ကောင်းခြင်းဘက်ကို ပြင်းပြစွာယုံကြည်ပါ။

asiamastersNovember 30, 20111min731

 

၁။       လူသားတွေအတွက် ကောင်းခြင်းဘက်နဲ့ ဆိုးခြင်းဘက်ဆိုပြီး နှစ်မျိုးရှိတယ်။ ကောင်းခြင်းဘက်ဟာ အလင်း ရောင်နဲ့ တူပြီး၊ ဆိုးခြင်းဘက်ဟာ အမှောင်ထုနဲ့တူတယ်။ လူ့လောကဆိုတာက အမှောင်ဖုံးနေတဲ့ ဆိုးခြင်းဘက် နဲ့သာအစပြုတယ်။ အလင်းရောင်နဲ့တူတဲ့ကောင်းခြင်းဟာ သေးငယ်သော်လည်း ကြီးစွာသော အမှောင်ထုကို ဖြိုခွင်း နိုင်လေ့ရှိတယ်။ ကောင်းခြင်းဘက်ကိုလိုလားသူများဟာ အမြဲတစေ ပြင်းထန်တဲ့ စမ်းသပ်မှုများကို ခံရစမြဲဖြစ်တယ်။

 

၂။       လူသားတွေရဲ့ ကောင်းခြင်းဘက်ဆိုတာက လူသားတွေရဲ့ ကောင်းကျိုး ကိုလိုလားခြင်းပဲဖြစ်ပါတယ်။ လူသား တွေရဲ့ကောင်းကျိုးကိုလိုလားခြင်းဆိုတာက လူသားတစ်ဦးကို ရုပ်ပိုင်းအရသော်လည်းကောင်း၊ စိတ်ပိုင်း ဆိုင်ရာ အရသော်လည်းကောင်း ကျန်းမာရေးကောင်းစေလိုခြင်း၊ ရုပ်ပိုင်းအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း ခွန်အားတိုးတက်စေလိုခြင်း၊ အရေအတွက်တိုးပွားလာစေလိုခြင်း၊ နာကျင်မှုနှင့် ဝေဒနာနည်းပါး စေလိုခြင်း၊ သက်တမ်းစေ့အောင် နေရစေလိုခြင်းတွေဖြစ်တယ်။

 

၃။       လူသားတွေရဲ့ ကောင်းခြင်းဘက်ကို မယုံကြည်သူတို့ဟာ ကောက်ရိုးမီးများကဲ့သို့သာဖြစ်တယ်။ ခဏသာ တောက်လောင်နိုင်ပြီး ငြိမ်းသေသွားကြတာချည်းပါပဲ။ ဆိုးခြင်းဘက်ဖြစ်တဲ့အမှောင်ထုထဲကိုသာ ပြန်လည် သက်ဆင်းသွားရတာချည်းဖြစ်တယ်။ ဘယ်လိုအလုပ်မျိုးကိုလုပ်လုပ် အပေါ်ယံအပြီးစလွယ်သာ လုပ်လေ့ရှိတယ်။ ယာယီအတွက်သာ စဉ်းစားလုပ်လေ့ရှိတယ်။ ဖြတ်လမ်းကိုသာရှာဖွေလေ့ရှိတယ်။ ယာယီအဆင်ပြေဖို့အတွက် လိမ်ညာဖို့ ဝန်မလေးသူများဖြစ်လာတယ်။ မိမိအကျိုးအတွက် ကိုယ့်လူမျိုးတွေဘာပဲဖြစ်ဖြစ် လစ်လျှူရှုသူတွေဖြစ်တယ်။ ဘယ်အရာမှ လေးလေးနက်နက် မလုပ်တတ်တဲ့အတွက် အပေါစား လူသားများသာဖြစ်လာတယ်။ ဒီလိုလူမျိုးများလာတဲ့ လူ့အသိုင်းအဝိုင်းဟာ ညံ့ဖြင်းတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာတယ်။ ညံ့ဖြင်းတဲ့လူ့အသိုင်းအဝိုင်းတွေရှိတဲ့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့နေတဲ့ သင်းချိုင်းနဲ့သာတူပါတယ်။

 

၄။       လူသားတွေရဲ့ကောင်းခြင်းဘက်ကို လိုလားသူများဟာ မိမိလုပ်နေတဲ့အလုပ်၊ မိမိပြောနေတဲ့စကား၊ မိမိ ရေးနေတဲ့စာဟာ မှန်ကန်တယ်၊ လူသားတွေလက်ခံထားတဲ့ ဥပဒေနဲ့အညီဖြစ်တယ်၊ တရားမျှတတယ်ဆိုတာကို ပြင်းပြင်း ပြပြယုံကြည်သူများဖြစ်တယ်။ ဒီလိုလူများဟာ သူတို့လုပ်နေတဲ့အလုပ်တွေနဲ့ပတ်သက်လို များများ ပိုသိ သူများဖြစ်လာတယ်။ များများသိလာသူများဟာ ဇွဲကောင်းသူများဖြစ်လာတယ်။ ဇွဲကောင်းသူများဟာ ဥပဒေကို လိုက်နာသူများဖြစ်ပြီး ကတိတည်သူများဖြစ်လာတယ်။ ကတိတည်သူများဟာ တစိမ်းတရံစာများနဲ့တောင်မှ ညီရင်းအစ်ကိုဖွယ် ချစ်ခင်မှုများကိုရရှိကြတယ်။ ညီရင်းအစ်ကို ချစ်ခင်မှုများမှတဆင့် မေတ္တာတရား ကိုရရှိလာကြတယ်။ မေတ္တာတရားဆိုတာက လူသားတွေရဲ့ ကောင်းကျိုးကိုလားခြင်းပဲဖြစ်တယ်။ မေတ္တာတရားရှိသူများဟာ ကိုယ်လုပ်တဲ့ အလုပ်ကိုပိုယုံကြည်တယ်။ ပိုပြီးတော့ဇွဲကောင်းသူများဖြစ်လာတယ်။ ဒီလိုလူတွေများလာတဲ့ လူ့အသိုင်းအဝိုင်းဟာ ကောင်းမွန်တဲ့လူ့အသိုင်းအဝိုင်းတွေဖြစ်လာတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဖြစ်လာတယ်။

 

၅။       လူ့အဖွဲ့အစည်းတစ်ခုသော်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံသော်လည်းကောင်း ဖွံ့ဖြိုးတိုးတက်မှု ဆိတ်သုန်း သွားပြီဆိုရင် ဖြစ်နိုင်တဲ့အကြောင်းရင်း သုံးခုသာရှိတယ်။ ခေါင်းဆောင်များရဲ့ အရည်အသွေးညံ့ဖြင်းခြင်းကြောင့် သူတို့ဘာလုပ်နေတယ်ဆိုတာကို သူတို့မသိခြင်း၊ ဒီခေါင်းဆောင်တွေနဲ့ နိုင်ငံသားတွေ ကြီးပြင်း လာခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ပုံသွင်းသင်ကြားပေးမှုစနစ်မှားယွင်းနေခြင်း၊ လူသားတွေရဲ့ ကောင်းခြင်းဘက်ကို ပြင်းပြင်းပြပြ ယုံကြည်သူများနဲပါးသွားခြင်းတို့ကြောင့်ဖြစ်တယ်။

 

One comment

  • ကြောင်လတ်

    December 1, 2011 at 10:33 am

    ကောင်းခြင်းဘက်ကို( ပြင်းပြစွာယုံကြည်သူ) ထဲမှာပါဖို့ ကျနော်ကြိုးစားနေပါတယ်။

Leave a Reply