အမှတ်တရ ပစ္စည်းလေးတွေ။

တောင်စောင်း တလျှောက်က အိမ်တွေကို ဓါတ်ပုံရိုက်ထားတာ။
သစ်သီးဖျော်ရည်ဆိုင်။ ကျွန်မတို့ဆီလို ရေရောပြီး သောက်ကောင်းအောင် ဖျော်တာ မဟုတ်ပဲ အသီးရဲ့ သဘာဝအရသာ အတိုင်း ညစ်ပြီး ထည့်ပေးတာမို့ သောက်တောင်မသောက်နိုင်ဘူး။
သင်္ဘော မစီးရဲလို့ တယောက်တည်း ကျန်နေတုန်း လျှောက်ရိုက်ထားတာ။
AKKO မြို့က အဆောက်အဦးပါပဲ။
AKKO မြို့က ရှေးဟောင်း အဆောက်အဦးတခု။ အထဲဝင်ခွင့်မရတော့ပါဘူး။ ပြိုတဲ့နေရာက ပြိုနေလို့ ပြုပြင်မှုတွေ လုပ်နေတာ တွေ့ခဲ့ပါတယ်။
လှေကားထစ် အောက်ခြေက ရေပန်းလေး။
လှေကားထစ် ဥယာဉ်။
ဟိုက်ဖာမြို့ ဆိပ်ကမ်းအလှ။
ကျောင်းဘက်ကနေ လှေကားထစ်ဖက်အခြမ်းကို ရိုက်ထားတာ။
ကျောင်းကို လှေကားထစ်တွေ ဘက်ကနေ ရိုက်ထားတာ။
ကျောင်းတော်ပါ။

ဟိုက်ဖာမြို့ဟာ အစ္စရေးနိုင်ငံ မြောက်ပိုင်းမှာတည်ရှိပါတယ်။  ဟိုက်ဖာမြို့ဟာ ဘာလို့ ထင်ရှားသလဲဆို  ဘုရားတစ်ဆူတည်း  ၀ါဒကို  ယုံကြည်တဲ့ ဘဟာအီဘာသာဝင်တွေရဲ့  the Baha’ullah (1817-1892)  ရဲ့  ရုပ်ကလာပ်ကို မြုပ်နှံထားရာ  The shrine 0f the Bab ၇ှိလို့ပါ။  The Bab ကွယ်လွန်ပြီး နှစ်ပေါင်း ၆၀ ကြာ ၁၉၀၉ ခုနှစ်မှ  သူ့ရုပ်ကြွင်းကို  carmal တောင်ပေါ်ရှိ Abdul Baba ကိုယ်တိုင် ဆောက်လုပ်ထားတဲ့ ကျောင်းတော်မှာ ထည့်သွင်း မြုပ်နှံခဲ့ပါတယ်။  တောင်ကုန်းပေါ်ရှိ ရွှေရောင်လိပ်ခုံးအမိုးပါ ကျောင်းတော်ကို ဗဟိုပြုပြီး စက်ဝိုင်းပုံ လှေကားထစ်ဥယာဉ်ကို ဆောက်ထားတာများ  အံ့သြဖွယ်  ရှုမငြီးစရာပါ။  ဥယာဉ်ဟာ   တောင်ထိပ်ကနေ ဟိုက်ဖာမြို့လယ်ထိ   တစ်ကီလိုမီတာရှည်ပါတယ်။  ဥယာဉ်တည်ဆောက်ဖို့အတွက် ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ ဘဟာအီဘာသာဝင် ငါးသန်းကျော်က အလှုငွေထည့်ဝင်ကြတာပါ။

ကျွန်မတို့ ဟိုက်ဖာမြို့ကို ရောက်သွားတော့ ပထမဆုံး အပေါ်ဆုံးကို  ကားနဲ့ တက်သွားကြပါတယ်။ အပေါ်ကနေ လှေကားထစ်တွေ အတိုင်း အောက်ကို ပြန်ဆင်းမယ် စိတ်ကူးနဲ့ပါ။ ဒါပေမဲ့ ပန်းခြံပြုပြင်နေလို့ ပိတ်ထားတာမို့ ဆင်းခွင့်မရခဲ့ပါဘူး။  တောင်ကုန်း တလျှောက်မှာလည်း အိမ်တွေက လှမှလှပါ။  ဒီနိုင်ငံမှာ ထူးခြားတာတခုက နိုင်ငံပဲသေးလို့လားတော့မသိ  မြေပြန့်ပြန် ရှိတဲ့ နေရာတွေ အားလုံးဟာ စိုက်ခင်းတွေ ကြည့်ပါပဲ။ အိမ်တွေ မြို့တည်ထားတာတွေက အားလုံးနီးပါး တောင်ကုန်း တောင်စောင်း တလျှောက်တည်ထားတာကြည့်ပဲ။  အိမ်တိုင်းရဲ့ ရှေ့ကို ကားလမ်းလည်း ပေါက်ပါတယ်။ သိုပေမဲ့ တချို့နေရာတွေဟာ အတော်ကို မတ်စောက်ပါတယ်။ ကားကောင်း ဘရိတ်ကောင်းလို့သာ နို့မို့ဆို မတွေးရဲစရာပါပဲ။

ကျွန်မတို့လည်း ပထမဆုံး ကျောင်းထဲ ၀င်ကြည့်ကြပါတယ်။ ဖိနပ်မစီးရ၊ ဦးထုတ်မဆောင်းရ၊ ဆေးလိပ်မသောက်ရ၊ ပီကေမစားရ၊ ဓါတ်ပုံ မရိုက်၇ပါဘူး။ ခိုးရိုက်လို့တောင်မ၇အောင် အစောင့်တွေက  သေချာကို စောင့်နေတာ။  ၀င်ဝင်ခြင်း သံတံခါးမကြီးမှာ မူစလင်ဘာသာတွေရဲ့ အထိမ်းအမှတ် ကြယ်နဲ့ လပုံ ထွင်းထားတာတွေ့ပါတယ်။ အထဲဝင်လိုက်တော့  မှန်ကာထားတဲ့ အထဲမှာ ပန်းအိုးကြီး နှစ်လုံး ပဲတွေ့ရပါတယ်။ တချို့ကတော့ ထိုင်လျှက် ၀တ်ပြုနေတာတွေ့ရဲ့။ ကျွန်မတို့လည်း  တခြားဘာမှ ကြည့်စရာ မရှိတာနဲ့ ပြန်ထွက်။ အပြင်ဘက်ကနေပဲ ကျောင်းတော်ကြီးကို ဓါတ်ပုံရိုက်။ လှေကားဥယျာဉ်ကို ရိုက်ပေါ့။ ပြီးတာနဲ့ လှေကားထစ်က ဆင်းမရလို့  ကားပေါ်ပြန်တက် တောင်ထိပ် ရှု့ခင်းသာကို သွားပြီး  ဟိုက်ဖာမြို့ရဲ့ ဆိပ်ကမ်းမြို့ကို အပေါ်စီးကနေ ဓါတ်ပုံတွေ ရိုက်ပြန်တာပေါ့။ ပြီးတော့မှ  တောင်ခြေကို ဆင်းလာပြီး တောင်ခြေကနေ တခါ လှေကားဥယျာဉ်အလှကို မှတ်တမ်းတင်၇ ပြန်ပါတယ်။  ပြီးတော့ ခဏနားပြီး ခရူးဆိတ်စစ်ပွဲတုန်းက ခံတပ်မြို့  AKKO မြို့ကို ဆက်လက် ချီတက်ကြပါတော့တယ်။

မြို့ထဲစ၀င်တော့ တကယ် ကျောက်တုံးတွေနဲ့ တည်ထားတဲ့ ရှေးဟောင်းမြို့ရဲ့ အလှအပကို တမေ့တမော ခံစားရင် လျှောက်ကြည့်ကြပါတယ်။  တချို့နေရာတွေကတော့  ၀င်ခွင့်မရပါဘူး။ ပြိုကျနေတာတွေကို ပြုပြင်နေတာတွေလည်း တွေ့ခဲ့ပါတယ်။ နောက် သူက ဆိပ်ကမ်းမြို့မို့  အပျော် သင်္ဘောစီးလို့ရပါတယ်။  ကျွန်မကတော့ သွေးမရဲလို့ မစီးရဲတာနဲ့ ကမ်းစပ်မှာပဲ ကျန်နေခဲ့ရလို့  ပင်လယ်ဘက်ကနေ  ဆိပ်ကမ်းအလှကို ဓါတ်ပုံမရိုက်ခဲ့ရဘူး။  အိမ်ဦးနတ်ကြီးက  ကင်မရာကို သဘောင်္ပေါ်မယူသွားပဲ ကျွန်မဆီမှာ ထားခဲ့တာ မှားတာပဲ ပြောမှ ကျွန်မမှာ  ဓါတ်ပုံတွေ မရိုက်လိုက်ရလို့ အပြန်လမ်း တလျှောက် စိတ်ကို မကောင်းဘူး။  နောက် စစ်ပွဲတုန်းက အသုံးပြုခဲ့တဲ့ ဥမင်တွေကိုလည်း ပြုပြင်ထားတာကို ၀င်ကြည့်ခဲ့ပါသေးတယ်။

ကျောင်းတော်ပါ။ကျောင်းတော်ကို ရှေ့တည့်တည့်က ရိုက်ထားတာ။

တယောက် ရှကယ် ၁၀ပဲပေးရပါတယ်။ ဓါတ်ပုံတွေ ရိုက်ခဲ့ပေမဲ့ ကင်မရာက အပျော်တမ်း ကင်မရာလေးမို့ အကုန် မဲမှောင်ပြီး မမြင်ရပါဘူး။ ဒါလည်း စိတ်မကောင်းဘူး။  ရွာထဲက ကင်မရာမန်းတွေဆိုရင်တော့  တကယ့်ရှယ် ဖြစ်မှာ။  ရှေးဟောင်း သမိုင်းဝင်  တံတိုင်းကာ ဆိပ်ကမ်းမြို့ကြီးကို လေ့လာခွင့်ရတာ နဲတဲ့ အခွင့်အရေး မဟုတ်တာမို့ ကိုယ့်ဘာသာ ဂုဏ်တောင် ယူမိသေးတယ်။ ခရူးဆိတ်စစ်ပွဲများ  ၁၁၀၄မှ ၁၂၉၁ ခုနှစ်ကာလက ပေါ်ထွန်းခဲ့တဲ့  သည်မြို့ဟာ ဒီနေ့ခတ်ထိ   မပျက်မစီး တည်ရှိနေတာပါ။  တကဲ့သမိုင်းဝင်နေ၇ာတွေမို့  လေ့လာလို့ကို မကုန်နိုင်အောင်ပါပဲ။ တကယ့်ကို အစဉ်အလာကြီးခဲ့တဲ့ နေရာမို့ ရွာသူားတွေ လေ့လာနိုင်အောင် မှတ်တမ်းတင်လိုက်ပါတယ်။

*** အရင်တခါ ရေးတာ အားလုံးပြီးမှ ပျောက်သွားလို့ နှမျှောလိုက်တာ။ အခု ဒုတိယ တခေါက် ပြန်ရေးတာ ပထမ ရေးတာလောက် အားမပါလို့ထင်ရဲ့ ကိုယ့်ဘာသာတောင် မကြိုက်ချင်ဘူး။ သည်းခံပြီးသာ ဖတ်ပေးကြပါရန် ကြိုတင်တောင်းပန်အပ်ပါတယ်။ *********

About hmee

has written 87 post in this Website..

စာဖတ်တာ ၀ါသနာပါတယ်။ စာလည်းရေးချင်ပါတယ်။ စာစရေးဖို့ ကြိုးစား တာပါ။