ်။ ရှင်သန်ရသည့်အကြောင်းကို နားလည် သဘောပေါက်လာသူများဟာ စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး၊ ဟုတ်တိပတ်တိလုပ်တတ်သူများဖြစ်လာပါတယ်။

 

၃။       အမိဝမ်းမှငိုကြွေးခြင်းနဲ့ မွေးဖွားလာချိန်မှ နောက်ဆုံးနုလုံးခုန်ရပ်သွားတဲ့အချိန်ထိဟာ ရှင်သန်နေချိန်ဖြစ်တယ်။ ရှင်သန်ခြင်းမှာ သဘောတရား လေးခုရှိတယ်။ ပထမသဘောတရားက လှုပ်ရှားခြင်းဖြစ်တယ်။ ဒုတိယသဘောတရားက ကြီးထွားခြင်းဖြစ်တယ်။ တတိယသဘောတရားကအသွင်ပြောင်းဖွံ့ဖြိုးခြင်းဖြစ်တယ်။ စတုတ္ထသဘောတရား ချုပ်ငြိမ်း ပျောက်ကွယ်ခြင်းဖြစ်တယ်။ ရှင်သန်နေတဲ့အရာမှန်သမျှ အနှေးနဲ့အမြန်ဆိုသလိုလှုပ်ရှားမှုရှိတယ်။ ကြီးထွားမှုဆိုတာ ရှိတယ်။ အသွင်ပြောင်းဖွံ့ဖြိုးခြင်းရှိတယ်။ အသွင်ပြောင်းဖွံ့ဖြိုးခြင်းဆိုတာ ပိုးတုံးလုံးကောင်ဘဝက လိပ်ပြာအဖြစ်ကို ပြောင်းလဲသွားတဲ့သဘောတရားမျိုးဖြစ်တယ်။ ပိုးတုံးလုံးကောင်လေးတွေဟာ သူတို့ကိုယ်ကို ပိုးချည် အထပ်ထပ် ရစ်ပတ်ပြီးနေတယ်။ အချိန်အတိုင်းအတာတခုရောက်တဲ့အချိန်မှာ ပိုးတုံးလုံးကောင်ဘဝကနေ လိပ်ပြာအဖြစ်ကို ပြောင်းသွားတယ်။ ပုံသဏ္ဌာန်လဲပြောင်းလဲသွားတယ်၊ အရည်အသွေးတွေလည်းပြောင်းလဲသွားတယ်။ ဒီလို ပြောင်းလဲ ခြင်းမျိုးကို အသွင်ပြောင်းဖွံ့ဖြိုးခြင်းလို့ခေါ်တယ်။ ရှင်သန်နေတဲ့သက်ရှိတွေဟာနောက်ဆုံးတော့ ချုပ်ငြိမ်းခြင်းနဲ့သာ လျှင် အဆုံးသတ်ကြတယ်။

 

၄။       ဘယ်အရာကိုလုပ်လုပ် ရည်ရွယ်တဲ့ “ အကြောင်း “ ဆိုတာရှိတယ်။ စားပွဲတစ်လုံးလုပ်ကြမယ်ဆိုပါစို့။ ခြေတောက် လေးချောင်းလည်းပါပြီ၊ အပေါ်အခင်းမျက်နှာပြင်ပါပြီဆိုတာနဲ့ စားပွဲလို့ခေါ်လို့တော့ ရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီစားပွဲမှာ ရည်ရွယ်တဲ့ အကြောင်းရင်းမရှိဘူး။ ဒါကြောင့် ဘယ်လောက် ကြီးကြီးလုပ်မယ်။ ဘယ်လောက် အမြင့်ထား မယ်။ ဘာပစ္စည်းနဲ့လုပ်မယ်ဆိုတာ တွေမစဉ်းစားဘူး။ ဒီလိုမျိုးရည်ရွယ်တဲ့ အကြောင်းရင်း မရှိပဲလုပ်ဆောင်တဲ့ အကြောင်း ကိစ္စတိုင်းဟာ ဘာမှ အသုံးမဝင်ယုံမက လူသားတွေကိုပါဒုက္ခပေးလေ့ရှိပါတယ်။ အခု ရည်ရွယ်တဲ့ အကြောင်းရင်းရှိပြီ ဆိုပါစို့။ ရည်ရွယ်တဲ့အကြောင်းက ဒီစားပွဲကို စားသောက်ဆိုင်မှာ သုံးမယ်။ ဒီရည်ရွယ်တဲ့ အကြောင်း ရှိလာပြီ ဆိုတာနဲ့ စားသုံးသူ ဘယ်နှစ်ယောက်နေရာချထားပေးမလဲဆိုတာစဉ်းစားရမယ်။ တစ်ဦးအတွက် လား၊ နှစ်ဦးအတွက်လား၊ လေးဦးအတွက်လား၊ အဝိုင်းပုံစံလုပ်မလား၊ လေးဒေါင့်လုပ်မလား၊ ဘယ်လောက်အမြင့်လုပ်မလဲ။ ဘယ်လို ပစ္စည်းမျိုးနဲ့ လုပ်မလဲ။ ဆေးကြောတာ သန့်ရှင်းတာခံနိုင်အောင် ဘယ်လိုလုပ်မလဲ။ ထိန်းသိမ်းဖို့ လွယ်ကူ အောင် ဘယ်လိုလုပ်မလဲ။ အများနဲ့ မတူပဲထူးခြားတဲ့ အဆင်အပြင်ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေ စဉ်းစား လာမှာဖြစ်ပါတယ်။ ဒီလိုမျိုး ရည်ရွယ်တဲ့အကြောင်း ကောင်းကောင်းနဲ့ ပြုလုပ်ခဲ့တဲပစ္စည်းတွေဟာ ရေရှည်အသုံခံပြီး၊ အသုံးဝင်တဲ့ ပစ္စည်းတွေ ဖြစ်လာတယ်။

 

၅။       လူတွေရဲ့ အဝတ်အထည်၊ အသုံးဆောင်ပစ္စည်းတွေအားလုံးဟာ ရည်ရွယ်တဲ့အကြောင်း အသီးသီး နဲ့တီထွင်ဖန်တီးထားတာချည်းပဲဖြစ်တယ်။။ လူ့ဘဝရဲ့ ရှင်သန်ရသည့်အကြောင်းက ဘာလဲ ဆိုတဲ့မေးခွန်းကို မေးကြ ရမှာဖြစ်ပါတယ်။ လူသားတွေမှာ အထင်သာအမြင်သာဆုံး သဘောတရားတစ်ခုကတော့ ပြောင်းလဲခြင်းပဲဖြစ်တယ်။ လူသားတွေရဲ့ ကိုယ်ခန္ပ္ဓာဖြစ်စဉ်ဟာ အစဉ်အမြဲပြောင်းလဲနေသလို၊ အသိဉာဏ်ကလည်းပြောင်းလဲနေပါတယ်။ မွေးခါစက အလိုမကျတာတွေ့ရင် ငိုခြင်းအတတ်ကိုသာ လုပ်တတ်တာတဲ့ အသိဉာဏ်ကနေ အရာရာကိုထွင်းဖေါက် အောင်မြင်နိုင်အောင် အထိလူသားတွေဟာ ပြောင်းလဲနိုင်တယ်။

 

၆။       လူသားတစ်ဦးအတွက် ရှင်သန်ရသည့်အကြောင်းရင်းက လူ့ဘဝကို ဖြစ်သလိုမနေပဲ၊ တစ်နေ့ထက်တစ်နေ့ ကောင်းသထက်ကောင်းအောင်ကြိုးစားရင်းနဲ့ အမြင့်မားဆုံး  အနေအထားကို ရောက်ရှိသွားရန်သာဖြစ်ပါတယ်။ ဘယ် အရာကိုလုပ်လုပ် ကောင်းသထက်ကောင်းအောင်ကြိုးစားလိုမှရမယ်။ ရောင့်ရဲတဲ့စိတ်၊ တင်းတိမ်တဲ့စိတ်တွေဟာ လူတွေကို အနိမ့်ပါးဆုံးလူတွေဖြစ်စေတယ်။ ဒီနေ့ဟာ မနေ့ကထက်ပိုကောင်းလာရမယ်။ မနက်ဖန်ဟာ ဒီနေ့ထက် ပိုကောင်းလာရမယ်။ ကောင်းသထက်ကောင်းအောင်ကြိုးစားသူတွေဟာ သူတို့လုပ်နေတဲ့အလုပ်ဟာ မှန်ကန်တဲ့ အလုပ်ဖြစ်တယ်။ ဥပဒေနဲ့အညီဖြစ်တယ်။ မျှတတဲ့အလုပ်ဖြစ်တယ်ဆိုတာကို ပြင်းပြင်းပြပြ ယုံကြည်သူများဖြစ်ရမယ်။

 

၇။       လူသားတစ်ဦးမှာနေ့စဉ်တိုးတက်နေရမဲ့ အရာ (၆) ခုရှိတယ်။ ဒီအရာ (၆) ခုမှာ တစ်ခုခုချို့ယွင်းနေပြီဆိုရင် ကောင်းမွန်တဲ့ဘဝတစ်ခုကိုဘယ်တော့မှ မရနိုင်တော့ဘူး။ ဒီအရာ (၆) ခုက ဝင်ငွေ၊ များများသိခြင်း၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှု နဲ့ လောကအမြင်တို့ဖြစ်တယ်။ ရှင်သန်ရသည့်အကြောင်းရင်းကို သိသူများဟာ စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး ဟုတ်တိပတ်တိ ကြိုးစားသူများဖြစ်လာတယ်။ ရှင်သန်ရသည့်အကြောင်းရင်းကို မသိသူများကတော့ မရေမရာနဲ့ အဓိပ္ပာယ်မဲ့စွာနေထိုင်သူများဖြစ်လာတယ်။

 

 

6 comments

  • unclegyi1974

    November 10, 2011 at 10:52 pm

    မာစတာကြီးရေ
    နေ့စဉ်တိုးတက်နေရမယ့်အချက် ၆ ချက်ထဲက
    ခွန်အားဆိုတာအမြဲမမှန်နိုင်ပါဘူး
    အသက်ကြီးလာတဲ့သူတဦးအဖို့ခွန်အားဆိုတာမဆုတ်ယုတ်အောင်မနဲထိမ်းနေရတာ
    စိတ်ဓာတ်ခွန်အားဆိုရင်မပြောလိုပါ

  • thureinmaung

    November 11, 2011 at 9:34 am

    ဒီအယူအဆကတော့နဲနဲတစ်ဖက်သတ်ဆန်တယ်လို့ထင်တယ်
    ဘာသာရေး၊အယူအဆ(သို့)အတွေးအခေါ်တစ်မျိုးမျိုးရဲ့သွန်သင်မှုတစ်ခုဆိုတာဖတ်ကြည့်လိုက်တာနဲ့
    အသိသာကြီးပါ။
    လူ့ဘဝမှာဘယ်အရာမှတသမတ်တည်းပြောင်းလဲရမယ်၊တိုးတက်နေရမယ်လို့ပြောလို့မရပါဘူး
    သူ့အခြေအနေနဲ့အချိန်အခါအပေါ်မှာအများကြီးမူတည်ပါတယ်၊
    လူဆိုတာမျိုးဟာ မိမိကျရာဘဝကနေပြီးကိုယ်ဆန်ဒ ရှိတိုင်းကိုယ်လုပ်ယူလို့ရတာမျိုးဆိုယင်
    လူ့ဘဝမှာအခက်အခဲ၊ပြသနာဆိုတာရှိမှာမဟုတ်ပါဘူး
    အပေါ်က(၆)ချက်ထဲမှာ သူ့ဝင်ငွေအမြဲတမ်းတိုးတက်နေရမယ်ဆိုတဲ့အယူအဆဟာအမြဲတမ်းမှားပါတယ်
    ဘီလျံနာ bill gateတောင်မှဝင်ငွေလျော့ကျတဲ့အချိန်တွေရှိပါတယ်။နည်းပညာဟာလည်း လူသား ၁၀၀%
    အမြဲထိတွေ့နေရတာမဟုတ်ပါဘူး။ ရှေ့ပြေးရောက်နေပါတယ်ဆိုတဲ့ အမေရိကားမှာတောင် နေ့စဉ်တိုးတက်
    နေတဲ့နည်းပညာနဲ့မထိတွေ့တဲ့လူအုပ်စုတွေရှိနေသေးပါတယ်။
    များများသိခြင်း၊လူသားဆန်မှုနဲ့လောကအမြင်တို့ကိုတော့သဘောတူပါတယ်။

  • forever

    November 11, 2011 at 10:18 am

    ( လူသားတစ်ဦးမှာနေ့စဉ်တိုးတက်နေရမဲ့ အရာ (၆) ခုရှိတယ်။ ဒီအရာ (၆) ခုမှာ တစ်ခုခုချို့ယွင်းနေပြီဆိုရင် ကောင်းမွန်တဲ့ဘဝတစ်ခုကိုဘယ်တော့မှ မရနိုင်တော့ဘူး။ ဒီအရာ (၆) ခုက ဝင်ငွေ၊ များများသိခြင်း၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှု နဲ့ လောကအမြင်တို့ဖြစ်တယ်။ )

    ဝင်ငွေ = နေ.စဉ် တိုးတက်နေဘို.ဆိုတာ မဖြစ်နိင်ပါဘူး
    ခွန်အား = လူဆိုတာသေမျိုးမှန်ရင် ခွန်အားလဲ ဥတုအဟာရစိတ်ကံပေါ်မှာမှီတာမို.
    တသမတ် ထဲတိုးတက်နေဘို.မဖြစ်နိင်ပါ
    နည်းပညာ=ကိုတယောက်ထဲစွမ်းနိင်တဲ.အရာမဟုတ်ပါ
    လူသားဆန်မှု= လူသားဆန်လာတာနဲ.အမျှှ ပေးဆပ်ရတာတွေရှိလာပါပြီ
    လောကအမြင်= လောကကိုမြင်တဲ.အမြင်ဟာ ကျင်လယ်ကြီးပြင်းတဲ.ပတ်ဝန်းကျင်ရဲ.
    တိုက်ရိုက်သက်ဆိုင်တာမို. တိုးတက်ကြောင်းတိုင်တာဘို.ဘယ်လိုပေတံနဲ. ဆုံးဖြတ်နိင်မှာလဲ

    ( ရှင်သန်ရသည့်အကြောင်းရင်းကို သိသူများဟာ စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး ဟုတ်တိပတ်တိ ကြိုးစားသူများဖြစ်လာတယ်။ ရှင်သန်ရသည့်အကြောင်းရင်းကို မသိသူများကတော့ မရေမရာနဲ့ အဓိပ္ပာယ်မဲ့စွာနေထိုင်သူများဖြစ်လာတယ်။ )

    ရှင်သန်ရတဲ. အကြောင်းရင်းမှန် ဟာ ချုပ်ငြိမ်းပျောက်ကွယ်ခြင်းဆိုမှတော.
    သင်ဘာကိုမျှော်လင်.ပြီး ဟုတ်တိပတ်တိ ကြိုးစားတာလဲ သင်ရဲ.ကြိုးစားမှု ကရော ရေရာရဲ.လား
    အဓိပ္ပာယ် ရောသေချာရှိရဲ.လား…

    သူငယ်ချင်း တယောက်အနေနဲ. ဆွေးနွေးကြည်.တာပါ

  • ကြောင်ကြီး

    November 11, 2011 at 10:37 am

    ရှင်သန်ဖို့
    ဂွင်ဖန်တာ
    ဆင်ကြံတယ်
    မထင်ပါနဲ့..
    အမြင်သန်တယ်
    မှတ်လိုက်ပါ၊
    ရင်ခံလာ
    သင်ရန်ရှာရင်
    နှင်တံအရာ
    သေရာပါမယ်..
    ကိုယ့်ထမင်း
    ကိုယ်စား။။။။ 🙄

  • Shwe Ei

    November 11, 2011 at 2:26 pm

    စဉ်းစားသင့်တဲ့ အကြောင်းအရာတခုလို့ ယူဆပါတယ်။ ကယ်လ်ဆမ် ကွေကာ ကိုယ့်အတွေးနဲ့ ကိုယ်သောက်ကြသလိုပေါ့။ လောကီရေးရာ ကြီးပွါးတိုးတက်ကြောင်းနဲ့ ယှဉ်တွေးမယ်ဆို အသုံးဝင်ပါတယ်။

Leave a Reply