ကျနော်တို့ လာမယ့် ၂၁ ရက်နေ့ကစလို့ ၉ ရက်တိတိ ဓိဋ္ဌါန် လို့ ကုသိုလ်လုပ်ကြမယ်ဆိုတဲ့ အစီအစဉ်လေးကို သိပြီးဖြစ်ပါမယ်နော်။ တကယ်တော့ အဲလို ကုသိုလ်အလုပ်တွေကို လစဉ်လဆန်းတိုင်းမှာ စပြီး ဓိဋ္ဌါန် နဲ့ လုပ်ဖြစ်ခဲ့တာတော့ ကြာပါပြီ။ အင်း..ကြုံကြိုက်တဲ့လူတွေကိုတော့ ပြောဖြစ် ပေမယ့် တစ်ခါတလေကျတော့လည်း ထူးပြီး မခေါ်ဖြစ်ပါဘူး။
အင်း …ဒီတစ်လတော့ ဘာရယ်မဟုတ်ပဲ စိတ်ထဲမှာ ၀ိုင်းဝိုင်း ၀န်းဝန်း နဲ့ကို ကုသိုလ်တွေ ပြိုင်တူ အားရ ပါးရ အင်တိုက်အားတိုက် လုပ်ချင်တဲ့ ဆန္ဒ က ပေါ်နေပြန်တာကြောင့် ခုလို ဆိုဒ်မှာတင်ပြီး ဖိတ်ခေါ်ဖြစ်သွားတာပါပဲ။
ကျနော့စိတ်ကူးထဲမှာတော့ ကိုယ်နဲ့ ဆက်နွယ်နေတဲ့ ကိုယ့်ပတ်ဝန်း ကျင်က မိတ်ဆွေ အပေါင်းအသင်းများအားလုံးကို ခုလို ကုသိုလ် ဓိဋ္ဌါန်တွေ လုပ်လို့၊ တစ်ဦး တစ်ဦး တွေ့ကြတဲ့အခါမှာလဲ
“ငါတော့ ဒီနေ့ ဒါနကုသိုလ် ဘယ်နှမျိုးတောင် လုပ်ဖြစ်သွားပြီ။ နင်ရော…”
“ငါတော့ တရားတွေ ထိုင်လိုက်တာ ခါတိုင်းထက်ကို ဒီနေ့တော့ ပိုပြီး ငြိမ်လာတယ်။ ပိုပြီး နေလို့ ထိုင်လို့ ကောင်းလာလိုက်တာ…နင်ရော ထိုင်ရတာ အဆင်ပြေရဲ့လား” ။
“ငါတော့ ဒီနေ့ ပွားတဲ့ ဗုဒ္ဓေါဂုဏ်တော်မှာလေ မြတ်ဘုရား သုမေဓာ ရှင်ရသေ့ ဘ၀ တုန်းက ချွေးဒီးဒီးကျပြီး လမ်းဖောက်နေတဲ့ပုံကို မြင်လို့ အော် ငါတို့လို သတ္တ၀ါတွေကို ချေချွတ်နိုင်ဖို့ လမ်းမှန်ကို ညွှန်ပြနိုင်ဖို့အတွက် ဒီလိုတွေ အပင်ပန်းခံပြီး ပါရမီတွေ ဖြည့်ကျင့်ခဲ့ပါလားဆိုတာကို ပွားများရင်းကနေ စိတ်မှာ အထူးကို ကျေးဇူးတွေတင်လို့ ပိုပိုပြီးလည်း ကြည်ညိုလာလိုက် တာ…..နင်တို့ရော ပွားနေတုန်း ဘယ်လို ခံစားရလဲ ပြောကြပါဦး…”
စသဖြင့် ပေါ့နော်။
အဲလိုတွေ တစ်ယောက် တစ်ယောက် ရတဲ့အချိန်လေးမှာ အပြန် အလှန် ဆွေးနွေးတာမျိုးလေးတွေ လုပ်ချင်တယ်။ အဲလိုကျတော့ ခါတိုင်းပြော နေကျ စကားတွေနဲ့ မတူပဲ ကုသိုလ်ကြောင်းတွေပဲ ဆွေးနွေးတဲ့ ၀န်းကျင်လေး ဖြစ်လာမယ်နော်။ အဲဒီကစလို့ ကျနော်တို့ရဲ့ ပြောနေကျ channel လေး စပြောင်းလာပြီပေါ့။ အကောင်းကို ဦးတည် ပြောင်းနေပြီမို့ ကံတွေ ကောင်း ဖို့ ခေါင်းတွဲလေးရဲ့ direction ပြောင်းသွားတာကို ရထားတွဲကြီးလို မြင်မိနေပါပြီ။
အင်း ကိုယ့်ရဲ့ နေ့စဉ် ပုံမှန်လုပ်နေကျ လည်ပတ်နေကျ ကာယကံ၊ ၀စီကံ၊ မနောကံတွေကို ကုသိုလ် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု အဖြစ်သို့ အသွင်ကူးပြောင်းလိုက်တဲ့ သဘောပါပဲ။ အဲဒီအတွက် ပြောနေကျအတိုင်း ပြောကြပေမယ့်လို့ ကုသိုလ်ကြောင်းလေးတွေက ပြောစရာ အကွက်ထဲမှာ နေရာတွေယူလာမယ်။ လုပ်နေကျ အလုပ်တွေ လုပ်နေပေမယ့်လို့ ကုသိုလ် အလုပ်တွေက လုပ်နေကျနယ်ထဲကို တိုးလို့ နေရာရလာမယ်။ တွေးနေကျတွေ အပေါ်လည်း အဲလိုပါပဲ။ ခါတိုင်းတော့ ကိလေသာနယ်က ကျယ်တာကိုးနော်။ ခုတော့ ကုသိုလ်ဓိဋ္ဌါန်နဲ့ဆိုတော့ ကိလေသာနယ်ထဲ ကုသိုလ်နယ်က ၀င်ရောက် နေရာယူလာပြီလေ။
ဒီလိုနည်းနဲ့ တဖြည်းဖြည်း ကိုယ့်ရဲ့ တစ်နေ့တာ ကိလေသာနယ်ထဲ ကို ကုသိုလ်တရားတွေက နယ်ချဲ့လို့ နေရာတွေ ကျယ်လာလေ ကျနော်တို့ ဘ၀ ချမ်းသာလေလေပါပဲ။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အတူတူပဲပေါ့။ ကိုယ် လုပ်တဲ့ ကုသိုလ်အလုပ်တွေ သူတို့ကို ကိုယ်က မျှသလို သူတို့ကလည်း သူတို့ ရဲ့ ကုသိုလ်အလုပ်တွေကို ကိုယ့်ကို ပြန်မျှကြမယ်။
ဒါဆိုရင် ကျနော်တို့ရဲ့ atmosphere က တဖြည်းဖြည်းနဲ့ ကုသိုလ် ငွေ့တွေ လွှမ်းခြုံထားတဲ့ နယ်လေး၊ တနည်း ကုသိုလ်ငွေ့တွေ သက်ရောက် နေတဲ့နယ်လေး အဖြစ် ပြောင်းပြောင်း သွားနိုင်ပါပြီ။ အဲလို နယ်လေးတွေ များလို့ တနယ်နဲ့ တနယ် ဆက်သွားမယ် ဆိုရင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နယ်မြေ၊ ကိုယ့်မြို့၊ ကိုယ့်ရွာမှသည် ကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာထိ ကုသိုလ် စက်ဝန်းဖြန့်ကျက်လို့လာမှာပဲလို့ တွေးမိရင်း ကြည်နူးပီတိတွေတောင် ဖြစ်မိ နေပါပြီ။
အော်…ကျနော့်ရဲ့ စိတ်ကူးနယ်လေး ချဲ့လာလိုက်တာ…. စာတောင် တော်တော် ရှည်သွားပေါ့လား…။ အားနာလိုက်တာ။ တော်ကြစို့နော်။ အော်.. ဒါနဲ့ အားလုံးကိုလည်း “ကိလေသာ ကွန်ရက်မှသည် ကုသိုလ် ကွန်ရက် သို့ ကြိုးစား ကူးပြောင်းကြပါစို့”လို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်နော်။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”